Healthy Life Ad
Q & A

ပထမကလေးကို ဗိုက်ခွဲမွေးပြီး ဘယ်လောက်ကြာရင် နောက်ကလေး မွေးလို့ရလဲ

မေး ပထမကလေးကို ဗိုက်ခွဲမွေးပြီး ဘယ်လောက်အကြာမှာ နောက်တစ်ကြိမ်ဗိုက်ခွဲပြီး ကလေးမွေး သင့်ပါသလဲ ဆရာ။
နီနီ၊ သာကေတ။

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ဖြေကြားပေးပါသည်။

ဖြေ. ခွဲစိတ်ထားတဲ့ မွေးလူနာတွေကို ဆရာတို့က ပြောလေ့ရှိတယ်။ အနည်းဆုံး တစ်နှစ်လောက်ကတော့ ကလေးမယူသင့်သေးဘူးလို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခွဲထားတဲ့ ဒဏ်ရာ ကောင်းကောင်း အနာကျက်သွားအောင်၊ သားအိမ်က နောက်ထပ် ကလေးတစ်ယောက်ကို လက်ခံနိုင်အောင် တစ်နှစ်လောက်ကတော့ အနည်းဆုံး အချိန်ယူသင့်တာကြောင့်ပါ။ ဒါပေမဲ့ နောက်ကလေးယူတဲ့ ကိစ္စက အမျိုးသမီးတစ်ဦးနဲ့ တစ်ဦးမှာ မတူကြပါဘူး။ အဲဒီတော့ လူနာတစ်ယောက်ချင်းအပေါ်မှာ မူတည်ပါတယ်။ တချို့ကတော့ ကလေးကို အေးအေးဆေးဆေး အချိန်ယူပြီး မွေးလို့ရတဲ့ မိခင်တွေဆိုရင်တော့ အနည်းဆုံးတစ်နှစ်တော့ ခြားပြီးမှ ကလေးယူသင့်ပါတယ်။ ကိုယ့်ကလေးကို ပြုစုဖို့၊ သားဆက်ခြားဖို့ အပြင်မှာ ကလေးနှစ်နှစ်လောက်နေမှ နောက်ကလေးတစ်ယောက် ထပ်ယူတာ ပိုပြီးကောင်းပါတယ်။ အဲဒီလိုမခြားဘဲ ကလေးယူတာတော့ မကောင်းပါဘူး။ အပြင်က ကလေးတွေကိုလည်း ကောင်းကောင်း မပြုစုနိုင်၊ ဗိုက်ထဲက ကလေးကိုလည်း မပြုစုနိုင်တာမျိုး ဖြစ်တတ်လို့ပါ။

ဒါပေမဲ့ တစ်ခါတလေ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ဥပမာ အသက်ကြီးမှ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရတယ်၊ အဲဒီအချိန်မှာ သူ့အသက်က ၄၀ ကျော်နေပြီဆိုပါစို့ . . နောက် ကလေးတစ်ယောက် ထပ်လိုချင်တယ်ဆိုရင် နှစ် နှစ်-သုံးနှစ်ခြားဖို့ သွားပြောလို့ မဖြစ်ပြန်ဘူး၊ အသက်က အရမ်းကြီးပြီး ကလေးရဖို့လည်း ခက်သွားတတ်ပါတယ်။ အဲဒီလို အသက်ကြီးရင် ခွဲစိတ်ပြီး ကလေးမွေးတဲ့အခါ တစ်ခါတလေကျရင် ကလေးအဖတ်မတင်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးဆိုရင် ခြွင်းချက်အနေနဲ့ ကလေးအသက် ၂နှစ်-၃ နှစ်အထိ စောင့်မယ့်အစား ကလေး ၆ လ-၈ လ အရွယ်ဝန်းကျင်မှာ စောစော ကိုယ်ဝန်ဆောင်ခိုင်းလိုက်ရတာမျိုးလည်း ရှိပါတယ်။

ယေဘုယျအားဖြင့် ပြောရရင်တော့ အမျိုးသမီးတစ်ယောက်ဟာ ကလေးတစ်ယောက်မွေးပြီးရင် အနည်းဆုံး တစ်နှစ်လောက်တော့ ခြားပြီးမှ နောက်ကလေးယူသင့်ပေမယ့် အခြေအနေပေါ်မူတည်ပြီး တစ်ဦးနဲ့တစ်ဦး မတူတာလေးတွေတော့ ရှိပါတယ်။

Most Popular

Healthy Life Ad
To Top