Healthy Life Ad
Local

သုံးစွဲနေကျဆေးဝါးများ၏ အရည်အသွေးကိုသံသယဖြစ်လျှင် FDA သို့ အကြောင်းကြားနိုင်

အများပြည်သူတို့ သုံးစွဲနေသည့် ဆေးဝါးများတွင် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိလျှင်သော်လည်းကောင်း၊ သုံးစွဲနေကျဆေးဝါးများ၏ အရည်အသွေးကို သံသယဖြစ်လျှင်သော်လည်းကောင်း၊ ဆေးဝါးအတုဟု သံသယဖြစ်ဖွယ် ဆေးဝါးများတွေ့ရှိလျှင်သော်လည်းကောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ နေပြည်တော်နှင့် မန္တလေးသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)က ဖြန့်ချိသည့် လက်ကမ်းစာစောင်အရ သိရသည်။

ဆက်သွယ်အကြောင်းကြားနိုင်သည့် ဖုန်းနံပါတ်များမှာ နေပြည်တော်၊ ဖုန်း ဝ၆၇-၄၀၃၀၇၃နှင့် မန္တလေး၊ ဖုန်း- ဝ၂၆၂၁၁၈တို့ ဖြစ်ကြပြီး ဆေးဝါးဝယ်ယူရာတွင် စပ်ဆေးများကို ဝယ်ယူသုံးစွဲခြင်းမျိုး မပြုလုပ်သင့်ကြောင်း၊ ဝယ်ယူလိုက်သည့် ဆေးဝါးများ၏ သက်တမ်းကုန်ဆုံးရက် (Expired Date) ကို သေသေချာချာ ကြည့်ရှုစစ်ဆေးသင့်ကြောင်းနှင့် မိမိဝယ်ယူသည့် ဆေးဝါးများကို မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ် (Myanmar Registration Number) ပါ/မပါ ကြည့်ရှု ဝယ်ယူသင့်ကြောင်း သတိပေးထားသည်။

ဆေးဝါးဝယ်ယူရာတွင် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် ကြည့်ရှုစစ်ဆေးနည်းမှာ မြန်မာနိုင်င ံဆေးဝါးမှတ်ပုံတင်အမှတ် (Myanmar Registration Number)ကို ဖော်ပြထားသည့်အခါ စုစုပေါင်းဂဏန်း ၈ လုံးပါပြီး အလယ်တွင် A သို့ မဟုတ် AA သို့မဟုတ် L ဟု ပါရှိကြောင်း၊ မှတ်ပုံတင် သက်တမ်းတိုးထားသည့် ဆေးဝါးများ၏ ရှေ့တွင် R ဆိုသောစာလုံးကို ရှေ့ဆုံးတွင် ဖော်ပြထားကြောင်း (ဥပမာ-MM Reg No.1803-AA3418, R1406A5423, 1108L0152)ဖြစ်ကြောင်း အဆိုပါ လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

ဆေးဝါးသုံးစွဲ၍ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေး ဝန်ကြီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ သတင်းပေးပို့ရမည် ဖြစ်ကြောင်းကိုလည်း ထိုလက်ကမ်းစာစောင်တွင် သတိပေးထားသည်။

Most Popular

Healthy Life Ad
To Top