Healthy Life Ad
Child

ဆရာဝန်ကြီးတို့၏ ဘဝလျှောက်လမ်း

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

ဆေးကျောင်းသားအဖြစ်မှ ဆရာဝန်၊ ဆရာဝန်အဖြစ်မှ အထူးကုဆရာဝန် စသဖြင့် ကုသရေးဆိုင်ရာ ပါမောက္ခရာထူးအထိ အဆင့်ဆင် ့တာဝန်ထမ်းဆောင်ခဲ့ရသော ဆရာဝန်ကြီးတို့၏ဘဝသည် လွယ်ကူချောမွေ့စွာ ဖြတ်သန်းနေရခြင်း မဟုတ်။ အထူးသဖြင့် ယခုအချိန်အထိ လူနာများစွာကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေဆဲ ဆရာဝန်ကြီးတို့အတွက် ကုသမှုဆိုင်ရာ အခက်အခဲများကို နိစ္စဓူဝ ကြုံတွေ့နေရနိုင်သည်။ သို့ဖြစ်ပါ၍ ဆရာဝန်ကြီးတို့ ကျင်လည်ဖြတ်သန်းခဲ့ရသော ဘဝလျှောက်လှမ်း အကြောင်းကို အများပြည်သူတို့ သိရှိနားလည်စေရန် ဗဟိုအမျိုးသမီးဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်နှင့် တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ရပါသည်။                                                                အယ်ဒီတာ

“ ဆရာတို့ခေတ်တုန်းက ဆေးကျောင်းတက်ရတယ်ဆိုတာ ၁၀ တန်းအောင်တဲ့ အမှတ်တစ်ခုတည်းနဲ့ တက်ခဲ့ရတာ မဟုတ်ပါဘူး။ ၁၉၇၇ ခုနှစ်မှာ ဆရာ ၁၀ တန်းအောင်ပြီးတော့ ဒေသကောလိပ်ဆိုတာ ၂နှစ် တက်ရသေးတယ် “ဟု ဖြူးမြို့သားဖြစ်သူ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်က ပြောသည်။ ဖြူးမြို့၊ အထက(၁)တွင် ၁၀ တန်းအောင်မြင်ပြီး ပဲခူးဒေသကောလိပ်တွင် ၂နှစ် တက်ရောက်ခဲ့ပြီးနောက် ၁၀ တန်းအမှတ်နှင့် ဒေသကောလိပ် ၂နှစ် ရမှတ်များပေါင်းကာ ဆေးကျောင်းတက်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာစိုးလွင်က ဆိုသည်။

“ဒေသကောလိပ်မှာ ဆေးပညာနဲ့ ဘာမှမဆိုင်တဲ့ ပညာရပ်တွေကို သင်ခဲ့ရပြီး ၁၉၈၀ မန္တလေးဆေးတက္ကသိုလ်မှာ 1st MB တက်ရမယ့်အစား 2nd MBကို စတက်ရတော့ အခြေခံဆေးပညာကို မသင်ခဲ့ရတဲ့အတွက် ဆရာတွေသင်တာကို တစ်ခုမှ နားမလည်ခဲ့ဘူး၊ အတော်လေး ခက်ခက်ခဲခဲနဲ့ ဆေးကျောင်းသားဘဝကို စခဲ့ရတယ် . . အဲဒီအချိန်မှာ မန္တလေးဆေးကျောင်းကနေ ရန်ကုန်ဆေးကျောင်းကို တချို့သူငယ်ချင်းတွေ ပြောင်းကြတယ်၊ ဆရာလည်း “ဘာဖြစ်လို့ ရန်ကုန်ကို ပြောင်းတာလဲ”လို့စူးစမ်းကြည့်တော့ အဲဒီခေတ်တုန်းက MBBSရဲ့နောက်မှာ (Ryn) ဒါမှမဟုတ် (Mdy) ဆိုတဲ့ ကိုယ်တက်ခဲ့တဲ့ ဆေးတက္ကသိုလ်ကို ထည့်ရတယ်။ “ဆေးခန်းဆိုင်းဘုတ်မှာ Mdyပါရင် လူတွေက အထင်မကြီးဘူး”လို့ ဆိုတယ်။ ဆရာလည်း အဲဒါကြောင့်ဆိုရင်တော့ ရန်ကုန်မပြောင်းတော့ဘူး၊ မန္တလေးမှာပဲ ဆက်တက်မယ်၊ ရန်ကုန်က ဆရာဝန်တွေထက် မညံ့စေရဘူးဆိုတဲ့ စိတ်နဲ့ ဆက်တက်ဖြစ်ခဲ့တယ်။

