Healthy Life Ad
Child

ငယ်ဘဝရဲ့ အရိပ်တွေ . .

ပါမောက္ခ ဒေါက်တာဉာဏ်ဝင်းကျော်

ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ပြောကြားသည်

ကျော်ကျော်က အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသားဖြစ်ပေမယ့် စကားအလွန်နည်းပြီး အပေါင်းအသင်းကလည်း အလွန်နည်းတယ်။ ဒါ့အပြင် အေးအေးဆေးဆေး၊ နှေးနှေးကွေးကွေး သွားလာတတ်တယ်။

“သားလေးကြည့်ရတာ လူငယ်တစ်ယောက်နဲ့ မတူဘူး၊ လေးလေးလံလံ အေးတိအေးစက်နဲ့ တကယ်ဆို ဒီအရွယ်က တက်တက်ကြွကြွ၊ သွက်သွက်လက်လက် ဖြစ်နေရမှာ”လို့ ကျော်ကျော့်မိခင်က ကျော်ကျော့်ဖခင်ကို ပြောပြတယ်။

ဒီလိုနဲ့ ကျော်ကျော်ရဲ့ မိဘတွေက ကျော်ကျော် တက်ကြွပျော်ရွှင်လာအောင် သူငယ်ချင်း အပေါင်းအသင်းတွေ အများကြီးကို အိမ်မှာခေါ်ပြီး သေချာ ချက်ပြုတ်ကျွေးမွေးတယ်၊ ဒါ့အပြင် ကျော်ကျော့်ကို ရုပ်ရှင်ရုံတွေ၊ စတိုးဆိုင်တွေ အတင်း ခေါ်သွားတယ်။ အဲဒီလို လူဝင်ဆန့်လာအောင် အမျိုးမျိုး လုပ်ပေးပေမယ့် ကျော်ကျော်က မိဘတွေနောက်ကို မလိုက်ချင်၊ လိုက်ချင်နဲ့ လိုက်နေရတယ်။ မိဘတွေနဲ့မို့ မလိုက်ချင်တာလားဆိုပြီး တစ်ယောက်တည်း လမ်းထွက်ခိုင်းတော့လည်း မထွက်ရဲဘူး၊ မသွားရဲ မလာရဲ ဖြစ်ပြီး ကြောက်လန့်နေတတ်တယ်။ လမ်းမထွက်ရဲဘဲ အိမ်တွင်းအောင်းနေတဲ့အပြင် တဖြည်းဖြည်း နှေးကွေး လေးလံတာများလာတော့ မိဘတွေစိတ်ထဲမှာ တစ်မျိုးဖြစ်လာတယ်။

“ကျွန်မတို့သားလေး နေ့နေ့ညည အခန်းထဲ အောင်းတာများတယ်၊ ဘာကြောင့်လဲ မသိဘူး၊ စိတ်ကျန်းမာရေး ဆရာဝန်ကြီးနဲ့ တိုင်ပင်မှ ဖြစ်မယ် ထင်တယ်”လို့ လင်မယားနှစ်ယောက် တိုင်ပင်ပြီး ဆရာ့ဆီကို ခေါ်လာတယ်။ ကျော်ကျော့်မိဘတွေက ဆရာနဲ့တွေ့တော့ “သားက စကားလည်း သိပ်မပြောဘူး ဆရာ” ဆိုတာပဲ ပြောတယ်။

“စကားမပြောတာတင်မကဘဲ တခြားအကြောင်းတွေများ ရှိနေသလား”လို့ မေးတော့ ကျော်ကျော့်မိဘတွေကလည်း ပြန်မဖြေဘူး၊ ကျော်ကျော်ကလည်း ဘာမှမပြောဘူး၊ ဒါနဲ့ ကျော်ကျော်က အမေ၊ အဖေရှေ့မှာဖြစ်လို့ မပြောချင်တာထင်တယ်ဆိုပြီး မိဘတွေကို အပြင်ခဏ ထွက်ခိုင်းလိုက်ရင်း ကျော်ကျော့်ကို ပွင့်ပွင့်လင်းလင်း စကားပြောခိုင်းလိုက်တယ်။

“ကျော်ကျော် . . သားပြောချင်တာတွေ အကုန်ပြော၊ ပြောစရာရှိတာတွေ အကုန်ပြော၊ ရင်ထဲမှာရှိတာတွေ အကုန်လုံးဆရာ့ကို ရင်ဖွင့်လို့ရတယ်”လို့ ဆရာကပြောတော့- အစပိုင်းမှာ “ကျွန်တော့်မှာ ပြောစရာမရှိပါဘူး ဆရာ”လို့ပဲ ပြန်ဖြေတယ်။

