Healthy Life Ad
Child

ဘာကြောင့် ဆံပင်တွေ ကျွတ်နေရတာလဲ….

၊ ငွေကြယ်စင်ယံ ၊

တစ်ခါတစ်ရံမှာ ဆံပင်တွေ သိသိသာသာ ကျွတ်နေတတ်ပါတယ်။ ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းကို သေချာနားလည်ပြီး ကုသမှု ခံယူပေးဖို့ လိုအပ်ပါတယ်။

* ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု့ *

ခွဲစိတ်ကုထုံး၊ ယာဉ်မတော်တဆ ထိခိုက်မှုနဲ့ ပြင်းထန်တဲ့ နာမကျန်းမှု့ဝေဒနာ ဖြစ်တာတို့လို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် ယာယီဆံပင် ကျွတ်စေနိုင်ပါတယ်။ ဆံပင်မှာ ကြီးထွားတဲ့ အဆင့်၊ ကြီးထွားမှု့ ရပ်နေတဲ့ အဆင့်နဲ့ ကျွတ်တဲ့အဆင့်ဆိုပြီး အဆင့် သုံးဆင့်ရှိတဲ့အနက် စိတ်ဖိစီးမှုများတဲ့ အခြေအနေ ဒါမှမဟုတ် မတော်တဆထိခိုက်မှု့ ဖြစ်တဲ့ အခြေအနေမှာ ဆံပင်တွေ ကျွတ်တတ်ပါတယ်။ မတော်တဆ ထိခိုက်ဒဏ်ရာရပြီး ၃ – ၆ လအတွင်း ဆံပင်ကျွတ်နှုန်းနဲ့ ဆံပင်ကျဲပါးနှုန်း မြင့်မားတာကို သင်သတိပြုမိမှာပါ။

– ဘယ်လို ကုသသင့်သလဲ

နာမကျန်းမှု့ကနေ ပြန်ကောင်းလာတဲ့အခါ ဆံပင် ပြန်ပေါက်လာပါလိမ့်မယ်။

* ကိုယ်ဝန်ဆောင်ခြင်း *

ကိုယ်ဝန်ရှိတာကြောင့် ဆံပင် ကျွတ်စေနိုင်ပါတယ်။ ကလေးမွေးပြီးတဲ့အခါမှာလည်း ဆံပင် ကျွတ်နိုင်ပါတယ်။

– ဘယ်လို ကုသသင့်သလဲ

ကလေးမွေးပြီး ဆံပင်အကျွတ်များရင် နှစ်လအတွင်း ဆံပင် ပြန်ပေါက်လာမှာပါ။ ဒါက ပုံမှန်နဲ့ ယာယီပြဿနာဖြစ်လို့ စိတ်ပူစရာမလိုပါဘူး။

* မျိုးရိုးလိုက်ခြင်း *

ဆံပင်ကျွတ်တဲ့ မျိုးရိုးရှိရင်လည်း ဆံပင်အကျွတ် များတတ်ပါတယ်။ သင့်မိသားစုဝင်တွေက ဆံပင်ကျွတ်နှုန်းများရင် သင်လည်း ဆံပင်ကျွတ်နိုင်ခြေ များပါတယ်။ အမျိုးသမီးတွေ ဆံပင်ပါးတဲ့အခါ ဆံပင်ကျွတ်နှုန်း များနေပြီလို့ သိနိုင်ပါတယ်။

– ဘယ်လို ကုသသင့်သလဲ

အမျိုးသားတွေလိုပဲ အမျိုးသမီးတွေရဲ့ ဆံပင်ကျွတ်တဲ့ ပြဿနာကို Minoxidil ဆေးလိမ်းပြီး ဖြေရှင်းနိုင်ပါတယ်။

* အမျိုးသမီးဟော်မုန်းများ *

ဟော်မုန်း အပြောင်းအလဲတွေကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။ သွေးဆုံးချိန်မှာ ဟော်မုန်းတွေ ပြောင်းလဲတတ်ပြီး ဦးရေပြားမှာရှိတဲ့ အန်ဒရိုဂျင် လက်ခံရာစင်တာ တက်ကြွရာက ဆံပင် ကျွတ်တတ်တာပါ။

– ဘယ်လို ကုသသင့်သလဲ

ဆရာဝန်နဲ့ တိုင်ပင်ပြီး ဟော်မုန်းအစားထိုး ကုထုံးခံယူပါ။

* ကိုယ်ခံအားစနစ်က ပြန်လည်တိုက်ခိုက်သော ရောဂါတစ်မျိုး (Lupus) *

Lupus ဆိုတာ ဆံပင်ကျွတ်နှုန်း များစေနိုင်တဲ့ Autoimmune ရောဂါတစ်မျိုးပါ။ အဲဒီရောဂါဆိုတာ ကိုယ်ခံအားစနစ်မှာ ပါဝင်တဲ့ ဆဲလ်တွေ ဖောက်ပြန်တာကြောင့် ကိုယ်တွင်းစနစ်တွေကို ပြန်တိုက်ဖျက်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အဲဒီအခြေအနေမှာ ဆံပင် ပြန်မပေါက်နိုင်ပါဘူး။