မန္တလေးမှာ ၅နှစ်တိတိ ပညာသင်ခဲ့တဲ့အချိန်မှာ ဆရာသိလိုက်ရတာက ဆေးပညာကို သင်ကြားတယ်ဆိုတဲ့အခါ ဘယ်နေရာမှာ သင်တယ်ဆိုတာ အဓိက မဟုတ်ဘူး၊ ကိုယ်ရဲ့ စိတ်ဓာတ်က ပိုအရေးကြီးတယ်ဆိုတာ သိခဲ့ရတယ်၊

မန္တလေးမှာ ဆရာကောင်းတွေနဲ့ တွေ့ခဲ့တယ်၊ နောက်တစ်ခု အကျိုးရှိတာက ဆရာ့အတွက် စာရေးဆရာဖြစ်လာဖို့ မျိုးစေ့ လမ်းစတစ်ခုရခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာဆေးကျောင်းတက်ချိန်မှာ မန္တလေးဆေးကျောင်းက စာရေးဆရာတွေ အများကြီးထွက်တဲ့ အချိန်နဲ့သွားကြုံလို့ပါပဲ . .ဆရာတို့ထက် ၂တန်း၊ ၃တန်းလောက်ကြီးတဲ့ စီနီယာတွေက စာရေးဆရာမ ဂျူး၊ ဆရာ နိုင်ဇော်၊ ဆရာ လူမျိုးနော်၊ ဆရာ ကျော်စွာထက်၊ ဆရာ ဂျိုဇော်၊ ဆရာ ကြည်ဇော်ဝင်း၊ ဆရာ တင်မောင်သန်း စသဖြင့် ဆေးကျောင်းသားဘဝမှာကို စာပေလောကမှာ အောင်မြင်နေတဲ့ စာရေးဆရာတွေ ဖြစ်နေကြတယ် . . ဆရာကလည်း စာရေးဆရာ ဖြစ်ချင်တဲ့သူဆိုတော့ အစ်ကိုကြီးတွေ၊ အစ်မကြီးတွေ အားကျတယ်၊ အဲဒီအချိန်မှာ ဆရာရဲ့ ဆရာ ဦးအောင်ကြီး (ဒေါက်တာအောင်ကြီး)နဲ့လည်း ဆုံခဲ့တယ်၊ ဆရာဦးအောင်ကြီးဆိုရင် သူ့စာအုပ်စင်ကနေ ဆရာ့ကို ကြိုက်တဲ့စာအုပ်တွေ ယူဖတ်ခွင့် ပေးခဲ့တယ် . . ဒါတွေက အမှတ်တရပါပဲ”ဟု ၁၉၈၅ ခုနှစ်တွင် ဆရာဝန်ဖြစ်ခဲ့သူ ဒေါက်တာစိုးလွင်က ဆေးကျောင်းသားဘဝအကြောင်း ပြောပြခဲ့သည်။

