Healthy Life Ad
Child

မြန်မာလူမျိုးများတွင် များသောအားဖြင့် ဗီတာမင်ဘီနှင့် သွပ်ဓာတ် ချို့တဲ့မှုမြင့်မား

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

မြန်မာလူမျိုးများတွင် ဗီတာမင်ဘီနှင့် ဇင့် (သွပ်) ဓာတ် ချို့တဲ့မှု မြင့်မားကြောင်း အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။

မြန်မာလူမျိုးတွေမှာ အထူးသဖြင့် ဗီတာမင်ဘီ ချို့တဲ့နေတတ်ကြပါတယ်။ တကယ်ဆိုရင် မြန်မာနိုင်ငံမှာ ဗီတာမင်ကြွယ်ဝတဲ့ အစားအသောက်တွေ ပေါပါတယ်။ ဥပမာ စိမ်းသောအရွက်၊ ဝါသောအသီးတွေ ပေါတော့ ဗီတာမင် အစုံအလင် ရနိုင်တယ်။ ဒါပေမဲ့ မြန်မာလူမျိုးတွေမှာ ဗီတာမင်ချို့တဲ့တာတွေ အများကြီး တွေ့နေရပါတယ်။ လူလတ်ပိုင်း အရွယ်တွေဆိုရင် ဗီတာမင်ဘီ ချို့တဲ့တာတွေ တွေ့နေရတယ်။ နယ်တွေရောက်ရင် လူအများစုက ထုံတယ်၊ ကျဉ်တယ်လို့ ပြောတတ်ကြတယ်။ ဒါက ဗီတာမင်ဘီ ချို့တဲ့လို့ပါ။ ဖြစ်ရတဲ့ အကြောင်းရင်းက ထမင်းချက်ရင် ဆန်ကို ရေနဲ့အထပ်ထပ် ဆေးလွန်းတော့ ဗီတာမင်ဘီတွေ ပါသွားလို့ပါ” ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။

မြန်မာလူမျိုးများသည် အခွံမာသော အစေ့အဆန်များ စားသည့်အကျင့် နည်းကြ၍ ဖြစ်ကြောင်း၊ သစ်ကြားသီး၊ ဟေဇယ်သစ်သီး စသည့် အခွံမာသော အစေ့အဆန်များက ကျန်းမာရေးနှင့် ညီညွတ်သော်လည်း မြန်မာလူမျိုးအများစု စားနှုန်း နည်းကြကြောင်း၊ သို့ဖြစ်၍ ဗီတာမင်ဘီ ချို့တဲ့နှုန်း များရခြင်းဖြစ်ကြောင်း သိရသည်။

“နောက်တစ်ခု တွေ့ရတာက ဇင့်(သွပ်)ဓာတ် ချို့တဲ့တာပါ။ အရှေ့တောင် အာရှနိုင်ငံတွေမှာ ဇင့်ချို့တဲ့တာ များပါတယ်။ အဲဒီတော့ ကောင်းတဲ့ ကိုလက်စထရော(HDL)က နည်းနေတာမျိုး၊ မကောင်းတဲ့ ကိုလက်စထရော (LDL)က များနေတာမျိုး ဖြစ်တတ်ပါတယ်။ ကလေးငယ်တွေမှာ ဝမ်းလျှောရင် သွပ်ဓာတ်က ပါသွားပါတယ်။ အဲဒီတော့ သွပ်ဓာတ်ချို့တဲ့တာကြောင့် ခဏခဏ ဝမ်းပျက်ဝမ်းလျှောတာမျိုး၊ အစာမကြေတာမျိုး ဖြစ်တတ်ပါတယ်”

သွပ်ဓာတ်ချို့တဲ့မှု မရှိစေရန် ပင်လယ်စာ၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ နို့စသည့် သွပ်ဓာတ်ကြွယ်ဝသော အစားအသောက်များကို နေ့စဉ်မပါမဖြစ် ထည့်သွင်း စားသောက်သင့်ကြောင်း သိရသည်။

“မြန်မာလူမျိုးတွေမှာ ဝတဲ့သူတွေဆိုရင် ကယ်လိုရီများနေတာကို တွေ့ရတယ်။ ကလေးတွေမှာ ဝတဲ့သူတွေက အသားကို များများစားတာ တွေ့ရတယ်။ သူတို့ကိုမေးလိုက်ရင် ကြက်ပေါင်ကို တစ်ခါစားရင် ငါးခုလောက် စားတယ်လို့ ပြောကြတယ်။ ပိန်တဲ့ ကလေးတွေကျတော့ ဘာအစာကိုမှ ကောင်းကောင်းမစားဘဲ အာဟာရဓာတ်တွေ အကုန်ချို့တဲ့နေတာ တွေ့ရပါတယ်။ အထူးသဖြင့် ဗီတာမင်ဘီနဲ့ သွပ်ဓာတ် ချို့တဲ့နေတာ များပါတယ်။ ကလေးတွေမှာဆိုရင် ကြာဆူးပေါက်တာတွေ အခုအထိ တွေ့နေရသေးတယ်”ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောသည်။

မြန်မာလူမျိုးအများစုတွင် ဗီတာမင်ဘီ ချို့တဲ့မှုနှင့် သွပ်ဓာတ်ချို့တဲ့မှုတို့ အတွေ့ရများသဖြင့် ချို့တဲ့မှုမရှိစေရန် ဂရုတစိုက် စားသောက်သင့်ကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top