Healthy Life Ad
Child

ပျော်ရွှင်ပါစေ ကလေးရေ . . .

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

“ပန်းပျိုးသူစာသင်ဝိုင်း” ပရဟိတညီအစ်ကို မောင်နှမများအကြောင်း ကြားဖူးခဲ့သည်မှာ အတော်ပင်ကြာခဲ့ပြီ။ မန္တလေး ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်တွင် ကျောင်းမနေနိုင်သည့် ကလေးများသာမက ကျောင်းနေနိုင်သော်လည်း ကျောင်းဆင်းချိန်တွင် ပန်းရောင်းရရှာသည့် ကလေးများကိုယ်စား ပန်းရောင်းပေးရင်း စာသင်ကြားပေးနေသည့် ပရဟိတ အဖွဲ့လေး၊ ကိုယ်ကျိုးမဖက်ဘဲ မွန်မြတ်ဖြူစင်လှသော စိတ်ထားဖြင့် ကလေးများကို တတ်စွမ်းသမျှ ပညာသင်ကြားပေးနေသည့် ထိုအဖွဲ့လေးသည် မန္တလေး ကလေးဆေးရုံဟောင်းတွင် တက်ရောက်ကုသမှု ခံယူနေရရှာသော ကင်ဆာနှင့် ကျောက်ကပ်လူနာ ကလေးငယ်များကိုပါ ကူညီလှူဒါန်းနေကြောင်းကြား သိလိုက်ရသည့်အခါ ထိုပရဟိတအဖွဲ့မှ ကိုမျိုးကြီးထံ ဂုဏ်ယူစိတ်ဖြင့် ဆက်သွယ်ဖြစ်ခဲ့တော့သည်။

“တကယ်တော့ အစပိုင်းမှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်ရှေ့မှာ စာသင်ပေးခဲ့တယ်။ နောက်ပိုင်း လူကြီးတွေက နေရာလေးပေးတာနဲ့ ၁၆ ကျောင်းကို ရောက်သွားပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ည ၅ နာရီခွဲကနေ ၈ နာရီကျော်အထိ လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေးတွေ၊ ကျောင်းမနေနိုင်တဲ့ ကလေးလေးတွေအပြင် ကျောင်းနေတဲ့ ကလေးတွေကိုပါ အခမဲ့ သင်ကြားပေးဖြစ်ခဲ့ပါတယ်။ ကျောင်းနေတဲ့ ကလေးတွေဆိုရင် ကျောင်းချိန်ပြီးတာနဲ့ ပန်းရောင်းရတယ်။ အဲဒီတော့ ကျောင်းမှာ စာကလည်းမရဘဲ အပြင်မှာလေနေတယ်၊ အဲဒီလိုနဲ့ အတန်းပညာ တစ်ဝက်တစ်ပျက်နဲ့ ထွက်လိုက်ရတာ များပါတယ်။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့က သူတို့ရောင်းမယ့် ပန်းတွေကိုဝယ်ပြီး ရောင်းပေးလိုက်တယ်၊ သူတို့ရမယ့် အမြတ်တွေကိုပေးပြီး နောက်နေ့စားဖို့ မုန့်နဲ့ အအေးလည်း ပေးလိုက်ပါတယ်။ သူတို့လေးတွေအတွက် စာအုပ်စာတမ်း၊ ဘောပင်၊ ခဲတံ၊ ကျောင်းစိမ်းဝတ်စုံ၊ လွယ်အိတ် အကုန်လုံး အလကားပေးပါတယ်. . . အဲဒီကနေ သူငယ်ချင်းတွေစုမိပြီး ကလေးဆေးရုံက ကလေးတွေကို ကူညီဖြစ်သွားတာပါ”ဟု ကိုမျိုးကြီးက ပြောပြသည်။