“ဆရာငယ်စဉ် ကလေးဘဝမှာ ဆရာတို့ဖြူးမြို့ကို ‘နာဂသိန်းနိုင်’ဆိုတဲ့ ဆရာဝန်ကြီးတစ်ဦး ရောက်လာပါတယ်။ နာဂတောင်တန်းတွေမှာ သိပ်ကိုနာမည်ကြီး ထင်ရှားတဲ့ ခွဲစိတ်ဆရာဝန်ကြီးပေါ့၊ ဆရာကြီးရောက်လာချိန်မှာ ဆရာကြီးဆီမှာ ခွဲစိတ်ကုသမှု့ ခံယူချင်တဲ့သူတွေက တစ်ပြည်လုံးကနေ ဆရာတို့မြို့လေးဆီ လာကြတယ်။ ဆရာကြီးက ခွဲစိတ်ရာမှာ တော်တဲ့အပြင် စိတ်ထားလည်း မြင့်မြတ်တယ်လေ၊ လူနာတွေဆီက ရတဲ့အလှူငွေကို ဆေးရုံကြီးတစ်ခု ပြန်ဆောက်ပေးခဲ့တယ်။ ဆရာငယ်ငယ်ကတည်းက ဆရာကြီးကို အားကျလေးစားတဲ့စိတ်နဲ့ “ငါကြီးလာရင် ခွဲစိတ်ဆရာဝန်ကြီးဖြစ်အောင် လုပ်မယ်”ဆိုတဲ့ ရည်မှန်းချက်က အဲဒီကတည်းက ရှိခဲ့တယ်”ဟု ဒေါက်တာစိုးလွင်က သူ၏ ငယ်ဘဝလမ်းပြကြယ်ကြောင့် ဆရာဝန်ဘဝကို လျှောက်လှမ်းဖြစ်ခဲ့ပုံကို ပြန်ပြောင်း ပြောပြခဲ့သည်။

ဆရာကြီး နာဂဦးသိန်းနိုင်ကို အားကျလေးစားစိတ်ဖြင့် ခွဲစိတ်ဆရာဝန်ကြီးဖြစ်ချင်ခဲ့သော ဒေါက်တာ စိုးလွင်အတွက် ဟောက်ဆာဂျင်ဘဝတွင် စိတ်ဓာတ်ကျစရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ဖူးသည်။

“ဟောက်ဆာဂျင်ဘဝမှာ ဆရာက အလုပ်ကြိုးစားတော့ အထက်က စီနီယာဆရာဝန်က တကယ့် ဗိုက်ကိုခွဲဖို့ အခွင့်အရေးပေးခဲ့တယ်။ အဲဒီမှာ အရှက်ကွဲတာပါပဲ၊ ဆရာက ငယ်ငယ်လေးကတည်းက မိန်းကလေးတွေကို ကြောက်တဲ့စိတ် ရှိခဲ့ပါတယ်။ တကယ် ခွဲစိတ်ခွင့်လည်းရရော မိန်းကလေးတွေ . . ဆေးကျောင်းသူ၊ အလုပ်သင်ဆရာဝန်မလေးတွေက ဝိုင်းကြည့်နေတာ တွေ့ရပါတယ်။ အဲဒီအချိန်မှာ ဆရာစိတ်တွေ လှုပ်ရှားပြီး လက်က တုန်လာပါတယ်။ တကယ်တမ်း ခွဲလည်းခွဲရော လက်ကတုန်နေတော့ တွန့်တွန့်ကြီး ခွဲမိသွားပါတယ်။ အဲဒါကို မြင်တော့ မိန်းကလေးတစ်ယောက်က ရယ်လိုက်တယ် . . ဆရာ ကြောက်လန့်ပြီး ခွဲစိတ်ဓားကို မကိုင်ရဲတော့တဲ့ဘဝ ရောက်သွားပါတော့တယ်။ အဲဒီတုန်းက ခွဲစိတ်ဆရာဝန်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်လည်း ပျောက်သွားပါတော့တယ်”ဟု ဒေါက်တာစိုးလွင်က အလုပ်သင် ဆရာဝန်ဘဝ အတွေ့အကြုံကို ပြောပြခဲ့သည်။

လူ့ဘဝဆိုတာ အပြောင်းအလဲများ ဖြစ်စမြဲ။ ဒေါက်တာစိုးလွင်သည် ထိုစဉ်က ခွဲစိတ်ဆရာဝန် မဖြစ်နိုင်တော့ဟု သူ့ကိုယ်သူ ယူဆကာ ဓားကိုင်ရန်မလိုသော ကလေးအထူးကုဆရာဝန်လုပ်ရန် စဉ်းစားခဲ့သည်။

