Healthy Life Ad
Health Tips

သင့်ကို သူငယ်ပြန်ရောဂါ ကာကွယ်နိုင်မည့် အားလပ်ချိန် အပြုအမူ ၆ မျိုး

၊ လရိပ်မေ ၊

အားလပ်ချိန်မှာ သင်ဘယ်လို အချိန်ဖြုန်းသလဲဆိုတဲ့ အပြုအမူတွေက သင့်ကိုသူငယ်ပြန် မှတ်ဉာဏ် လျော့နည်းရောဂါနဲ့ အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင် ကာကွယ်ရာမှာ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။ လေ့လာမှုတွေအရ အနုပညာ သင်တန်းတက်တာ၊ ဘာသာစကားအသစ် သင်ယူတာ စတဲ့ အပြုအမူတွေကို အားလပ်ချိန်မှာ လုပ်ပေးတာကြောင့် ဘဝနေဝင်ချိန်တွေအထိ မှတ်ဉာဏ် ထက်သန်နေစေတယ်လို့ သိရပါတယ်။

(၁) သရုပ်ဆောင်သင်တန်း တက်ပါ

သရုပ်ဆောင်နိုင်ဖို့ဆိုတာ မှတ်မိနိုင်စွမ်း အများကြီးရှိဖို့လိုပါတယ်။ လေ့လာမှုတစ်ခုအရ သရုပ်ဆောင်သင်တန်းတွေကို တစ်ပတ်နှစ်ကြိမ်နဲ့ လေးပတ်ကြာ သင်ယူခဲ့တဲ့ အသက်ကြီးသူ ၁၂၂ ဦးဟာ မှတ်မိနိုင်စွမ်း သိသိသာသာကောင်းမွန်ပြီး စကားလုံး စာရင်းပြန်မှတ်မိနိုင်စွမ်း၊ ကိန်းဂဏန်းတွေ မှတ်မိနိုင်စွမ်းနဲ့ ပုံပြင်တို တစ်ပုဒ်ကိုဖတ်ပြီး ပြန်မှတ်မိနိုင်စွမ်းတွေမှာ သင်တန်းမတက်တဲ့ တခြားအသက်ကြီးသူတွေထက် သိသိသာသာ တိုးတက်မှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။

(၂) စာသင်ပေးပါ

တစ်ပတ်မှာ ၁၅ နာရီခန့် တစ်ပါးသူကို စေတနာနဲ့ စာသင်ကြားပေးခဲ့တဲ့ အမျိုးသမီးတွေဟာ ပြဿနာ ဖြေရှင်းနိုင်စွမ်းကောင်းမွန်ပြီး အာရုံစူးစိုက်မှုနဲ့ဆိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှု သိသိသာသာ ကောင်းမွန်တာကို လေ့လာ သိရှိခဲ့ရပါတယ်။

(၃) ဉာဏ်စမ်းပဟေဠိဂိမ်း ကစားပါ

အားလပ်ချိန်မှာ ဉာဏ်စမ်းပဟေဠိဂိမ်းကို ပုံမှန်ကစားလေ့ရှိတဲ့ အသက်ကြီးသူတွေဟာ မကစားသူတွေနဲ့ နှိုင်းယှဉ်ရင် ဦးနှောက်တစ်သျှူး သန်စွမ်းပြီး မှတ်ဉာဏ်နဲ့ တွေးခေါ်နိုင်စွမ်းတွေမှာ သိသိသာသာ ကောင်းမွန်မှုရှိတယ်လို့ လူ ၃၂၉ ဦးကို လေ့လာမှုအရ သိရပါတယ်။ ဆုဒိုကု၊ ကျားကစားတာနဲ့ ကတ်ကစားတာတို့ လုပ်ဆောင်ပေးရင် မှတ်ဉာဏ် ကောင်းမွန်စေပါတယ်။

(၄) ဂီတတူရိယာ တီးခတ်ပါ

အာရုံစူးစိုက်နိုင်စွမ်း၊ မှတ်ဉာဏ်၊ အမြင်စွမ်းရည်နဲ့ အကြားစွမ်းရည် စတဲ့ တွေးခေါ်ဆင်ခြင်နိုင်စွမ်း အမျိုးမျိုး ကောင်းမွန်အောင် တေးဂီတ တူရိယာတွေကို တီးခတ်နိုင်ဖို့ သင်ယူလေ့လာပါ။ အမ်မိုရီတက္ကသိုလ်ရဲ့ လေ့လာမှုအရ အသက် ၇၀ အရွယ်ရှိသူတွေကို ၁၀ နှစ်ကြာ လေ့လာခဲ့တဲ့အခါ တေးဂီတတူရိယာ တီးခတ်တတ်သူတွေက လူနာမည်နဲ့ ရုပ်သွင်တွေကို မှတ်မိနိုင်စွမ်းပိုရှိတာကို တွေ့ရှိခဲ့ရပါတယ်။ အကြောင်းကတော့ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှု့ ပိုကောင်းလို့ပါ။

(၅) ဆေးခြယ်ပါ၊ ပုံဆွဲပါ၊ ပန်းပုထုပါ

ပန်းချီဆွဲတာလို အနုပညာဆန်တဲ့ အပြုအမူတွေ လုပ်ဆောင်တာကြောင့် အာရုံစူးစိုက်နိုင်စွမ်း တိုးစေပါတယ်။ ဥပမာ ပန်းပွင့်တစ်ပွင့်ပုံဆွဲနိုင်ဖို့ ပန်းပွင့်အစစ်ကို အနီးကပ်ကြည့်တာမျိုး၊ ပန်းပွင့်ပုံကို ကြည့်တာမျိုး လုပ်ဆောင်ရသလို ပွင့်ချပ်၊ သစ်ရွက်နဲ့ ရိုးတံတွေကို အနီးကပ် လေ့လာရပါတယ်။ အဲဒီလို အသေးစိတ်လေ့လာရင်း အာရုံစူးစိုက်မှု့ ပိုကောင်းလာကာ မှတ်ဉာဏ် ထက်သန်လာရတာပါ။

(၆) ဘာသာစကားအသစ် သင်ယူလေ့လာပါ

လေ့လာသူတွေက အယ်လ်ဇိုင်းမား ရောဂါရှိသူတွေရဲ့ နောက်ခံအကြောင်းရင်းတွေကို ဆန်းစစ် လေ့လာလိုက်တဲ့အခါ ဘာသာစကား နှစ်မျိုးတတ်သူတွေက ဘာသာစကား တစ်မျိုးတည်း ပြောနိုင်သူတွေထက် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နှုန်း ပျမ်းမျှအားဖြင့် ၄ ဒသမ ၆ နှစ ်နောက်ကျကြောင်း တွေ့ရှိခဲ့ရပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top