ပန်းပျိုးသူအဖွဲ့သည် မန္တလေး ကလေးဆေးရုံဟောင်းတွင် တက်ရောက်ကုသမှု ခံယူနေရသည့် ကလေးလူနာများကို တတ်နိုင်သမျှ ကူညီခဲ့သည်မှာ ၂နှစ်ဝန်းကျင်ပင် ရှိခဲ့ပြီဖြစ်သည်။

“ကျွန်တော်တို့ ကူညီလှူဒါန်းပေးနေတဲ့ ကလေးလူနာလေးတွေက သွေးကင်ဆာနဲ့ ကျောက်ကပ်ရောဂါရှိတဲ့သူတွေ များပါတယ်။ ကလေးတွေက ဆေးရုံမှာတက်လိုက်၊ ဆင်းလိုက် လုပ်နေရတဲ့ ကလေးတွေ၊ သွေးလာသွင်းလိုက် . . သက်သာရင် ပြန်သွားလိုက်၊ အခြေအနေဆိုးရင် ပြန်လာလိုက်. . အဲဒီလိုနဲ့ မိဘတွေကလည်း ရေရှည်ကျတော့ ဒီကလေးတွေကို မကုပေးနိုင်ကြတော့ဘူး၊ အဲဒီအတွက် ကျွန်တော်တို့အဖွဲ့က တတ်နိုင်သလောက် ဆေးရုံတက်စရိတ်၊ အသွားအပြန်စရိတ် စတာတွေကို လှူဒါန်းပေးဖြစ်ပါတယ်”ဟု ကိုမျိုးကြီးက ဆိုသည်။

ဆေးရုံက အခမဲ့ပေးသော ဆေးဝါးများရှိသော်လည်း လူနာဘက်က ဝယ်ရမည့် ဆေးများအတွက် ကလေးလူနာရှင်မိဘတို့ မဝယ်နိုင်သည့်အခါ ဆေးဖိုးသာမက ကလေးတို့ ဆေးရုံတက်ရန်နှင့် ပြန်ရန်အတွက် ခရီးစရိတ်များကို လှူဒါန်းဖြစ်ကြောင်း၊ တစ်ပတ်တစ်ခါ-နှစ်ပတ်တစ်ခါဆိုသလို သွားရောက်လှူဒါန်းရာတွင် အမှန်တကယ်လိုအပ်နေသော ကလေးလူနာများကို ကြုံလျှင်ကြုံသလို လှူဒါန်းဖြစ်ခဲ့ကြောင်း သိရသည်။

“အဓိက ကျွန်တော်တို့ အခြေစိုက်ကူညီဖြစ်တာက မန္တလေးမှာပါ။ အထူးသဖြင့် မန္တလေးမြို့ ကလေးဆေးရုံဟောင်းက ကင်ဆာနဲ့ ကျောက်ကပ်ရောဂါခံစားနေရတဲ့ ကလေးတွေကို ကူညီလှူဒါန်း ဖြစ်တယ်ဆိုပေမယ့် ဒီကလေးတွေက မန္တလေးကနေ တက်ရောက်ကုသမှု ခံယူတဲ့သူ မပါသလောက် နည်းပါတယ်။ အနယ်နယ်အရပ်ရပ်၊ အထူးသဖြင့် ကျေးလက်တောရွာတွေကနေ လာရောက်ကုသမှု ခံယူတဲ့ သူတွေပဲများတာပါ။ ကလေးတွေကိုကြည့်ရင်း သားသမီးချင်း စာနာပြီး ရင်ထဲမွန်းကျပ်မိပါတယ်။ ကိုယ့်သားသမီးက ရောဂါဆိုးခံစားနေရလို့ စိတ်ထိခိုက်ရတဲ့အထဲ ကုစရာပိုက်ဆံမရှိလို့ ၅ကျပ်တိုးနဲ့ ချေးငှားပြီး ကုနေရတဲ့ လူတွေတောင်ပါတယ်။ ရောဂါမပျောက်မှန်းသိလည်း ကိုယ့်သားသမီးဆိုတော့ မရှိရှိတာလေးတွေ ရောင်းချပေါင်နှံပြီး ကုပေးနေတဲ့ မိဘတွေလည်း တွေ့ရပါတယ်။ နယ်ကနေ လာတာကြောင့် အသွားအပြန်စရိတ်နဲ့ ဆေးရုံမှာစားဖို့၊ သောက်ဖို့ ခက်ခဲတဲ့အတွက် ကျွန်တော်တို့က လှူ ဒါန်းဖြစ်တာပါ”ဟု ကိုမျိုးကြီးက ပြောသည်။