“ရင်ထဲမှာ ဘာတွေ ခံစားနေရသလဲ၊ ဆရာ့ကို ပြောပြပါဦး”လို့ မေးလိုက်တော့လည်း-“ဘာမှ မခံစားရပါဘူး”လို့ပဲ ပြန်ဖြေတယ်။

“အိပ်လို့ရော ပျော်ရဲ့လား”လို့ မေးလိုက်တော့-

“တော်တော်နဲ့ အိပ်မပျော်ဘူး ဆရာ၊ ညဉ့်နက်မှ အိပ်ပျော်တယ်”လို့ မပွင့်တပွင့်ဖြေတယ်။

“မနက်ဆိုရင်ကော ဘယ်အချိန်နိုးလဲ”ဆိုတော့

“မနက်လေးနာရီလောက်ဆို နိုးနေပါပြီ ဆရာ”လို့ ဖြေတယ်။ ညဉ့်နက်မှ အိပ်ရက်နဲ့ စောစောနိုးတယ်ဆိုတော့ လူငယ်လူရွယ်တစ်ယောက်အတွက် ပြဿ နာရှိတယ်လို့ ယူဆရပါတယ်။ ဒါနဲ့-

“မင်းမှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ၊ စိတ်ပင်ပန်းစရာ တစ်ခုခုတော့ ရှိကိုရှိမယ်ကွာ. .ဆရာ့ကို ပွင့်ပွင့်လင်းလင်း ပြောပါဦး”လို့ မေးကြည့်လိုက်တော့-

“ကျောင်းသွားရမှာ စိတ်ညစ်တယ်ဆရာ”လို့ ဖြေပါတယ်။

“ကျောင်းမှာ ဆရာတွေနဲ့ ရင်ဆိုင်ရမှာကြောက်တယ်၊ ဆရာတွေကို ရင်မဆိုင်ချင်ဘူး . . အဲဒီလိုနဲ့ ကျွန်တော် ကျောင်းပျက်တဲ့ရက်တွေ များလာတယ် ဆရာ၊ ကျောင်းပြန်တက်တဲ့အခါမှာ ဆရာတွေက ကျွန်တော့်ကို ရိုက်များ ရိုက်လေမလား၊ ဆူများ ဆူလေမလားဆိုပြီး စိုးရိမ်စိတ်နဲ့ ကြောက်စိတ်တေ ွဝင်လာတယ် . . အဲဒီတော့ အပြင်မှာဆိုရင် နေမထိထိုင်မသာဖြစ်ပြီး စကားလည်း မပြောရဲတော့ဘူး၊ ကျောင်းကိုလည်း လုံးဝ မသွားချင်တော့ဘူး၊ ဆရာတွေကိုလည်း မကြည့်ရဲဘူး ဆရာ”

ဆရာက မေးလိုက်၊ ကျော်ကျော်က ပြန်ဖြေလိုက်နဲ့ နောက်ပိုင်းမှာတော့ ကျော်ကျော်က သူ့အကြောင်းတွေကို ငယ်ဘဝကစပြီး ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပါတော့တယ်။

ကျော်ကျော်ကလေးဘဝတုန်းက မိဘတွေက အလုပ်ကိစ္စနဲ့ အပြင်ထွက် အလုပ်လုပ်နေတော့ သူ့ကို အိမ်မှာ အထိန်းကောင်မလေးနဲ့ပဲ ထားခဲ့ကြတယ်။ အထိန်းကောင်မလေးက ကျော်ကျော် မစားရင်လည်း မစားလို့ ထုရိုက်တယ်၊ နှိပ်စက်တယ်၊ စားရင်လည်း စားလို့ ထုရိုက်နှိပ်စက်ပြန်တယ်။

