Healthy Life Ad
Health Tips

အလုပ်စွဲသူတို့ ဘဝမှာ နေပျော်စေဖို့ရာ . .

၊ ငွေကြယ်စင်ယံ ၊

လမ်းတွေကကျပ်၊ သွားရေးလာရေးက ခက်လှတဲ့ ဒီနေ့ခေတ်ကြီးမှာ အလုပ်လုပ်ရတာ ကိုယ်ရော စိတ်ပါ ပင်ပန်း နွမ်းနယ်စရာပါ။ ဒါပေမဲ့ ကိုယ်လုပ်တဲ့ အလုပ်မှာ ကျေနပ် ပျော်ရွှင်နေသူတွေအတွက် အလုပ်နဲ့ပဲ အချိန်ကုန်ပြီး ကိုယ်ပိုင်ဘဝ၊ မိသားစုဘဝနဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူရှိရတဲ့ ဘဝကို အချိန်မပေးလိုက်ရတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် အလုပ်စွဲနေသူတွေ နေပျော်တဲ့ ဘဝ ပိုင်ဆိုင်စေဖို့ သတိပြုသင့်တဲ့ နည်းလမ်းကောင်းတွေ ရှိပါတယ်။

(၁) နံနက်ခင်းတွင် ကော်ဖီ သို့မဟုတ် လက်ဖက်ရည် သောက်ပါ

အဆင်သင့် ကော်ဖီမစ်မသောက်ပါနဲ့။ ကော်ဖီ မှုန့်ကိုနှပ်ပြီး သေချာဖျော်သောက်ပါ။ အဲဒီလို ဖျော် နိုင်ဖို့ မနက်ကို အချိန် ၁၅ မိနစ်လောက်စောပြီး ထ ရပါမယ်။ အစပိုင်းမှာ စိတ်ညစ်စရာ ကောင်းပေမယ့် တစ်နေ့လုံးတန်ဖိုးရှိနေမှာပါ။ ကော်ဖီမှုန့်ကို နှပ်ပြီး ထွက်လာတဲ့ ရနံ့သင်းသင်းလေးက သင့်ကိုလန်း ဆန်းစေပြီး အောင်မြင်ပြီးမြောက်တဲ့ စွမ်းအင်တစ်မျိုး ကို ပေးစွမ်းနိုင်လို့ပဲ ဖြစ်ပါတယ်။

(၂) မိတ်ဆွေ သူငယ်ချင်းတစ်ဦးနှင့် အတူ နေ့လယ်စာစားပါ

နေ့ခင်းမှာ ကွန်ပျူတာရှေ့ကခွာပြီး အနည်းဆုံး မိနစ် ၃၀ လောက် သင်ခင်မင်တဲ့ မိတ်ဆွေ သူငယ်ချင်း တစ်ဦးဦးနဲ့ ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာ စားပါ။ ခင်မင်တဲ့သူနဲ့ ဆိုင်ထိုင်ရင်း စကားစမြည် ပြောဆိုပေးလိုက်တာကြောင့် စိတ်ကြည်နူး ပျော်ရွှင်မှု ရရှိစေတဲ့အပြင် ဖန်တီး တီထွင်နိုင်စွမ်း ပိုရှိကာ လုပ်ငန်းခွင် ပြန်ဝင်ချိန်မှာ အလုပ်တွင်နေမှာပါ။

(၃) မိသားစုနှင့်အတူ စားသောက်ဆိုင် အသစ်တွင် သွားစားပါ

စားသောက်ဆိုင် အသစ်ဖွင့်ပြီဆိုတာနဲ့ အားလပ်ချိန်မှာ မိသားစုနဲ့အတူ သွားရောက် စားသောက်ပါ။ ဒါက သင့်အတွက်သာမက သင့်မိသားစုအတွက်ပါ ထူးခြားတဲ့ အမှတ်တရကောင်းတွေကို ဖန်တီးနေတာ ဖြစ်လို့ ဘဝမှာ ပိုပျော်ရွှင်လာမှာပါ။