အစပိုင်းတွင် သူငယ်ချင်းများ ငွေစုဆောင်းပြီး လှူဒါန်းခဲ့ရာ ပန်းပျိုးသူစာသင်ဝိုင်း ပရဟိတညီအစ်ကို မောင်နှမတို့၏ မွန်မြတ်လှသော ပရဟိတစိတ်ထားကို ဂုဏ်ယူလေးစား တန်ဖိုးထားသူ လူအများက ဝိုင်းဝန်းလှူဒါန်းရာက နောက်ပိုင်းတွင် ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ကလေးတွေတင်မကဘူး၊ ဆေးရုံတက်နေရတဲ့ တကယ်ဆင်းရဲနွမ်းပါးတဲ့ သူတွေ၊ တကယ်ဒုက္ခရောက်နေတဲ့ သူတွေ၊ ကိုယ်ကုပေးရင်ကောင်းသွားနိုင်တဲ့သူ၊ သူတို့ဘဝလေးတွေ ပြန်တည်ဆောက်နိုင်ပြီး အဆင်ပြေသွားမယ်သူတွေကို အဓိက ဦးစားပေးပြီး လှူဒါန်းပေးဖြစ်ပါတယ်။

အဲဒီလို လှူဒါန်းတဲ့အခါ အသက်ရှင်နိုင်တဲ့ ကလေးလား၊ မရှင်နိုင်တဲ့ ကလေးလားဆိုပြီး မခွဲခြားပါဘူး။ စိတ်မကောင်းစွာပြောရရင် ကျွန်တော့်အတွေ့အကြုံအရ ဒီကင်ဆာ ကလေးလူနာလေးတွေ လုံးဝ ပကတိပျောက်သွားတာ တစ်ယောက်မှ မရှိသေးပါဘူး။ ကုပေးလိုက်၊ ပြန်လာလိုက်နဲ့ လုံးချာလည်လိုက်နေတာ များပါတယ်။ ဒီတော့ နာမကျန်းတဲ့ ဝေဒနာကို အမြဲခံစားနေရတဲ့ သူတို့လေးတွေ အသက်ရှင်နေခိုက်မှာ ပျော်ရွှင်ပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆေးရုံမှာ ပျော်ပွဲရွှင်ပွဲလေးတွေ၊ မျက်လှည့်ပွဲလေးတွေ လုပ်ပေးဖြစ်တယ်။ ကျွန်တော်တို့ အဖွဲ့ကလည်း လူရွှင်တော်ဝတ်စုံတွေဝတ်ပြီး ကလေးတွေကို ကပြ ဖျော်ဖြေပေးပါတယ်။ ကလေးတွေပျော်အောင် အရုပ်တွေနဲ့ မုန့်တွေပေးတာတွေလည်းလုပ်ပါတယ် ခင်ဗျ”ဟု ကိုမျိုးကြီးက ပြောသည်။

ပါဝင်သူ ၅၀ကျော်ရှိပြီး ပင်တိုင်ပရဟိတ အဖွဲ့သား ၂၀ ဦးကျော်ရှိသည့် ပန်းပျိုးသူပရဟိတ အဖွဲ့လေးသည် ကလေးလူနာများကိုသာ ကူညီနေသည် မဟုတ်ဘဲ ဆေးရုံတက်နေရသော ချို့တဲ့သည့် လူကြီးလူနာများကိုပါ တတ်နိုင်သမျှ လှူဒါန်းမှု ပြုလုပ်ပေးနေကြောင်း၊ ယခုဆိုလျှင် ရေဘေးသင့်ဒေသများထံ သွားရောက် လှူဒါန်းပေးနေသည်မှာ သိန်းတစ်ထောင်ကျော ်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

