Healthy Life Ad
Child

သင့်ကလေး ထက်မြက်၊ အောင်မြင်လာစေရန် ပြုစုပျိုးထောင်နည်း ၃

ပါမောက္ခဒေါက်တာနီလာကြူ

(စိတ်ပညာရှင်ပါမောက္ခ ဌာနမှူး စိတ်ပညာဌာန ရန်ကုန်နှင့်တွေ့စုံဆွေးနွေးခြင်း)

(၃) အပြုအမူနှင့်ဆိုင်သော ပြစ်ဒဏ်ပေးခြင်း

တစ်ခါတလေ ကလေးကို အုပ်ထိန်းရာမှာ စောစောကနည်းနှစ်မျိုးစလုံးနဲ့ အံဝင်ခွင်ကျ မဖြစ်တာမျိုး၊ အဆင်သင့် ဖြစ်မနေတာမျိုး ရှိတတ်ပါတယ်။ အဲဒီအခါ သူတို့လုပ်တဲ့ အပြုအမူပေါ်မှာ သိပ်မပြင်းထန်တဲ့ အပြစ်ပေးမှုတွေလုပ်ဖို့ လိုအပ်တယ်။ အဲဒီပြစ်ဒဏ်ပေးတာဟာ ကလေးအတွက် အဓိပ္ပာယ်တစ်ခုခု သက်ရောက်ဖို့ လိုပါတယ်။ ဥပမာ ကလေးက တိရစ္ဆာန်လေးတွေ မွေးချင်တယ်ဆိုလို့ မိဘကမွေးခွင့်ပေးထားပေမယ့် ကလေးက တိရစ္ဆာန်လေးတွေကို ဂရုမစိုက်ချင်ဘူး၊ သန့်ရှင်းရေးမလုပ်ချင်ဘူးဆိုရင် ‘ကြောင်လေး၊ ခွေးလေးတွေကို ဂရုမစိုက်ရင်၊ သန့်ရှင်းရေးမလုပ်ရင် တီဗီကြည့်ခွင့် ပိတ်မယ်’ဆိုတာမျိုး သိပ်မပြင်းထန်တဲ့ အပြစ်ပေးနည်းနဲ့ အုပ်ထိန်းဖို့လိုပါတယ်။ စာမကျက်ရင် ဒီညကာတွန်းကားကြည့်ခွင့် မပေးဘူးဆိုတာမျိုးပေါ့။ ဒါပေမဲ့ တစ်ခါတလေ စိတ်ကူးပေါက်မှထလုပ်ပြီး “ထမင်းကုန်အောင်စား၊ မစားရင် မုန့်မစားရဘူး”ဆိုပြီး ခြိမ်းခြောက်တာ၊ အပြစ်ပေးတာတို့လုပ်ရင် မထိရောက်ပါဘူး။ ကလေးကို အစကတည်းက”မေမေ ဒီစည်းကမ်းလေးတွေ ထားမယ်၊ ဒီစည်းကမ်းကို လိုက်နာရင် ဒါကိုမျှော်မှန်းလို့ရတယ်၊ မလိုက်နာရင် ဒါဆုံးရှုံးမယ်ဆိုတာမျိုး” ကြိုကြိုတင်တင် ပြောထားပြီး အပြစ်ပေးသင့်ပါတယ်။

