Healthy Life Ad
Child

အောက်မျက်ခွံအောက်တွင် အမည်းစက်များ ဖြစ်ပေါ်ခြင်း

ဒေါက်တာမြတ်စန္ဒာကျော် (အရေပြား အထူးကုဆရာဝန်ကြီး)

ပါမောက္ခ၊ မြောက်ဥက္ကလာပ ဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး မျက်ခွံအောက်မှာ အမည်းစက်တွေ ဖြစ်ပေါ်တဲ့အခါ သက်သာအောင် ဘယ်လို လုပ်နိုင်ပါသလဲ ဆရာမ။

ဖြေ မျက်ခွံအောက်မှာ အမည်းစက်လေးတွေကို တွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ပိုတွေ့ရပါတယ်၊ ဖြစ်စေတဲ့ အကြောင်းရင်းတွေ စဉ်းစားကြည့်ရအောင်-

– လူပန်း၊ စိတ်ပန်းဖြစ်တဲ့အခါ ဖြစ်တတ်တယ်၊ အိပ်ရေးမဝရင်လည်း ဖြစ်တတ်တယ်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ရင်လည်း ဖြစ်တတ်တယ်၊ ဒါကြောင့် အလုပ်ပင်ပန်းတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အိပ်ပါ၊ စိတ်တည်ငြိမ်အောင် တရားထိုင်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။

– အဆီပေါက်၊ မွေးညင်းပေါက်တွေ ပိတ်သွားရင်လည်း အရေပြား ရောင်ရမ်းလာပြီး အမည်းစက်တွေ ဖြစ်တတ်ပါတယ်၊

– မိတ်ကပ်ထူထူ ပျစ်ပျစ်ကြီးတွေ မလိမ်းသင့်ပါဘူး။ မျက်နှာကို ပွန်းစေမယ့် ကြေးချွတ်၊ ပေါင်းတင်တာမျိုးတွေ မကြာခဏ မလုပ်သင့်ဘူး၊ ကြေးချွတ်ကုထုံး (Scrub) ကို ပြင်းပြင်းထန်ထန် မသုံးသင့်ဘူး၊ မျက်နှာသန့်ရှင်းရေးကို ဂရုစိုက်သင့်တယ်လို့ အကြံပေးချင်ပါတယ်။

– အစားလျှော့စားပြီး ကိုယ်အလေးချိန် လျော့ချတဲ့အခါ ဖြစ်တတ်တယ်။ ရေဓာတ်ချို့တဲ့တဲ့ အခါနဲ့ အရည်သောက်နည်းတဲ့အခါ ဖြစ်တတ်ပါတယ်။

– ကျန်းမာစေတဲ့ အစာကို စားသင့်ပါတယ်။ ရေကိုလည်း ပုံမှန် သောက်သင့်ပါတယ်။

– နေလောင်တာများရင် ဖြစ်တတ်တယ်၊ မှဲ့ခြောက်၊ တင်းတိတ် အကွက်တွေ ထွက်လာတတ်ပါတယ်။

– နေပူဒဏ်သာမကဘဲ လေပူကိုလည်း ရှောင်သင့်ပါတယ်၊ အရေပြားကို ပွန်းစေမယ့် အလှပြင်ပစ္စည်းတွေဖြစ်တဲ့ မျက်နှာပေါင်းတင်ပစ္စည်း (Face Mask) သုံးတာ၊ Scrub (ကြေးချွတ်ဆေး)သုံးတာ၊ မျက်နှာကြေးချွတ် ပေါင်းတင်တာ အလွန်အကျွံ မလုပ်သင့်ပါဘူး၊ နေလောင်ဒဏ် ပိုခံရပြီး အမည်းစက်တွေ ပိုထွက်လာတတ်တယ်။

– ဖုန်၊ မှို၊ အိမ်သုတ်ဆေး စတာတွေနဲ့ ဓာတ်မတည့်တဲ့ အခါလည်း ဖြစ်တတ်ပါတယ်။

– ကိုယ်နဲ့ မတည့်ဘူးလို့ သံသယရှိတဲ့ အရာတွေကို ရှောင်သင့်ပါတယ်။

– မျိုးရိုးကြောင့်လည်း ဖြစ်တတ်တယ်။ ဗီဇအရ အသားဖြူတဲ့သူတွေမှာ ပိုသိသာတတ်တယ်၊ အသက်ကြီးလာလို့လည်း ဖြစ်တတ်တယ်။

မေး မျက်ခွံအောက်မှာ အမည်းစက်တွေထင်ရင် ဘယ်လို ကုသသင့်ပါသလဲ ဆရာမ။

ဖြေ မျက်ခွံအောက်မှာ အမည်းစက်တွေ ထင်တာကို ကုသရာမှာ နည်းလမ်းအများကြီး ရှိပါတယ်။ အဓိကကတော့ ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာပြီး ဖယ်ရှားပစ်ရပါမယ်။

တကယ်လို့ မကုနိုင်သေးရင်၊ ကုမရရင် ဖုံးထားရမယ်၊ အမည်းစက်ပျောက်အောင် Make-up Concealor ဒါမှမဟုတ် သနပ်ခါးကို သုံးပြီး ဖုံးလို့ရပါတယ်၊ သနပ်ခါးလိမ်းလိုက်ရင် အရေပြား အမည်းရောင်တွေ အတော်များများကို ဖုံးပြီး၊ ကြည့်ကောင်းသွားမှာပဲ ဖြစ်ပါတယ်။ အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မြင့်တက်သွားမှာပါ။

Most Popular

Healthy Life Ad
To Top