Healthy Life Ad
Child

ကျော်ကြားသူတို့၏ ကျန်းမာလှပ လူမှုဘဝ ဝင့်ယမုံလှိုင်

တစ်နေ့တာ အသားရေထိန်းသိမ်းမှုပုံစံ

ညီမက မနက်အိပ်ရာထတာနဲ့ ရေအဝသောက်တယ်။ အသားအရေစိုပြည်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်မှန်အောင် ရေများများ သောက်ဖြစ်ပါတယ်။ ပြီးတော့ အိပ်ခါနီးဆိုလည်း နွားနို့သောက်တယ်၊ အိပ်ခါနီး နွားနို့ပူပူလေး သောက်ပေးရင် အိပ်လို့လည်း ကောင်းတယ်၊ အသားအရေအတွက်လည်း အထောက်အကူပြုတယ်၊ အသားအရေ ထိန်းသိမ်းတဲ့နေရာမှာ နေ့တိုင်း Lotion တွေလိမ်းတာမျိုး၊ ပေါင်းတင်တာမျိုးတော့ မလုပ်ဖြစ်ပါဘူး။

အသားအရေအတွက် ဝင့်ယမုံလှိုင် လုပ်နေကျ အိမ်တွင်းသဘာဝ ကုထုံး

မျက်နှာကို သခွားသီးနဲ့ ကပ်တာမျိုး လုပ်ဖြစ်တယ်၊ တစ်ခါတလေ ကြက်ဥအကာရယ်၊ ပျားရည်နဲ့ သံပရာသီး အရည်ရောပြီး မျက်နှာကို ပေါင်းတင်ဖြစ်ပါတယ်၊ အမြဲတမ်းကြီးတော့ မလုပ်ဖြစ်ပါဘူး။

အဆီပြန်သော အသားအရေကြောင့် ရှုတင်မှာ မျက်နှာအဆီမပြန်အောင် ဂရုစိုက်ရ

ရှုတင်မှာ ကျန်းမာရေးနဲ့ အလှအပကြောင့် ကြီးကြီးမားမား အခက်အခဲတော့ မရှိခဲ့ပါဘူး၊ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲလေးတွေတော့ ညီမမျက်နှာက အဆီပြန်တယ်၊ ဝက်ခြံ ထွက်တတ်တယ်၊ အဲဒီတော့ ရှုတင်မှာ ရိုက်ကူးရေးတွေလုပ်တဲ့အခါ မျက်နှာက အဆီပြန်ပြီး ဝက်ခြံအဖုအပိမ့်လေးတွေ ရှိတတ်တော့ မိတ်ကပ်လိမ်းရတာ အဆင်မပြေမှုလေးတွေ ရှိတယ်၊ အဲဒီလိုမျိုးဖြစ်တဲ့အခါ မျက်နှာအဆီပြန်တာနဲ့ အဖုအပိမ့်လေးတွေ မပေါ်အောင် ရိုက်ရတာမျိုး ရှိပါတယ်၊ ကျန်းမာရေးအနေနဲ့ကတော့ တစ်ခါတလေ ရိုက်ကူးရေးလုပ်နေတုန်း နေမကောင်းဖြစ်တာ၊ ခေါင်းကိုက်တာမျိုး ရှိပါတယ်၊ အဲ့လိုမျိုးဖြစ်ခဲ့ရင်လည်း ရိုက်ကူရေးကို မနားဘဲ ဆေးသောက်ပြီး အလုပ်ကိုပြီးအောင် လုပ်လိုက်တယ်၊ နယ်ဘက်တွေမှာ ရိုက်ကူးရေး လုပ်တဲ့အခါလည်း အိမ်ကနေ ဆေးဝါးအပြည့်အစုံ ယူဆောင်သွားတယ်၊ အပန်းဖြေသွားတာမဟုတ်ဘဲ အလုပ်ကိစ္စနဲ့ သွားရတဲ့အတွက် နေပူထဲ ရိုက်ရတာ၊ အစာစားချိန် မမှန်တာတွေ ရှိတယ်။ အဲဒီအခါ ကျန်းမာရေးအတွက်ကော အလှအပအတွက်ပါ အခက်အခဲ ဖြစ်စေနိုင်တဲ့အတွက် အသုံးအဆောင် ဆေးဝါးအပြည့်အစုံ အကုန်ယူသွားပါတယ်။

မိတ်ကပ်ဆရာနဲ့ ပြင်တာများ

ညီမက မိတ်ကပ်ဆရာနဲ့ ပြင်တာများပါတယ်။

အသားအရေအတွက် နွားနို့နဲ့ ရေကို ပုံမှန်သောက်ဖြစ်တယ်

မျက်ခုံးကို အဓိက ပြင်ဆင်ဖြစ်

အပြင်သွားတဲ့အချိန်နဲ့ သူငယ်ချင်းတွေနဲ့ အပြင်မုန့်သွားစားတဲ့ အချိန်တွေမှာ မိတ်ကပ်ကို ကိုယ်တိုင်ပြင်ဖြစ်တယ်။ အဓိကအားဖြင့် မျက်ခုံးကို ဦးစားပေးပြီး ပြင်သွားလေ့ရှိတယ်။

အားလပ်ချိန်ကို ဘယ်လို အနားယူပြီး ကုန်ဆုံးစေလဲ

ညီမက အားလပ်ချိန်ကို ညပိုင်းတွေပဲ သေချာအနားယူဖြစ်တာ များတယ်။ ကျန်တဲ့အချိန်တွေက သေချာ သီးသန့်အနားယူတာမျိုး သိပ်မရှိဘူး၊ တစ်ခါတလေလောက်ပဲ ညပိုင်းအနားယူဖြစ်တဲ့အချိန်ဆိုရင် မအိပ်ခင် စာအုပ်ဖတ်တာ၊ တစ်ခါတလေ ဖေ့စ်ဘွတ်ခ်သုံးပြီး အနားယူတာ၊ သီချင်းနားထောင်တာ . . အဲ့ဒီလိုမျိုးလေးတွေ အနားယူဖြစ်ပါတယ်။