“ကလေးအထူးကု ဝင်ခွင့်ဖြေဖို့ စာတွေဖတ်နေရင်းမှာပဲ ရွာတစ်ရွာမှာ သွေးတွေသွန်ပြီး သေကောင်ပေါင်းလဲနဲ့ ‘နော်’ဆိုတဲ့ လူနာမလေး ရောက်လာခဲ့ပါတယ်။ လူနာက သွေးတွေသွန်နေပေမယ့် ခွဲရင်ကောင်းမလားဆိုတဲ့ ချီတုံချတုံစိတ်က ဖြစ်နေခဲ့တာပါ။ နောက်ဆုံး ငါမခွဲရင် လူနာ သေသွားလိမ့်မယ်ဆိုတဲ ့စိတ်နဲ့ ခက်ခက်ခဲခဲ ခွဲစိတ်လိုက်တာ အောင်မြင်သွားပါတယ်။ အဲဒီအချိန်မှာ ခွဲစိတ်ဓားကို ငါကိုင်လို့ရပါ့လားဆိုတဲ့ ခံစားချက်နဲ့ အားတက်လာပါတယ်။ နေကောင်းနေတဲ့ နော်ဟာ ဖြစ်ချင်တော့ ခွဲပြီး သုံးရက်လောက်နေရော လူနာက ဆရာ့လက်ပေါ်မှာပဲ ဆုံးသွားခဲ့ပါတယ်။ မပြည့်စုံတဲ့နေရာမှာ ခွဲတာဆိုတော့ လူနာက ပိုးတွေဝင်ပြီး နောက်ဆုံးမှာ အဖျားတက်၊ သေသွားရတာပါ။ ဒါပေမဲ့ ဆရာ့စိတ်ထဲမှာ “ငါသာ စောစောစီးစီးကတည်းက သတ္တိရှိရှိခွဲလိုက်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး”ဆိုပြီး စိတ်ထဲမှာ အကြွေးတင်သလို ခံစားလိုက်ရပါတယ်။ အဲဒီအကြွေးကြောင့် ဒီလူနာအတွက် နောက်ထပ်ဒီလိုမျိုး အသက်အများကြီးကို ကယ်တင်ပြီး ပြန်ဆပ်မယ်၊ ကိုယ်ဝန်ဆောင် မိခင်တွေအများကြီးကို ခွဲစိတ်တဲ့ဆရာဝန်ပဲ လုပ်တော့မယ်ဆိုပြီး အိုဂျီလိုင်းကို ရွေးဖြစ်သွားခဲ့ပါတယ်. .

“ဒပ်ဖရင်မှာအလုပ်လုပ်တော့ မမတွေက ဘာလို့ အိုဂျီလိုင်းကို ရွေးရတာလဲ၊ အိုဂျီဖြစ်သွားတဲ့အခါ ဘယ်သူမှ လာမပြရင် ဘယ်လိုလုပ်မလဲ” လို့ မေးကြတယ်၊ ဟုတ်တယ် မိန်းကလေးချင်းပဲ ပြချင်မှာလေ အဲဒါတွေကို တစ်ခါမှတောင် မစဉ်းစားမိဘူး၊ လူ့ဘဝပေးခံစားချက်တွေနဲ့ သားဖွားမီးယပ် အထူးကုဆရာဝန် ဖြစ်လာတာပါ”ဟု ဒေါက်တာစိုးလွင်က သားဖွားမီးယပ် အထူးကုဆရာဝန်ဘဝ ရောက်လာပုံကို ပြောပြခဲ့သည်။

ဒေါက်တာစိုးလွင်သည် ပြည်တွင်း OG ဘွဲ့အတွက် ၂နှစ်သင်ယူပြီး OG အငယ်စားအဖြစ် သားဖွားမီးယပ် အထူးကုဆရာဝန်အလုပ်ကို ၂နှစ်ထမ်းဆောင်ခဲ့ရကာ လန်ဒန် Royal College ၌ ၂နှစ်ခွဲတိတိ ဆက်လက် ပညာသင်ယူခွင် ့ရရှိခဲ့သည်။