– ဘယ်လို ကုသသင့်သလဲ

ဆံပင်ကျွတ်တာက အသေးစားပြဿနာပဲ ဆိုပေမယ့် ဆံပင်ကျွတ်တာကို ဖုံးနိုင်မယ့် ဆံပင်စတိုင် ထားရှိသင့်ပါတယ်။ ဆံပင်တိုတိုက ဆံပင်ရှည်နဲ့စာရင် ဆံပင်ပါးကြောင်း မသိသာစေဘဲ ဆံပင်ကျဲပါးတာကိုလည်း ကောင်းကောင်း ဖုံးထားနိုင်ပါတယ်။

* ကင်ဆာဆေးသွင်းကုထုံး *

ကင်ဆာလူနာ အများစုဟာ ကင်ဆာဆေးသွင်း ကုထုံးကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။

– ဘယ်လို ကုသသင့်သလဲ

ကင်ဆာဆေးသွင်းကုထုံး ခံယူပြီးသွားတဲ့အခါ ဆံပင်တွေ ပြန်ပေါက်လာမှာပါ။

* သားဥအိမ်တွင် အရည်အိတ်များဖြစ်တည်နေသော ရောဂါစု (PCOS) *

ဟော်မုန်းမမျှတတဲ့ အခြေအနေကြောင့် သားဥအိမ်မှာ အရည်အိတ်တွေဖြစ်တဲ့ ရောဂါစု ဖြစ်တတ်ပါတယ်။ အန်ဒရိုဂျင် ဟော်မုန်းလွန်ကဲတာကြောင့် သားဥအိမ်မှာ အရည်အိတ်တည်တာ၊ ကိုယ်အလေးချိန် တက်တာ၊ ဆီးချိုသွေးချိုဖြစ်နှုန်း မြင့်မားတာ၊ ရာသီစက်ဝန်း အပြောင်းအလဲဖြစ်တာ၊ မျိုးမအောင်တာနဲ့ ဆံပင်ကျဲပါးတာတို့ ဖြစ်တတ်ပါတယ်။

– ဘယ်လို ကုသသင့်သလဲ

PCOS ဖြစ်ရင် ဟော်မုန်းဟန်ချက် မညီမျှမှု့ကို ဖြေရှင်းနိုင်ဖို့ ကုသမှု လိုအပ်ပါတယ်။

* စိတ်ကျဆေး၊ သွေးကျဲဆေးနှင့် အခြားဆေးဝါးများ မှီဝဲနေရခြင်း *

တချို့ဆေးတွေက ဆံပင် ကျွတ်စေနိုင်ပါတယ်။ ဆံပင်ကျွတ်စေနိုင်တဲ့ ဆေးအများစုက သွေးကျဲဆေးတချို့နဲ့ ဘီတာဘလော့ကာလို သွေးတိုးရောဂါ ကုသဆေးတချို့ပ ဲဖြစ်ပါတယ်။ ရူမတစ်ရောဂါနဲ့ တချို့ အရေပြားရောဂါတွေအတွက် ဆေးတချို့နဲ့ စိတ်ကြွ-စိတ်ကျ ဝေဒနာလက္ခဏာအတွက် သုံးတဲ့ဆေးတွေကြောင့် ဆံပင် ကျွတ်နိုင်ပါတယ်။

– ဘယ်လို ကုသသင့်သလဲ

ဆေးဝါးတစ်မျိုး ဒါမှမဟုတ် တစ်မျိုးထက် ပိုပြီးသုံးရင် ဆံပင်ကျွတ် နိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်နှုန်း များနေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပမာဏ လျှော့ချတာ ဒါမှမဟုတ် တခြားဆေးတစ်မျိုး ပြောင်းသုံးတာတို့ လုပ်ဆောင်ပါ။

* ဆံပင်ပုံသွင်းလွန်းခြင်း *

ဆံပင်ကို စတိုင်မျိုးစုံ ပုံသွင်းလွန်းတာနဲ့ ဆံပင်ကုထုံးတွေ ခံယူတာကြောင့် ဆံပင် ကျွတ်စေနိုင်ပါတယ်။ ဆံပင်ပုံသွင်းတာက ဆံပင်အရင်းကို ထိခိုက်ပြီး ဆံပင်ကျွတ်ရတာပါ။ ကျစ်ဆံမြီး ကျစ်တာ၊ ဆံပင်တု စွပ်တာ၊ ဆံပင်ကို ခပ်တင်းတင်း ဆွဲစည်းတာ၊ ဆံပင်ကို ကြမ်းတမ်းတဲ့ ဓာတုပစ္စည်းတွေနဲ့ ပုံသွင်းတာ၊ အပူပေးတာ စတဲ့နည်းတွေ လုပ်ဆောင်ရင်လည်း ဆံပင်ကျွတ်နှုန်း များတတ်ပါတယ်။

– ဘယ်လို ကုသသင့်သလဲ

ဆံပင်ပုံသွင်းတဲ့ နည်းလမ်းတွေကို ရှောင်ပါ။ ဒါ့အပြင် ရှမ်ပူနဲ့ ခေါင်းလျှော်ပြီးတိုင်း ကွန်ဒီရှင်နာ လိမ်းပါ။ ပြီးရင် ဆံပင်ကို ခြောက်သွေ့အောင် ထားပါ။ ဆံပင်ကို အပူပေးပြီး ပြုပြင်တဲ့ ကုထုံးကို တစ်ပတ်မှာ တစ်ကြိမ်ထက်ပိုပြီး မလုပ်ပါနဲ့။

(Ref;RD)

Most Popular

Healthy Life Ad
To Top