Healthy Life Ad
Child

ခြေသည်း၊ လက်သည်း ပိုးဝင်ခြင်း

ဒေါက်တာ မြတ်စန္ဒာကျော် အရေပြား အထူးကုဆရာဝန်ကြီး၊ ပါမောက္ခ၊ အရေပြားဌာန၊ မြောက်ဥက္ကလာပဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ခန္ဓာကိုယ်မှာ လက်သည်းတွေက ဘယ်လိုအရေးပါ အရာရောက်ပါသလဲ ဆရာမ။
ဖြေ. လက်သည်းတွေရဲ့ လုပ်ငန်းက ကိုင်တွယ်ဖို့နဲ့ ကာကွယ်ဖို့အတွက် အရေးကြီးလှပါတယ်။ လက်သည်းတွေဟာ ကျန်းမာပြီး သဘာဝအတိုင်း လှပဖို့လည်း လိုအပ်ပါတယ်။ လက်သည်းခြေကနေ လက်သည်းခွံ ဖြစ်လာတာပါ၊ လက်သည်း မာနေတာကတော့ အရေပြားနဲ့ ဆံပင်တို့လို Keratin ပါနေလို့ပါ။ လက်သည်းက ပတ်ဝန်းကျင်မှ ပိုးမွှားတွေနဲ့ ဓာတုပစ္စည်းတွေရဲ့ ဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။

လက်သည်းတစ်ခုလုံး ရှည်ဖို့ ၄ လကနေ ၆ လ အထိ ကြာနိုင်ပါတယ်။ ခြေသည်းကတော့ ၈ လကနေ တစ်နှစ်လောက် ကြာတတ်ပါတယ်။ လက်သည်း ရှည်နှုန်းက အသက်အရွယ် ကြီးလာရင်၊ အာဟာရ ချို့တဲ့ရင်၊ ကျန်းမာရေး မကောင်းရင် နှေးနေတတ်ပါတယ်။ လက်သည်း၊ ခြေသည်း ရှည်နှုန်း မြန်လာတတ်တာကတော့ ကိုယ်ဝန်ဆောင် ကာလနဲ့ နွေရာသီမှာ ဖြစ်ပါတယ်၊ အသက်ငယ်ရွယ်သူတွေက ကြီးသူတွေထက် လက်သည်း၊ ခြေသည်း ပိုပြီး အရှည်မြန် တတ်ပါတယ်။ လက်သည်းဟာ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ ဥပမာ- တင်းပုတ် လက်သည်းလို ထိပ်တုတ်နေရင် အဆုတ်ရောဂါ စစ်ဆေးရမယ်၊ သောက်ထားတဲ့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုး ဒဏ်ခံရရတာနဲ့ ထိခိုက်ဒဏ်ရာ ရတာတွေကြောင့် လက်သည်း ပုံပျက်နေတတ်တယ်။

မေး. လက်သည်းမှာ ဘက်တီးရီးယား ပိုးဝင်တာနဲ့ ပတ်သက်ပြီး ကာကွယ်ကုသရမယ့် နည်းတွေ သိပါရစေ ဆရာမ။
ဖြေ. လက်သည်း ထိခိုက်တာနဲ ့ကိုယ်ခံစွမ်းအားကျတဲ့ ရောဂါတွေ (ဥပမာ- ဆီးချိုရောဂါ)ကြောင့် လက်သည်းမှာ ပိုးဝင်တတ်ပါတယ်။ ပိုးဝင်ပြီဆိုရင် လက်သည်းဘေး အရေပြားတွေ နီရဲ ရောင်ရမ်းနေပါတယ်၊ ပြည်တည်နာ ဖြစ်နေတတ်ပါတယ်၊ နာပါတယ်၊ ကြာလာရင် လက်သည်းခွံ ပုံပျက်ပြီး လက်သည်း အရောင်လည်း ပြောင်းသွားတတ်ပါတယ်။ကုသရမယ့် နည်းကတော့ ပြည်မရှိသေးရင် ရေနွေးဖတ်လေး တင်ပေးလို့ရပါတယ်၊ သင့်တော်ရာ ဘက်တီးရီးယားပိုးသေဆေး စားဆေး၊ လိမ်းဆေးတွေ သုံးရပါမယ်။ သိပ်ဆိုးနေရင်တော့ အနာ ခွဲထုတ်ရပါမယ်။ပိုးမဝင်အောင် ကာကွယ်ဖို့အတွက် ရေကိုင်၊ ဆပ်ပြာကိုင် လျှော့ရပါမယ်၊ လိုအပ်ရင် လက်အိတ် အသုံးပြုရပါမယ်။