“နိုင်ငံခြားမှာ ပညာသင်ယူခွင့်ရတော့ အမြင့်မားဆုံး၊ အတိုးတက်ဆုံး ဆေးပညာဗဟုသုတတွေကို သင်ယူခဲ့ရတယ်၊ အဲဒီဟာတွေက ကိုယ့်နိုင်ငံမှာ ပြန်သုံးလို့ရတာရှိသလို မရတာတွေလည်း အများကြီးရှိခဲ့တယ်၊ ဆရာအင်္ဂလန်က ပြန်ရောက်တဲ့ ၂၀ဝ၀ ပြည့်နှစ်တုန်းက မြန်မာနိုင်ငံမှာ ဆေးပညာတိုးတက်မှု့က မရှိဘူးလေ၊ ဆရာ့မိတ်ဆွေ ဆရာဝန်ကြီးက ဘာပြောလဲဆိုရင် “ဟိုနိုင်ငံမှာအလုပ်လုပ်ခဲ့တဲ့ ဆေးရုံကြီးကို မ,လာပြီး ဒီမှာလုပ်ခွင့်ရရင် ကောင်းမှာပဲ” လို့တောင်ပြောတယ်၊ တခြားနိုင်ငံမှာရှိတဲ့ ဆေးပညာဖွံ့ဖြိုးတိုးတက်မှု့အပြင် အတုယူစရာကောင်းတာက ခေတ်မီနည်းစနစ်တွေရဲ့ နောက်ကွယ်မှာ လူနာကိုဘယ်လိုမျိုး ဆက်ဆံရမယ်ဆိုတဲ့ စိတ်ထားပဲ ဖြစ်ပါတယ်။ ဆရာဝန်ကလည်း ဆရာဝန်အလျောက်၊ သူနာပြုကလည်း သူနာပြုအလျောက်၊ အလုပ်သမားကလည်း အလုပ်သမားအလျောက် သူတို့လုပ်တဲ့အလုပ်ကို မညာတမ်း၊ မညှာတမ်း တကယ့်ကို ကြိုးကြိုးစားစားနဲ့ လုပ်ကိုင်ကြတာကို သတိထားမိပါတယ်။ လူနာကို တန်ဖိုးထားပြီး စောင့်ရှောက်မှု့ ပေးတယ်၊ ကိုယ့်ဆီရောက်လာတဲ့ လူနာကို မချေမငံဆက်ဆံတာမျိုး မတွေ့ရဘူး၊ လူလူချင်း တန်ဖိုးထားပြီး လေးလေးစားစားနဲ့ “ငါကုချင်သလိုကုမယ်”ဆိုတာမျိုးမဟုတ်ဘဲ လူနာကို သေချာရှင်းပြတယ်၊ ကုသမှုတစ်ခု ရွေးချယ်တဲ့အခါ လူနာသဘောပေါက် နားလည်အောင် ရှင်းပြပြီး လူနာရွေးချယ်တာကို လက်ခံတယ် . . ဒါမျိုးလေးတွေ အတုယူဖွယ်ရာ တွေ့ရတယ်။

ဥပမာတစ်ခု ပေးရမယ်ဆိုရင် ကလေးလေးတစ်ယောက် သေဆုံးသွားတဲ့အခါ ဖြစ်သွားမယ့် မိခင်ရဲ့ ခံစားချက်ကို အရမ်းနားလည်တယ်၊ ဗိုက်ထဲကလေးလေး သေသွားတာ၊ ကလေးပျက်ကျတာတို့ ကြုံရတဲ့လူနာကို သီးသန့်အခန်းလေးတစ်ခုမှာ သပ်သပ်ထားလေ့ရှိတယ်၊ အဲဒီအခန်းလေးက လှလှပပ သေချာပြင်ဆင်ထားတော့ စိတ်ကြည်နူးစေတယ်၊ ဒါ့အပြင် ကလေးမွေးထားတဲ့ အမေတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ဝေးဝေးမှာ ထားတယ်၊ တခြားသူတွေ ကလေးမွေးတာ၊ ဗိုက်ကြီးတာတို့တွေ့ရင် သူတို့က ပိုပြီး ခံစားရတယ်လေ. .အဲဒီလိုမျိုးလေးတွေကအစ မခံစားရအောင် အသေးစိတ် စောင့်ရှောက်ပေးတယ်။

