Healthy Life Ad
Health Tips

လေ့ကျင့်ခန်း လုပ်တာက သင့်စိတ်ကို ဘယ်လောက်အထိ ကောင်းကျိုး ပေးနိုင်သလဲ

၊ လရိပ်မေ ၊

လေ့ကျင့်ခန်း လုပ်တာကြောင့် နှလုံးသွေးကြော ကျန်းမာရေးကို ကောင်းစေပြီး ကြွက်သားတွေ သန်စွမ်းကာ ဦးနှောက် လုပ်ငန်းဆောင်တာတွေကို ကျန်းမာစေတယ်ဆိုတာ သင်ကြားဖူးပြီး ဖြစ်မှာပါ။ ကျွမ်းကျင်သူတွေက လေ့ကျင့်ခန်းလုပ်တာက စိတ်ကျန်းမာရေးအပေါ် ဘယ်လောက်အထိ ကောင်းကျိုး ရရှိစေသလဲဆိုတာကို လေ့လာပြီး ဖော်ပြထားပါတယ်။

(၁) စိတ်ဖိစီးမှု့ကို လျော့ကျစေပါတယ်

အလုပ်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ် နေပါသလား။ လမ်းလျှောက်လိုက်ပါ ဒါမှမဟုတ် အားကစားခန်းမကို သွားပြီး လေ့ကျင့်လိုက်ပါ။ လေ့ကျင့်ခန်းကြောင့် စိတ်အပေါ် ကောင်းကျိုးရှိစေတဲ့ အချက်က စိတ်ဖိစီးမှု့ သက်သာတာပါ။ အကြောင်းကတော့ လေ့ကျင့်ခန်း လုပ်တာကြောင့် ဦးနှောက်ရဲ့ စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့ နော်အက်ပီနက်ဖရင်ဓာတ် အထွက်တိုးစေလို့ပါ။ ချွေးထွက်တဲ့အထိ လေ့ကျင့်ခန်းလုပ်တဲ့အတွက် စိတ်ဖိစီးမှု့လျော့ကျကာ စိတ်ကြောင့် တစ်ကိုယ်လုံး တောင့်တင်းနာကျင်တဲ့ ဝေဒနာသက်သာစေပါတယ်။

(၂) ပျော်ရွှင်စေတဲ့ ဓာတ်တွေ အထွက်တိုးစေပါတယ်

မိုင်အနည်းငယ် ပြေးလိုက်တာကြောင့် သင့်ခန္ဓာကိုယ် မောပန်းစေနိုင်ပေမယ့် သင့်စိတ်က လန်းဆန်းနေမှာပါ။ အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်ရင် အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိစေပြီး ပျော်ရွှင်ကြည်နူးတဲ့ ခံစားချက် ဖြစ်စေလို့ပါ။ လေ့လာမှုအရ လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ဓာတ်ကျလို့ ဆေးကုသမှု့ ခံယူနေရသူတွေမှာတောင် ဝေဒနာလက္ခဏာ သက်သာရာရနိုင်တယ်လို့ သိရပါတယ်။ အားကစားခန်းမမှာ လေ့ကျင့်ခန်း မလုပ်နိုင်ရင် တစ်ပတ်မှာ အကြိမ်အနည်းငယ်၊ တစ်ကြိမ်မှာ မိနစ်၃၀လောက် လမ်းလျှောက်ပေးပါ။

(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပါတယ်

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် ပိုရှိလာပြီး အကောင်းမြင်လာပါလိမ့်မယ်။ ကိုယ်အလေးချိန်၊ ကျား-မ မရွေး၊ အသက်အရွယ်မရွေး ဘယ်သူမဆို လေ့ကျင့်ခန်းလုပ်တာကြောင့် ဆွဲဆောင်မှု့ ပိုရှိလာတယ်လို့ ခံစားရစေပြီး ကိုယ့်ကိုယ်ကိုယ် ပိုချစ်ခင်လာပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် ရှိစေပါတယ်

ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ရှိအောင် အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ပါ။ ဥပမာ တောင်တက်တာ၊ ကနူးလှေလှော်တာ၊ ပန်းခြံထဲမှာ ခပ်သွက်သွက် ပြေးတာ စတာတွေကို လုပ်ဆောင်ပေးပါ။ နေကာခရင်မ်လိမ်းကာ နေပူထဲမှာ လေ့ကျင့်ခန်း လုပ်ပေးတာကြောင့် ဗီတာမင်ဒီရရှိစေပြီး စိတ်ဓာတ်ကျတဲ့ ဝေဒနာလက္ခဏာတွေ လျော့ကျသွားပါတယ်။