(၄) ခဏတဖြုတ်မလှုပ်ဘဲ ငြိမ်ငြိမ်နေစေပြီး ပြစ်ဒဏ်ပေးခြင်း

ကလေးတွေ ရန်လိုရင်၊ အရမ်းငိုပြီး ဂျီကျနေရင်၊ တခြားသူတွေကို ရိုက်ပုတ်နေရင်၊ အရုပ်တွေလွှင့်ပစ်တာမျိုး လုပ်နေရင် တစ်နေရာမှာ ခဏတဖြုတ်ငြိမ်ပြီး ရပ်နေ၊ ထိုင်နေဆိုတဲ့ နည်းနဲ့အပြစ်ပေးတာကို Time Out လို့ ခေါ်ပါတယ်။ တချို့ ဂနာမငြိမ်ဘဲရှိနေတဲ့ ကလေးတွေက ဘာလို့ အဲဒီလိုလုပ်နေလဲဆိုရင် သူတို့ကိုအာရုံစိုက်တာ၊ အလေးထားတာခံချင်လို့ပါ။ အဲဒီအချိန်မှာ ဂနာမငြိမ်ဘဲ သောင်းကျန်းနေတဲ့ကလေးကို “ဟဲ့ .. သား လေး”ဆိုပြီး အရေးတယူလုပ်လိုက်တဲ့အခါ သူလိုချင်တာကို ပေးလိုက်သလိုဖြစ်ပြီး သူ့အပြုအမူကို အားပေးသလို ဖြစ်သွားပါတယ်။ အဲဒီလို ဂရုစိုက်လိုက်ရင် နောက်တစ်ခါ အမေဂရုစိုက်တာခံချင်တိုင်း၊ ဆရာမဂရုစိုက်တာခံချင်တိုင်း ဒီကလေးကဗရုသုက္ခတွေ လုပ်နေဦးမှာပါပဲ။ ဒါကြောင့် ဒီလိုကလေးကို အခန်းတစ်နေရာမှာ၊ အတန်းထောင့်မှာ မလှုပ်ဘဲ ငြိမ်ငြိမ်သွားရပ်နေဆိုတာမျိုး၊ ဆရာမခုံဘေးမှာ ငြိမ်ငြိမ်လေး ရပ်နေဆိုတာမျိုးနဲ့ အပြစ်ပေးသင့်ပါတယ်။ ဒီလိုအပြစ်ပေးရင်တော့ အာရုံစိုက်ခံချင်လို့ လုပ်တဲ့သူရဲ့ ဆိုးသွမ်းတဲ့အပြုအမူက ဆက်ပြီးတိုးမလာတော့ဘဲ ရပ်သွားတတ်ပါတယ်။

ဒီနည်းကို သုံးမယ်ဆိုရင် တစ်ခုသတိထားရမှာက ကလေးက နေ့တိုင်း၊ အချိန်တိုင်း အမြဲလိုငိုယိုဂျီကျနေရင်၊ သုန်မှုန်ပြီး ဗရုသုက္ခလုပ်နေမယ်ဆိုရင် ဒီနည်းက အလုပ်မဖြစ်တော့ပါဘူး။ အဲဒီလို ကလေးမျိုးတွေကျတော့ ဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖို့လိုပါတယ်။ များသောအားဖြင့် လိုဘမပြည့်တာတို့၊ စိတ်အနှောင့်အယှက်ဖြစ်တာတို့ ရှိနေတတ်တယ်။ အမြဲ ဂနာမငြိမ်သောင်းကျန်းနေတတ်တဲ့ ကလေးမျိုးဆိုရင် နားလည်တတ်ကျွမ်းတဲ့သူနဲ့ ပြပေးဖို့ လိုပါတယ်။

တစ်ခါတစ်ရံ ဂျီကျတဲ့ ကလေးဆိုရင်တော့ ဒီနည်းနဲ့ အပြစ်ပေးနိုင်ပါတယ်။ ဒီနေရာမှာ သိထားသင့်တာက ကလေးကို ငြိမ်ငြိမ်သက်သက်နေစေတဲ့ နေရာကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ အဲဒီနေရာက ဆိတ်ငြိမ်ပြီး ကလေးအတွက် ပျင်းစရာကောင်းတဲ့ နေရာဖြစ်ရပါမယ်။ ကလေးအတွက် ကြောက်စရာကောင်းတဲ့ နေရာမဖြစ်ရပါဘူး၊ အန္တရာယ်ကင်းတဲ့ နေရာဖြစ်ရမယ်၊ ကလေးကို ဒဏ်ပေးထားတဲ့နေရာက ဖျော်ဖြေရေး အသုံးအဆောင်တွေ၊ ကစားစရာတွေရှိတဲ့ နေရာမဖြစ်ရဘူး၊ မဟုတ်ရင် စိတ်ဝင်စားစရာရှိနေတော့ သူ့ကိုအပြစ်ပေးတယ်လို့ ထင်တော့မှာ မဟုတ်ပါဘူး။ ပျင်းရိငြီးငွေ့စရာ နေရာမျိုးမှာ ငြိမ်ငြိမ်လေး နေခိုင်းရပါမယ်။

ဒီလိုနည်းနဲ့ အပြစ်ပေးရင် အချိန်ကာလက သတိထားသင့်တယ်။ ဥပမာ ကလေးအသက် တစ်နှစ်ဆိုရင် တစ်မိနစ်ဆိုပြီး အသက်တစ်နှစ် တိုးလာတိုင်း တစ်မိနစ် တိုးသွားရမယ်။ အသက် ၁၀နှစ်ဆိုရင် ၁၀ မိနစ် ငြိမ်ငြိမ်နေခိုင်းရမယ်။ အသက် ၂ နှစ်ကနေ အသက် ၁၁-၁၂ နှစ်လောက်အထိပဲ ဒီလိုနည်းနဲ့ ဒဏ်ပေးတာ ကောင်းပါတယ်။ ဒီ့ထက်ကြီးသွားရင် ဒီနည်းက မထိရောက်တော့ပါဘူး။ ဒီနည်းနဲ့ ဒဏ်ပေးတော့မယ်ဆိုရင် မိဘက စကားလုံး ၁၀ လုံးထက်ပို မပြောရပါဘူး၊ စိတ်လှုပ်ရှားပုံ မပြရဘူး၊ ဒေါသ မထွက်ရဘူး၊ အေးအေးဆေးဆေးနဲ့ အပြစ်ပေးရပါမယ်။