မျက်နှာမှာ အဖုအပိမ့်ပေါက်တတ်

ညီမအသားအရေက အဆီပြန်လွယ်တဲ့အပြင် ဝက်ခြံလည်း ထွက်တတ်တဲ့အတွက် သူများတွေထက် ပိုပြီး ဂရုစိုက်ရတယ်၊ မျက်နှာကိုလည်း အမြဲသန့်ရှင်းအောင် ထိန်းသိမ်းရပါတယ်။ အဖုအပိမ့်လေးတွေ ပေါက်လာရင် Treatment လုပ်ပါတယ်။

စိတ်ဖိစီးမှုဖြစ်လာရင် ထိန်းချုပ်ပုံ…

ညီမက အနုပညာရှင်တစ်ယောက် ဖြစ်တဲ့အတွက် စိတ်ဖိစီးမှု့တော့ ရှိပါတယ်၊ စိတ်ဖိစီးမှု့ ရှိပေမယ့်လည်း ဘာအလုပ်မှမလုပ်ဘဲ စိတ်ဓာတ်ကျနေတာမျိုးတော့ မရှိပါဘူး။ နောက်နေ့ လုပ်ရမယ့်အလုပ်တွေကို ချိန်ဆပြီး ကိုယ်ရဲ့ စိတ်ဖိစီးမှု့ကို ထိန်းချုပ်တဲ့အနေနဲ့ စာဖတ်တယ်၊ သီချင်း နားထောင်တယ်၊ အားတဲ့အချိန်ဆိုရင် ဘုရားသွား ဖြစ်ပါတယ်။

ကောလဟာလကြောင့် ဝမ်းနည်းခဲ့ရ

ညီမ အနုပညာအလုပ်ကို စဝင်တဲ့အချိန်တုန်းက ကောလာဟလ သတင်းတွေနဲ့ ကြုံဖူးပါတယ်၊ အဲ့ဒီအချိန်တုန်းက ညီမက ငယ်သေးတော့ အားငယ်တာမျိုး၊ ဝမ်းနည်းတာမျိုး ဖြစ်ဖူးတယ်၊ တကယ်တော့ ကောလာဟလဆိုတာ ကိုယ်မလုပ်မိတာကို လုပ်လိုက်တယ်ဆိုသလို ကိုယ့်မကောင်းသတင်းကို လျှောက်ပြောတာမျိုးပါ။ ညီမ အခုနောက်ပိုင်းကျတော့ သိပ်ဂရုမစိုက်တော့ဘူး၊ ညီမမိဘနဲ့ ညီမပတ်ဝန်းကျင်ကလည်း အားပေးပံ့ပိုးပါတယ်။ အနုပညာအလုပ်ရယ် မဟုတ်ဘူး၊ တခြား ဘယ်အလုပ်မဆို ကောလာဟလဆိုတာ ရှိပါတယ်၊ ညီမလည်း အခုအနုပညာအလုပ်မှာ အတွေ့အကြုံရလာတော့ ဂရုမစိုက်ဖြစ်တော့ဘူး၊ အသက်ကြီးလာတာလည်း ပါမယ်၊ ခံနိုင်ရည် ရှိလာတယ်၊ စာဖတ်တယ်၊ ပြီးတော့ ညီမ တစ်ခုလက်ခံထားတာက ကိုယ်ကောင်းရင် ခေါင်းဘယ်မှမရွေ့ပါဘူး။

ဝင့်ယမုံလှိုင် လုပ်နေကျ အားကစား

အားကစားကတော့ အပြင်မှာ သွားကစားဖြစ်တယ်၊ အရင်ကတော့ စားပွဲတင် တင်းနစ်ရိုက်တယ်၊ မြင်းစီးတယ်။

လက်ရှိခံစားနေရတဲ့ ကျန်းမာရေး ပြဿ နာ

အခုလက်ရှိက နှာစီးတယ်၊ နှာမွှန်၊ နှာပိတ် ဖြစ်နေပါတယ်၊ လည်ချောင်းလည်း နာတယ်၊ အရင်ကတော့ မျက်ရိုး ခဏ ခဏကိုက်တယ်၊ အခုနောက်ပိုင်း သိပ်မကိုက်တော့ဘူး၊ တစ်ခါတလေ လေထိုးလေအောင့် ဖြစ်တာရှိတယ်၊ အစားမမှန်တာလည်း ပါတာပေါ့၊

ပရိတ်သတ်ကို ဝင့်ယမုံလှိုင် ပေးချင်တဲ့အကြံဉာဏ်

ကျန်းမာမှ ကိုယ်လုပ်ချင်တာ လုပ်လို့ရမယ်၊ ကျန်းမာရေးကို မပေါ့ကြပါနဲ့၊ ပြီးတော့ ကျန်းမာရေးက အသက်ငယ်တာ၊ ကြီးတာနဲ့ မဆိုင်ပါဘူး၊ ဂရုစိုက်ကြပါ၊ ကျန်းမာရေးကို လေ့လာလိုက်စားကြပါ၊ မဖြစ်ခင်လည်း ကြိုတင်ကာကွယ်မှု့လေးတွေ လုပ်ကြပါလို့ အကြံဉာဏ် ပေးချင်ပါတယ်။

Most Popular

Healthy Life Ad
To Top