ခေတ်မီဆေးပညာက တခြားနိုင်ငံတွေကို လိုက်မမီတာ အသာထား၊ လူနာတွေရဲ့ စိတ်ခံစားချက်ကို နားလည်ပြီး လူလူချင်း ကိုယ်ချင်းစာတရားနဲ့ ကြင်ကြင်နာနာ ကုသပေးတာကို ဆရာ အရမ်းအားကျခဲ့တယ် . . ဆရာတို့နိုင်ငံမှာ အဲဒါလေးတွေ အားနည်းတာကို တွေ့ရတယ်။ တစ်ခုရှိတာက ဆေးရုံ၊ ဆေးခန်းတွေမှာ လူနာတွေက အရမ်းများပြီး ဆရာဝန်၊ ဆရာမက နည်း . . ‘ဘဲအုပ်က တစ်ရာနှစ်ရာ၊ မဗေဒါက တစ်ပင်တည်း’ ဆိုတဲ့ ဇာတ်လမ်းတွေက များတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်အတုယူလို့ ရတဲ့အရာကို လိုက်လုပ်လို့ရတယ်ဆိုတာ ဆရာယုံကြည်တယ်၊ ရုပ်ပစ္စည်းတွေ တိုးတက်ဖို့တင်မကဘဲ လူလူချင်း စာနာတတ်တဲ့ စိတ်ထားကို ပိုပြီး အားကျမိတယ်၊ အဲဒါကြောင့် ဆေးကုသရာမှာ ဆရာ အဲဒါလေးကို အတတ်နိုင်ဆုံး ဆောင်ရွက်ဖြစ်ပါတယ်”

ဆရာဝန်ဘဝတွင် အဖြစ်အပျက်မျိုးစုံကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရပြီး ခွဲစိတ်ရခက်ခဲသော ရောဂါများ၊ ဆက်ဆံပြောဆိုရခက်သော လူနာများ စသည်တို့ကို ကြုံဆုံရသည့်အခါ ထွက်ပြေးချင်စိတ်ပင် ဖြစ်မိကြောင်း ဒေါက်တာစိုးလွင်က ဆိုသည်။