(၄) ပြန်ပြောင်း အောက်မေ့ပါ

ကလေးတွေနဲ့ အတူ၊ အိမ်သူသက်ထားနဲ့ အတူ ပြုံးပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်ကို ပြန်တွေးလိုက်ပါ၊ အလုပ်ကြောင့် စိတ်ပင်ပန်းနေတာတွေ လျော့ပါးသွားပြီး ဘဝမှာ ပိုအဆင်ပြေ လာပါလိမ့်မယ်။

(၅) တစ်ကိုယ်တည်း လမ်းလျှောက်ပါ

ညနေခင်း ထမင်းစားပြီးချိန်မှာ သစ်ပင်ပန်းမန်တွေကြား လမ်းလျှောက်ပေးတာကြောင့် တစ်နေ့လုံး ဖိစီးပင်ပန်းမှုတွေကို လျော့ပါးစေပြီး စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ပျော်ရွှင်လာစေပါတယ်။ ဒါက ကိုယ်လက် လှုပ်ရှားလိုက်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ စိတ်ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဓာတ် ထွက်လာလို့ပါ။

(၆) စာအုပ်ကောင်း တစ်အုပ် ဖတ်ပါ

အလုပ်နဲ့ မဆိုင်တဲ့ ရယ်မောပျော်ရွှင်ဖွယ်ရာ စာအုပ်ကောင်း တစ်အုပ်ကို ဖတ်လိုက်ပါ။ အဲဒီ ရယ်စရာဟာသက ခက်ခက်ခဲခဲ တွေးတောရတာမျိုး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာကောင်းတဲ့ စာဖြစ်ပါစေ၊ ဒါဆို သင့်စိတ်တွေ ကြည်နူးနေမှာပါ။

(၇) စိတ်ထဲ ရှုပ်နေသော အတွေးများကို တစ်နေ့တစ်ခု လွှင့်ပစ်ပါ

ဘဝက ခက်ခဲလွန်းတယ်၊ ကြမ်းတမ်းလွန်းတယ် ဆိုတဲ့အတွေး၊ မမျှတဘူး ထင်တဲ့အတွေး၊ စိတ်ပျက်စရာ ကောင်းတယ်ဆိုတဲ့ အတွေး . . စတဲ့ အဆိုးမြင်အတွေးတွေကို တစ်နေ့တစ်ခု လွှင့်ပစ်လိုက်ပါ။ သင့်ဆီကို ဘယ်တော့မှ ပြန်မလာနိုင်အောင် လွှင့်ပစ်နိုင်လေလေ၊ သင် ပေါ့ပါးလွတ်လပ်လာလေလေ ဖြစ်နေမှာပါ။

(၈) တစ်ခုခုကို ဖန်တီးကြည့်ပါ

စက္ကူနဲ့ အရုပ် ခေါက်တာပဲဖြစ်ဖြစ်၊ ပုံတစ်ပုံ ရေးခြစ်လိုက်တာပဲဖြစ်ဖြစ် အားလပ်ချိန်မှာ တစ်ခုခု ဖန်တီးကြည့်လိုက်ပါ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားစိတ် ပိုမြင့်တက်လာမှာပါ။

(၉) ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါ

ဘဝမှာ ကိုယ့်ကို အနည်းငယ်ပဲဖြစ်ဖြစ် ကျေးဇူးပြုဖူးရင်တောင် ကျေးဇူးတင်ပါ၊ အသိအမှတ်ပြုပါ။ ဒါက စိတ်ပျော်ရွှင်စေတဲ့ နည်းလမ်းကောင်းတစ်ရပ် ဖြစ်နေလို့ပါ။

(၁၀) တရားထိုင်ပါ

တစ်နေ့မှာ ၁၀ မိနစ်လောက်ပဲဖြစ်ဖြစ် တရား ထိုင်လိုက်ပါ၊ ဝင်လေ-ထွက်လေကိုပဲ အာရုံစိုက်ပြီး မှတ်ရင်း စိတ်ရဲ့ ငြိမ်းအေးရာ အစစ်အမှန်ကို သင် ခံစားလာရမှာပါ။

(Ref;RD)

Most Popular

Healthy Life Ad
To Top