(၅) တွေးခေါ်ဆင်ခြင် သုံးသပ်နိုင်စွမ်း ကျဆင်းမှုမဖြစ်အောင် ဟန့်တားပေးပါတယ်

အသက်ကြီးလာတဲ့အခါ ဦးနှောက်က နည်းနည်း မှုန်ဝါးဝါးဖြစ်လာတာ သဘာဝပါ။ ဒါပေမဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားသောက်ခဲ့ရင် ဦးနှောက်ရဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်း ကျဆင်းမှု့ကို ဟန့်တားပေးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၂၅ နှစ်နဲ့ ၄၅ နှစ်ကြားအရွယ်တွေ လေ့ကျင့်ခန်းလုပ်ပေးရင် ဦးနှောက်ထဲက ဓာတ်တွေ အထွက်တိုးပြီး မှတ်ဉာဏ်၊ သင်ယူလေ့လာမှု့တို့နဲ့ ဆိုင်တဲ့ ဟစ်ပိုကမ်းပက်စ် အစိတ်အပိုင်းယိုယွင်းမှု့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၆) ပူပင်စိတ်ကို လျော့ပါးစေပါတယ်

ရေပူထဲ စိမ်ချိုးတာနဲ့ မိနစ် ၂၀ ခပ်သွက်သွက် ပြေးတာမှာ ဘယ်အရာက ပူပင်စိတ်ကို ပိုမို လျော့ပါးစေပါသလဲ။ လေ့ကျင့်ခန်း လုပ်နေစဉ်နဲ့ လုပ်ပြီးချိန်တွေမှာ ထွက်လာတဲ့ ဓာတ်တွေက ပူပင်စိတ်ကို ပိုလျော့ပါးစေတဲ့အပြင် ကယ်လိုရီလည်း လောင်ကျွမ်းမှုရှိတာကို တွေ့ရပါတယ်။

(၇) ဦးနှောက်စွမ်းအား ကောင်းစေပါတယ်

ကြွက်တွေနဲ့ လူတွေကို လေ့လာမှု့အရ နှလုံး ကြွက်သားသန်စွမ်းစေတဲ့ လေ့ကျင့်ခန်း လုပ်ဆောင်တာကြောင့် ဦးနှောက်ဆဲလ်သစ်တွေ ထွက်ရှိစေပြီး ဦးနှောက်စွမ်းအားကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။ လေ့ကျင့်ခန်း လုပ်တာကြောင့် ဦးနှောက်ထဲမှာ ပရိုတင်းဓာတ် (BNDF) တစ်မျိုး ပမာဏမြင့်တက်ပြီး ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်းနဲ့ လေ့လာနိုင်စွမ်းတွေမှာ ကောင်းမွန်မှု့ ရှိပါတယ်။

(၈) မှတ်ဉာဏ် ကောင်းစေပါတယ်

လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်တဲ့အခါ ဟစ်ပိုကမ်းပက်စ်မှာ ဆဲလ်ထွက်ရှိနှုန်းတိုးပြီး မှတ်ဉာဏ်နဲ့ သင်ယူလေ့လာနိုင်စွမ်း ကောင်းမွန်သွားပါတယ်။

(၉) အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပါတယ်

လေ့ကျင့်ခန်း လုပ်တာကြောင့် ဦးနှောက်ကနေ စိတ်ခံစားချက်ကောင်းစေတဲ့ ဒိုပါမင်းဓာတ် အထွက်တိုးပြီး အစာကို အလွန်အမင်း စားချင်တဲ့စိတ် လျော့ကျသွားတတ်ပါတယ်။ ဒါ့အပြင် အရက် သောက်ချင်စိတ်ကိုပါ ထိန်းချုပ်ပေးပါတယ်။

(၁၀) အပန်းပြေစေပါတယ်

ပြေးတာနဲ့ လေ့ကျင့်ခန်းလုပ်တာတို့လို အသင့်အတင့် လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာကြောင့် အပန်းပြေပြီး အိပ်မပျော်တဲ့ ဝေဒနာကို သက်သာစေပါတယ်။

(၁၁) ဖန်တီးနိုင်စွမ်း တိုးစေပါတယ်

စိမ်းလန်းတဲ့ သစ်ပင်ပန်းမန်တွေကြား လှုပ်ရှားမှု့ လုပ်ဆောင်တာကြောင့် ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို လန်းဆန်းစေပြီး ဖန်တီး တွေးခေါ်နိုင်စွမ်းအားကို မြင့်တက်စေပါတယ်။

(၁၂) တခြားသူတွေကို အားပေးနိုင်ပါတယ်

လေ့ကျင့်ခန်း လုပ်တဲ့သူတွေဟာ နာကျင်မှု့ကို ခံနိုင်ရည်ပိုရှိပြီး ဘဝမှာ ပင်ပန်းတဲ့လောကဓံကို ကြုံကြိုက်လာရင်တောင် တခြားဘဝတူတွေကို အားပေးနိုင်တဲ့ စိတ်ခွန်အား ရှိနေတတ်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top