“ခက်ခဲတဲ့ အဖြစ်အပျက်လေးတွေထဲက တစ်ခုကိုပြောရရင် လူနာက သူ့ဗိုက်ထဲက ကလေးလေးကို အရမ်းကို မျှော်လင့်ထားတာ၊ ဒီကလေးလေးရအောင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတယ်၊ လိုချင်တဲ့ ကလေးလေး ကိုယ်ဝန်ဆောင်နိုင်တော့ သိပ်ကို ပျော်ရွှင်ခဲ့တယ်၊ ကိုယ်ဝန်ကို ကောင်းကောင်းအပ်တယ်၊ သေချာ ဂရုစိုက်တယ်၊ အဲဒီလို ဂရုစိုက်နေတဲ့ကြားက ကိုယ်ဝန်ဆိပ်တက်တယ်၊ ကိုယ်ဝန်ဆိပ်တက်တဲ့ အခါမှာလည်း ဒီကလေးလေးကို ရှင်ရင်တော်ပြီဆိုပြီး “သူ့အသက် သေရင် သေပစေ၊ ဒီကလေး အသက်ရှင်အောင် လုပ်ပေးပါ”လို့ တောင်းဆိုတယ်၊ တစ်ရက်မှာတော့ ဒီကလေးလေးကို မဖြစ်မနေ ခွဲစိတ်မွေးပေးလိုက်ရတယ်၊ ဒီကလေးလေးက ထွက်လာတုန်းက အကောင်းလေးပဲ၊ မွေးပြီး တစ်နာရီလောက် အကြာမှာတော့ ဆုံးသွားရှာတယ်၊ အဲဒီအချိန်မှာ အခက်ခဲဆုံး ခံစားချက်က မိခင်က ဗိုက်မှာခွဲထားတဲ့ ဒဏ်ရာကို ဂရုမစိုက်နိုင်ဘဲ ဒီကလေးလေး ရှင်လား၊ ကောင်းလားဆိုတာ သိပ်ကို သိချင်နေရှာတယ်၊ သူ့မိသားစုကလည်း ဒီကလေးလေး သေဆုံးသွားတယ်ဆိုတာကို မိခင်ကို မပြောဖို့မှာတယ်၊ ပြောလိုက်ရင် သွေးတက်ပြီး သေသွားမှာစိုးလို့ပေါ့၊ အဲဒီတော့ ဆရာဝန်တစ်ယောက်အနေနဲ့ ကလေးလေးကို ပြပြီး ဝမ်းသာအားရ သတင်းကောင်းပေးချင်မိတယ်၊ ဒါပေမဲ့ ကလေးလေးက သေသွားပြီဖြစ်တယ်၊ အဲဒီအချိန်မှာ ဘယ်လိုပြောရမှန်းမသိလောက်အောင် ခက်ခဲခဲ့ရတယ်၊ အမှန်တရားကို အမှန်အတိုင်း ပြောသင့်သလား ဒါမှမဟုတ် လူနာကို အခြေအနေပေါ်မူတည်ပြီး White Lie (အဖြူရောင် မုသား)ကို ပြောရင်ကောင်းမလားဆိုပြီး တစ်ခါတလေ ခက်ခဲတဲ့ အခြေအနေမျိုးမှာ ဝေခွဲမရဖြစ်ခဲ့ရတယ်. . နောက်ဆုံးမှာတော့”ကလေးလေးက ကောင်းပါတယ်၊ ကလေးကုသဆောင် ပို့ထားတယ်”ဆိုပြီး မညာချင်ဘဲ ညာခဲ့ရတယ်”ဟု ဒေါက်တာစိုးလွင်က သားဖွားမီးယပ် အထူးကုဆရာဝန်တစ်ဦး ကြုံဆုံရသော ခက်ခဲသည့်ဖြစ်ရပ်တစ်ခုကို ဝေမျှခဲ့သည်။

ဆရာဝန်ဘဝတွင် ခက်ခဲသော၊ ဝေခွဲမရသော ဖြစ်ရပ်များကြောင့် စိတ်ညစ်ခဲ့ရသော်လည်း ပျော်ရွှင်ခဲ့ရသော ဖြစ်ရပ်များစွာကိုလည်း ကြုံခဲ့ရဖူးမှာ အမှန်ပင်။“လူနာကောင်းသွားတဲ့ ကိစ္စတွေမှာ ပျော်ခဲ့ရတယ်၊

မှတ်မှတ်ရရအဖြစ်ဆုံး ကိစ္စတစ်ခုဆိုရင် ဆေးရုံကို လူနာတစ်ယောက်က သေကောင်ပေါင်းလဲကြီးနဲ့ ရောက် လာတယ်၊ ဗိုက်ကလည်း အကြီးကြီး နေ့စေ့လစေ့ကိုယ်ဝန်ကြီးနဲ့ပေါ့ .. ကိုယ်ဝန်ရှိပေမယ့်