မေး. လက်သည်းနား ရေယုန်ပေါက်တဲ့ အကြောင်းကိုလည်း သိပါရစေ ဆရာမ။
ဖြေ. Herpes ရေယုန် ဗိုင်းရပ်စ်ပိုးရှိသူနဲ ့တိုက်ရိုက်ထိတွေ့ ကူးစက်လို့ ရေယုန် ပေါက်ရတာပါ။ ကိုယ်ခံစွမ်းအား ကျတဲ့သူဆို ပိုဆိုးတတ်ပါတယ်၊ လက်သည်းထိပ်မှာ အရည်ကြည်အိတ်လေး စုပုံနေရင် ရေယုန်လို့ မှတ်ရပါမယ်။ ဗိုင်းရပ်စ် တိုက်ဖျက်ဆေးနဲ့ ကုသရပါမယ်၊ မကူးအောင် ကာကွယ်ဖို့ကတော့ ရောဂါရှိသူကို ကိုင်တွယ်ရာမှာ လက်အိတ်သုံးဖို့ မမေ့သင့်ပါဘူး။

(မှတ်ရန် – ရေယုန် မပေါ်ခင်က စပ်၊ နာ၊ စူး၊ ထိတွေ့ ကိုင်တွယ်၊ ရှရင် ကူး၊ ပျောက်ရင်တောင် နာလွန်လွန်း၊ စောစောကုဖို့ ပိုတိုက်တွန်းလို ့မှတ်ထားသင့်ပါတယ်)

မေး. လက်သည်းနား ကြွက်နို့ပေါက်တဲ့ အကြောင်းရင်းကိုလည်း သိပါရစေ ဆရာမ။
ဖြေ. လက်သည်းနား အရေပြား ကြွက်နို့ပေါက်ရတဲ့ အကြောင်းရင်းကတော့ Human papilloma virus ကြောင့် ဖြစ်တတ်ပါတယ်။ ရောဂါရှိတဲ့ အရေပြားနဲ့ ထိတွေ့မှုကြောင့် ကူးစက်တတ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်၊ကြွက်နို့ဆိုတာ အသားရောင်အဖု မာမာလေးတွေ ဖြစ်ပြီး အရေပြားမှာ ရှိနေကျ အတွန့်လေးတွေ ပျောက်သွားတတ်ပါတယ်၊ နာနေတတ်ပါတယ်၊ အရေပြားမှာ သွေးကြောလေးတွေကို အမည်းစက်လေးတွေ အနေနဲ ့တွေ့ရတတ်ပါတယ်။

လိမ်းဆေးနဲ့ Cryotherapy ၊ Electrosurgery ၊ Laser treatments ၊ တွေနဲ့ ကုသရမှာ ဖြစ်သလို ကုသမှု နောက်ကျရင် လက်သည်း စထွက်တဲ့နေရာ(Nail matrix) ကို ထိခိုက် ပျက်စီးသွားစေနိုင်ပြီး လက်သည်း ပုံပျက်သွားနိုင်ပါတယ်။ကာကွယ်ဖို့အတွက် ငွေ၊ ကွန်ပျူတာ စတဲ့ အများသုံးပစ္စည်းတွေ ကိုင်ပြီးရင် လက်ကို သေသေချာချာ ဆေးကြောရပါမယ်။ မိမိလက်မှာ ထိခိုက်ဒဏ်ရာရှိရင် အများသုံး ပစ္စည်းတွေကို သတိထား ကိုင်တွယ်ရပါမယ်။ မိမိအရေပြား တစ်နေရာမှာ ကြွက်နို့ရှိရင် လက်သည်းနဲ့ ဖဲ့တာ၊ ကုတ်ခြစ်တာ မလုပ်ဘဲ စောစော ကုသရပါမယ်။