(၅) ဆူပူခြင်းနှင့် မနှစ်ခြိုက်ကြောင်း ပြသခြင်း

ဒီနည်းကိုတော့ ခပ်ကျဲကျဲသုံးတာပဲ ကောင်းပါတယ်။ ဒီနည်းကို သုံးမယ်ဆိုရင် မိဘတွေက ကိုယ့်ခံစားချက်ကို အတော်လေး ထိန်းချုပ်ထားနိုင်မှ အဆင်ပြေမယ်၊ ဒီနည်းသုံးရင် ကလေးကို သိမ်းကြုံးဆူတာမျိုးမဟုတ်ဘဲ သူဘာအပြုအမူမျိုး လုပ်သလဲ၊ အဲဒီအပြုအမူပေါ်မှာ မူတည်ပြီး ဆူတာမျိုး လုပ်သင့်တယ်၊ ဆူမယ်ဆိုရင် ကလေးကို မခံမရပ်နိုင်ဖြစ်အောင်၊ အရှက်တကွဲဖြစ်အောင်၊ မထီမဲ့မြင်ဖြစ်အောင် ထေ့ငေါ့ပြောတာမျိုး ရှောင်ရပါမယ်။ အဲဒီအခါ ကလေးကအပြစ်ရှိလို့ ဆူတယ်မထင်ဘဲ ရှက်ပြီး စိတ်ခုသွားတတ်ပါတယ်။

“ကလေးက ပြောစကားနားမထောင်လို့ စိတ်တိုတာပေါ့၊ ကလေးကို စိုးရိမ်လို့ ဒေါသထွက်တာပေါ့”လို့ မိဘတွေက ပြောတတ်ကြတယ်။ ဒေါသထွက်တာတော့ ထွက်သင့်ပေမယ့် တစ်ခါတလေ မိဘတွေ ဒေါသထွက်တာက ပုံမှန်မဟုတ်ဘဲ ကလေးလုပ်လိုက်တဲ့ အပြုအမူထက်ပိုပြီး ဒေါသထွက်နေတတ်ကြတယ်။

ရိုက်နှက်အပြစ်ပေးတဲ့ မိဘတွေက ကလေးကို အန္တရာယ် မဖြစ်စေချင်လို့၊ ကောင်းစေချင်လို့ ရိုက်နှက်အပြစ်ပေးတာလို့ ဆိုပေမယ့်၊ ဆင်ခြေပေးကြပေမယ့် သုတေသနပညာရှင်တွေကလေ့လာ   ထားတာတော့ မိဘအတော်များများက ကလေးကို ရိုက်နှက်တယ်ဆိုရင် ကလေးလိမ္မာသွားဖို့ထက်….

ကလေးက သူဖြစ်စေချင်တဲ့အတိုင်း မဖြစ်လို့ သူ့လိုဘမပြည့်တဲ့အတွက် သူခံစားရတဲ့ စိတ်ဝေဒနာ လျော့သွားစေဖို့ ရိုက်နှက်တာက များတယ်လို့ ဆိုထားပါတယ်။

ရိုက်နှက်ဆုံးမတယ်ဆိုတာက တခြားအပြစ်ပေးတဲ့ နည်းလမ်းတွေ အကုန်သုံးပြီး မအောင်မြင်တော့မှ၊ အင်မတန်ဆိုးတဲ့ ကလေးဆိုမှသာ နောက်ဆုံး လက်နက်အနေနဲ့ပဲ သုံးသင့်ပါတယ်။ ဒါတောင်မှ အသားပိုများတဲ့နေရာ(ဥပမာတင်ပါး၊ ပေါင်)တို့ကို ရိုက်သင့်ပါတယ်။ ဒါပေမဲ့ ကောင်းတာကတော့ အပြစ်လုပ်မိမှ ကလေးကို ပြစ်ဒဏ်ပေးတာထက် ကောင်းတာလုပ်တတ်အောင် လမ်းညွှန်အားပေး ထိန်းကျောင်းသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top