အဲဒီလို အနှိပ်အစက်ခံခဲ့ရပေမယ့် အထိန်းကောင်မလေးက “နင့်မိဘကို ပြောရဲပြောကြည့်၊ ဒီ့ထက်ပိုနာမယ်”ဆိုပြီး ခြိမ်းခြောက်ထားလို့ မိဘကို ပြန်မပြောရဲခဲ့ဘူး။ အဲဒီလို ငယ်ငယ်က အထိန်းကောင်မလေးရဲ့ အနှိပ်စက်ခံခဲ့ရတော့ ကြီးလာတဲ့အခါ မိန်းကလေးတွေမြင်ရင်လည်း သူကြောက်နေတယ်။ ငယ်ငယ်တုန်းက သူ့နားထဲကို ပိုးကောင်ဝင်ပြီး တဝီဝီအော်နေတော့ သူအတော်လေး အော်လိုက်ရတယ်၊ သူသိပ်လန့်သွားခဲ့တယ်။ အဲဒီနောက်ပိုင်း ယင်ကောင်၊ ပုရစ်၊ ပိုးဟပ်၊ ပုရွက်ဆိတ် အစရှိတဲ့ ဘာပိုးကောင်လေးတွေ မြင်မြင် သူသိပ်ကြောက်တယ်၊ ကြောက်တာမှ အဲဒီ့အကောင်လေးတွေကို ရှောင်ပြီး သွားနေရတယ်။ အဲဒီအကောင်လေးတွေကို တွေ့လိုက်ရပြီဆိုရင် သူ့နားထဲများ ထပ်ဝင်လာမလား၊ အဲဒီလိုဝင်သွားရင် ဆေးရုံ၊ ဆေးခန်းကို ထပ်ရောက်လေဦးမလား ဆိုပြီး သူလန့်နေတယ်၊

ပြီးတော့ ကျော်ကျော် ငယ်ငယ်တုန်းကကျောင်းမှာ နိုင့်ထက်စီးနင်း ဆက်ဆံခဲ့တဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ ရှိခဲ့တယ်။ အဲဒါကို ပြန်ပြန်တွေးပြီး အခုပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကိုလည်း ကြောက်တယ်၊ သူ့ကို အနိုင်ကျင့်မှာစိုးလို့ ဘယ်သူ့ကိုမှ ရင်းရင်းနှီးနှီး မပေါင်းရဲဘူး၊ ကြောက်လည်း ကြောက် တယ်။ အဲဒီလို မပေါင်းရဲတော့ ခပ်ခွာခွာပဲ နေတယ်၊ မိဘတွေက အတင်းခေါ်လို့ ကုန်တိုက်တွေ ဘာတွေ သွားရတဲ့အခါမှာလည်း ကြောက်လွန်းလို့ ခြေဖျား၊ လက်ဖျားတွေ အေးစက်နေတယ်၊ အဲဒီကြောက်စိတ်ကလည်း ငယ်ငယ်တုန်းက အထိန်းကောင်မလေးနဲ့ အပြင်သွားတုန်း လူအုပ်ထဲမှာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ကြုံခဲ့ဖူးတယ်။ အဲဒီတုန်းက အထိန်းကောင်မလေးနောက်ကနေ အမောတကောနဲ့ မျက်ရည်တွေတွေကျရင်း ပြေးလိုက်ခဲ့ရဖူးတယ်။ အဲဒီကစပြီး လူအုပ်ထဲ သွားရမှာကို ကျော်ကျော် အင်မတန် ကြောက်ရွံ့နေခဲ့တယ်။

ကျော်ကျော်ဟာ စိတ်ညစ်တာ၊ စိတ်ရှုပ်တာ၊ စိတ်ဓာတ်ကျတာတွေ အပြည့်ရင်ဆိုင်နေရတယ်ဆိုတာကို မေးရင်း မေးရင်း အဖြေပေါ်လာခဲ့တယ်။ ကျော်ကျော့်ရဲ့ ကျန်းမာရေးအခြေအနေကို အထွေထွေဆေးစစ်ကြည့်လိုက်တော့ အစာကို ကောင်းကောင်းစားနိုင်တဲ့အတွက် ပြဿနာမရှိဘူး၊ သွေး၊ ဆီး၊ ဝမ်း အဖြေတွေကကောင်းတယ်၊ အသည်းရဲ့ လုပ်ငန်းဆောင်တာ ထမ်းဆောင်နိုင်မှုကလည်း ကောင်းတယ်၊ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာမှာကတော့ အကြောက်လွန်တဲ့ဝေဒနာအပြင် စိတ်ဓာတ်ကျတဲ့ ဝေဒနာလက္ခဏာတွေပါ တွေ့နေရတဲ့အတွက် လိုအပ်တဲ့ ဆေးတွေပေးလိုက်ပြီး နောက်တစ်ပတ်မှာ ပြန်လာပြဖို့ မှာလိုက်ရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ

ကျန်းမာ ချမ်းသာကြပါစေ။

Most Popular

Healthy Life Ad
To Top