မေး. လက်သည်းက တစ်ဆင့် အသည်းရောင် အသားဝါ ဘီပိုးကူးစက်တဲ့ အကြောင်းကို သိပါရစေ ဆရာမ။
ဖြေ.ရောဂါရှိသူတွေရဲ ့သွေးထိ ထားတဲ့ လက်သည်းညှပ်နဲ ့လက်သည်း အလှပြင်ပစ္စည်းတွေ ထိတွေ့မိရင် အသည်းရောင် အသားဝါ ဘီဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ပါတယ်။ ဘီပိုးဟာ AIDS၊ အသည်းရောင် အသားဝါပိုး စီတွေထက် ပိုကူးစက် လွယ်ပါတယ်။ကာကွယ်ဖို့အတွက် အသည်းရောင် အသားဝါ ဘီပိုးကာကွယ်ဆေးကို ထိုးထားဖို့ လိုအပ်လှပါတယ်။ လက်သည်း အလှပြုပြင်ဖို့ ဆိုင်သွားတဲ့အခါ၊ ကိုယ်ပိုင်လက်သည်း ပြုပြင်ပစ္စည်းတွေကို ယူဆောင်သွားဖို့ တိုက်တွန်း ချင်ပါတယ်။ ကိုယ့်လက်မှာ အရေပြား ပြဲရှ၊ အနာတစ်ခုခု ရှိနေရင် လက်သည်း အလှပြုပြင်တဲ့ ဆိုင်ကို မသွားသင့်ပါဘူး။

မေး. လက်သည်းမှာ မှိုပိုးဝင်တဲ့ အကြောင်းကို သိပါရစေ ဆရာမ။
ဖြေ. မှိုပိုး (Fungus) ကူးစက်မှုကြောင့် ဖြစ်ပါတယ်၊ မှိုပိုးတွေက အရေပြား အပေါ်ယံလွှာမှာ နေတတ်ကြပါတယ်၊ အရေပြားမှာ ပွေး၊ ဦးခေါင်းမှာ ဒက်၊ လက်ချောင်းကြားမှာ သဲဝဲ၊ ရေဝဲနဲ ့လက်သည်း၊ ခြေသည်း မှိုတွေ တွဲဖြစ်တတ်ပါတယ်။ လက်သည်း၊ ခြေသည်းမှာ စွဲတဲ့ မှိုပိုးကို ကုသရတာက အရေပြား မှိုပိုးဝင်တာကို ကုသရတာထက် အချိန်ပိုကြာပြီး ငွေကုန် ပိုများပါတယ်။မှိုစွဲရင် လက်သည်းတွေ ဖြူလာပါတယ်၊ ထူလာပါတယ်၊ လက်သည်း ပုံပျက်လာပါတယ်။ မှိုလိမ်းဆေး၊ စားဆေးတွေနဲ့ ကုရပါမယ်။မှိုမစွဲအောင် ခြေလက်တွေကို ရေကိုင်၊ ဆပ်ပြာကိုင်တာ လျှော့ရပါမယ်၊ ခြောက်သွေ့အောင် ထားရပါမယ်၊ ပွေး၊ ဒက်၊ သဲဝဲ၊ ရေဝဲ ဖြစ်နေရင် စောစော ကုသသင့်ပါတယ်။

မေး. လက်သည်း၊ ခြေသည်းတွေမှာ ဘာရောဂါပိုးမှ မကျရောက်အောင် ဘယ်လို ထိန်းသိမ်း သင့်ပါသလဲ ဆရာမ။
ဖြေ. လက်သည်း ထိန်းသိမ်းနည်းတွေကတော့-

– လက်သည်း သန့်ရှင်းရေး ဂရုစိုက်ရပါမယ်၊ ထိခိုက်ဒဏ်ရာ မရအောင် သတိထားရပါမယ်။
– လက်သည်းကို သန့်ရှင်း၊ ခြောက်သွေ့အောင် ထားရပါမယ်။
– လကသည်းကို ဝိုင်းပြီး အထဲနှိုက်ညှပ်ရင် လက်စွယ်ငုပ်ကာ ပိုးဝင် လွယ်ပါလိမ့်မယ်။
– လက်သည်း ပြုပြင်ရာမှာ သုံးတဲ့ ပစ္စည်းတွေကို သန့်ရှင်းအောင် ထားရပါမယ်။
– လက်သည်း၊ ခြေသည်းနဲ့ လက်ချောင်းလေးတွေရဲ့ အရေပြားတွေကို ရေဓာတ်ဖြည့်၊ အဆီဓာတ်ဖြည့် ပစ္စည်းတွေ လိမ်းပေးရပါမယ်။
– လက်သည်း ကိုက်တာနဲ့ လက်သည်း အစွန်းတွေ ဆွဲထုတ်တာမျိုးတွေ မလုပ်သင့်ပါဘူး။
– လက်သည်းမှာ နာတာ၊ ရောင်တာ၊ နီတာ၊ ယားတာ ပုံမမှန်တာ တစ်ခုခုဖြစ်နေရင်တော့ သေချာပေါက် ဆေးကုသင့်နေပြီလို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top