“မန္တလေး ပြည်သူဆေးရုံကြီးမှာ အပတ်စဉ် စနေနေ့တိုင်း နယ်ဝေးက ဆေးရုံလာတက်တဲ့ လူနာတွေနဲ့ လူနာစောင့်တွေအတွက် ကျွန်တော့်အိမ်မှာ ချက်ပြုတ်ပြီး လူတစ်ထောင်စာဝေပါတယ်. . အခုဆိုရင် ၄၉ ပတ်မြောက်တောင်ရှိပါပြီ . . ဆန် ၄ အိတ်၊ ကြက်သား ၅၅ ပိဿ ၊ အာလူး ၄၅ ပိဿ ၊ သရက်ချဉ်စတာတွေကို ချက်ပြုတ်ပြီး စနေနေ့တိုင်း လှူဖြစ်ပါတယ်”ဟု ကိုမျိုးကြီးက ပြောသည်။

သွေးလှူအသင်းဟူ၍ သီးသန့်ဖွဲ့မထားဘဲ အခြားသွေးလှူရှင်အသင်းများနှင့် ချိတ်ဆက်ပြီး လိုအပ်လာလျှင် သွေးလှူဒါန်းမှုများကိုလည်း အခါအားလျော်စွာ လုပ်ဆောင်ပေးဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ ကလေးဆေးရုံဟောင်း လမ်း၃၀၊ ၇၄ လမ်းနှင့် ၇၅ လမ်းရှိ သွေးနှင့် ကင်ဆာဌာနတွင် တက်ရောက်ကုသနေသော ကလေးအများစုမှာ ကင်ဆာဝေဒနာကို အရွယ်နှင့်မလိုက်အောင် ခံစားနေကြရသူများ ဖြစ်သည်။ အချို့ကလေးများသည် မွေးပြီးမကြာမီ ကင်ဆာရောဂါဆိုးကြီး စွဲကပ်လာပြီး ဆေးရုံတွင် ခါးဆစ်ရိုးထဲ အပ်ထိုးကာ ရိုးတွင်းခြင်ဆီ ထုတ်ခံရသည်မှာ အသည်းခိုက်အောင်ပင် နာကျင်မှုဝေဒနာကို ခံစားရရှာသည်။ အချို့ကလေးငယ်များမှာ ဝေဒနာသက်သာစေရန် ကင်ဆာဆေးများ၊ သွေးများ သွင်းရလွန်း၍ လက်များတွင်သာမက ခြေထောက်၌ပင် အပ်ပေါက်ရာအပြည့်နှင့် . . ထိုကဲ့သို့ ကမ္ဘာပေါ်တွင် နာမကျန်းမှုဝေဒနာကြောင့် မပျော်ရွှင်ရဆုံး ဖြစ်နေရှာသည့် ကလေးငယ်များကို ပျော်ရွှင်ရသော ကလေးငယ်တို့ ဖြစ်လာစေရန် အတတ်နိုင်ဆုံး ကူညီပေးနေသော ပန်းပျိုးသူ ပရဟိတအဖွဲ့ထံ ဆက်သွယ်လှူဒါန်းလိုပါက ကိုဝမ်း ဝ၉ – ၄၀၂၇၇၃၂၈၂၊ ကိုမျိုးကြီး ဝ၉ – ၇၉၈၈၁၁၈၈၈၊ ကိုထွဋ် ဝ၉ – ၉၇၂၅၇၄၈၈၇နှင့် မောင်လူပျော် ဝ၉ – ၄၀၂၅၇၇၁၄၃ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း မျှဝေလိုက်ရပါသည်။

Most Popular

Healthy Life Ad
To Top