ဆရာဝန်ကို တစ်ခါမှလည်း ဗိုက်မပြခဲ့ဘူး၊ လူနာက ဈေးသည်ဆိုတော့ ဈေးရောင်းရင်း သတိလစ်မေ့မျောသွားတဲ့အတွက် လူတွေက ခေါ်လာတာပါ၊ ဆေးရုံရောက်တော့ သတိလည်းမရတော့ဘူး၊ ဗိုက်က အကြီးကြီးဖြစ်နေတော့ ဗိုက်ထဲမှာရှိတဲ့ ကလေးကလည်း စမ်းလို့မရဘူး၊ ကလေးလေး သေသလား၊ ရှင်သလားမသိရဘူး၊ အာထရာဆောင်း ရိုက်တော့လည်း ဝလွန်းတော့ ဘာမှမမြင်ရဘူး၊ သွေးပေါင်တွေတက်ပြီး ကိုယ်ဝန်ဆိပ်တက်နေတယ်၊ သေဖို့က များနေတော့ နောက်ဆုံး ရလိုရငြား ခက်ခက်ခဲခဲ ခွဲစိတ်ခဲ့ရတယ်၊ ကလေးလေးကို ထုတ်လိုက်တော့ အသေလေးလိုပဲ ပျော့ပျော့လေးထွက်လာတယ်၊ ဖြစ်ချင်တော့ အဲဒီကလေးလေးကို ထုတ်ပြီးချိန်မှာပဲ နောက်ထပ် ကလေးလေးတစ်ယောက် ရှိနေတာ တွေ့လိုက်ရတယ်၊ ကလေးက အမြွှာလေး ဖြစ်နေတာကိုး၊ ကလေးတွေကို ပြုစုရင်း မထင်မှတ်ဘဲနဲ့ အမြွှာလေးနှစ်ယောက်လုံးက ထငိုတော့တာပဲ . .ပြန်ရှင်လာခဲ့တယ်၊ သေကောင်ပေါင်းလဲဖြစ်ပြီး သတိလစ်နေတဲ့ အမေကလည်း ခွဲပြီး နောက်တစ်ရက်မှာ အကောင်းပကတိနဲ့ အမြွှာလေးနှစ်ယောက်ကို နို့တိုက်နေတာ တွေ့ခဲ့ရတယ်. . အဲဒီတုန်းက ခွဲခန်းထဲမှာ ဟေး. .ဟားနဲ့ကို ပျော်ရွှင်ခဲ့ရတယ်”ဟု ဆရာဝန်ဘဝ၏ ကြည်နူးပီတိဖြစ်ဖွယ်ရာ အဖြစ်အပျက်လေးတစ်ခုကို ဒေါက်တာ စိုးလွင်က ပြောပြသည်။

ကင်ဆာအနာကို တွေ့တွေ့ချင်း ခွဲစိတ်ကုလျှင် အသက်ရှင်နိုင်ပါလျက်နှင့် နောက်ကျမှ ရောက်လာ၍ လက်လျှော့လိုက်ရသည့်အခါ စိတ်မကောင်းကြီးစွာဖြစ်ရကြောင်း၊ သို့ဖြစ်၍ သွေးဆုံးပြီးမှ သွေးပြန် ဆင်းခြင်း၊ အဖြူအပုပ်များ ဆင်းခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်လျှင် ကင်ဆာဖြစ်နိုင်ကြောင်း သိရှိပြီး ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး လာပြသင့်ကြောင်း ဒေါက်တာစိုးလွင်က သတိပေးထားသည်။

ဆရာဝန်အဖြစ် ရွေးချယ်လိုသူ လူငယ်၊ လူရွယ်များအား ဒေါက်တာစိုးလွင်က”ဆေးကျောင်းဆိုတာ တခြားကျောင်းတွေနဲ့ မတူပါဘူး၊ စာတွေကလည်း ရှုပ်ထွေးခက်ခဲပါတယ်၊ ပျော်စရာလည်း မကောင်းပါဘူး၊ ဒါကြောင့် ကိုယ်ဝါသနာပါရဲ့လား၊ ဒီအလုပ်လုပ်ရတာ တကယ် ပျော်ရဲ့လားဆိုတဲ့ အလုပ်အပေါ်ထားတဲ့ စိတ်သဘောထားက အရမ်းကို အရေးကြီးပါတယ်။ ကိုယ်တကယ် ဝါသနာမပါဘဲ ဆရာဝန်လုပ်ရင်လည်း ဆရာဝန်မပီသတဲ့ ဆရာဝန် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ ကိုယ့်ဘဝအတွက် ဘာလုပ်မယ်ဆိုတာမျိုး ရွေးချယ်တဲ့နေရာမှာ သေသေချာချာ ရွေးချယ်ဖို့ လိုပါတယ်” ဟု အကြံပြု ပြောပြခဲ့ပါသည်။

Most Popular

Healthy Life Ad
To Top