Healthy Life Ad
Child

သင့်ကလေး လေထိုးနေသလား

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

လေထိုးတာက မွေးကင်းစကလေးတွေမှာ အလွန်အဖြစ်များပြီး မွေးပြီး အသက်သုံးလမှ လေးလအထိ ြ ဖစ်တတ်ပါတယ်။မိခင်နို့တိုက်ကျွေးတဲ့ကလေးတွေကော နို့ဘူးတိုက်တဲ့ ကလေးတွေပါ လေထိုးတတ်ပေမယ့် နို့ဘူးတိုက်တဲ့ ကလေးတွေမှာ ပိုပြီး လေထိုးတတ်ပါတယ်။ မိခင် ဆေးလိပ်သောက်ရင် ကလေးမှာ လေထိုးနိုင်ခြေပိုများကြောင်း တချို့တွေ့ရှိချက်တွေအရ သိရပါတယ်။

လေထိုးတာက ကလေးအတွက် အန္တရာယ်မရှိတတ်ပေမယ့် မိဘတွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ ကလေးတွေအနေနဲ့ အသက်ငယ်ချိန်မှာ လေထိုးတတ်ပေမယ့် ပုံမှန်အတိုင်း နို့စို့နိုင်ပြီး ပုံမှန်အတိုင်း ကိုယ်အလေးချိန်မြင့်တက်နေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးငယ် လေထိုးနေချိန်မှာတော့ အဆက်မပြတ် ငိုကြွေးနေတာကြောင့် မိဘတွေအနေနဲ့ အနည်းနဲ့အများဆိုသလို ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ကာ စိတ်အနှောင့်အယှက်ကြီးစွာ ဖြစ်ကြရပါတယ်။

ကလေးငယ် လေထိုးနေပြီဆိုလျှင်

လေထိုးတာက မွေးကင်းစအရွယ်မှာ စဖြစ်တတ်ပြီး အသက်၃-၄လအတွင်းလောက်မှာ အလိုလို သက်သာသွားတတ်ပါတယ်။ လေ့လာမှုအရ ကလေးငယ် လေထိုးရင် တစ်နေ့မှာ အနည်းဆုံး သုံးနာရီလောက် ငိုကြွေးနေရတတ်ပြီး တစ်ပတ်မှာ အနည်းဆုံးသုံးရက်လောက် ခံစားရတတ်ပါတယ်။ ကလေးတွေက စကားမပြောတတ်သေးချိန်မှာ ဗိုက်ဆာတာ၊ အေးတာ၊ ပူတာ . .စတဲ့ မသက်မသာဖြစ်ရတဲ့အခါတိုင်း ငိုကြွေးတတ်တာကြောင့် မိဘတွေအနေနဲ့ လေထိုးလို့ ငိုတာလား၊ တခြားအကြောင်းကြောင့် ငိုတာလားဆိုတာကို မခွဲခြားနိုင်တတ်ပါဘူး။

လေထိုးတဲ့အခါမှာတော့ ကလေးဟာ နေ့ခင်းနှောင်းပိုင်းအချိန်နဲ့ ညနေပိုင်းအချိန်တွေမှာ မရပ်မနား ငိုကြွေးနေတတ်ပါတယ်။ ဒါ့အပြင် ကလေးရဲ့ မျက်နှာဟာ နီမြန်းနေခြင်း၊ မခံမရပ်နိုင်တာကြောင့် ခြေထောက်တွေကို တွန့်ရုန်းခြင်း၊ မကြာခဏ လေလည်ခြင်း၊ ဝမ်းသွားရခက်ခဲခြင်းနဲ့ အစာကျွေးခြင်းနဲ့ အိပ်စက်မှုပိုင်းဆိုင်ရာမှာ အခက်အခဲတွေ့ရခြင်းတို့ကို တွေ့ရရင် ကလေးဟာ လေထိုးနေပြီလို့ ဆိုနိုင်ပါတယ်။

လေထိုးခြင်းဖြစ်ရသော အကြောင်းရင်းများ

ကလေးတွေမှာ လေထိုးခြင်းဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပါဘူး။ ကလေးတွေမှာ လေထိုးခြင်းဖြစ်ရတဲ့ အကြောင်းတွေကိုတော့ ယေဘုယျအားဖြင့် အောက်ပါအတိုင်းသတ်မှတ်ထားပါတယ်။

♠အစာချေဖျက်နိုင်စွမ်းနည်းခြင်း – ပြည့်ဝရင့်ကျက်မှုမရှိတဲ့ ကလေးတွေမှာ နို့သောက်လိုက်တာနဲ့ အစာချေစနစ်ကြောင့် လေထိုးရတတ်ပါတယ်။ကလေးအသက် ခြောက်လပြည့်လို့ ဖြည့်စွက်စာ ကျွေးတဲ့အချိန်မှာတော့ လေထိုးတာက သက်သာသွားတတ်ပါတယ်။

♠လက်တို့စ်နှင့် မတည့်ခြင်း – လက်တို့စ်ဆိုတာ မိခင်နို့၊ နွားနို့နဲ့ ဖော်မြူလာနို့မှုန့်အများစုမှာပါဝင်တဲ့ သကြားဓာတ်တစ်မျိုးပါ။ တချို့ ကလေးတွေက အဲဒီလက်တို့စ်ကို ခံနိုင်ရည်နည်းတာကြောင့် လေထိုးရတတ်ပါတယ်။နို့ဘူးသောက်တဲ့ ကလေးတွေမှာ မိခင်နို့ချိုတိုက်ကျွေးတဲ့ ကလေးတွေထက် လေထိုးခြင်းဖြစ်နှုန်း ပိုများတတ်ပါတယ်။ ကလေးလေထိုးတာက မိခင်စားသောက်တဲ့ အစားအသောက်နဲ့ ဆက်စပ်မှုမရှိပါ။ ဒါကြောင့် မိခင်အနေနဲ့ အစားအသောက်ကို ရှောင်ကြဉ်စရာမလိုဘဲ အသီးအရွက်၊ အသား၊ငါးစုံအောင် စားပေးဖို့လိုပါတယ်။

လေထိုးနေသော ကလေးငယ်ကို ပြုစုစောင့်ရှောက်နည်း

မိဘအများစုဟာ သားသမီးထိန်းကျောင်းပြုစုရင်း ကလေးတစ်ယောက်ကို ဘယ်လို အငိုတိတ်အောင် ချော့ရမယ်၊ ကလေးသက်သာအောင် ဘယ်လိုနှစ်သိမ့်ရမယ်ဆိုတာကို အလိုလို သိနားလည်သွားတတ်ကြပါတယ်။ ကလေးဟာ လေထိုးတာကြောင့် ငိုကြွေးနေရင် ပျာယာခတ်ပြီး စိတ်ပူမနေပါနဲ့။ သင့်ကိုယ်သင်တည်ငြိမ်အောင် အရင်ဆုံး ထိန်းချုပ်ပါ။ ကလေးကို သင့်ပေါင်ပေါ်တင်ထားပြီး ကလေးသက်သာအောင် လှုပ်ပေးရင် အချိန်အနည်းငယ်ကြာတဲ့အခါ အငိုတိတ်ပြီး အိပ်ပျော်သွားပါလိမ့်မယ်။

♠မိခင်နို့တိုက်ကျွေးနေစဉ် ကလေးအနေနဲ့ လေတွေကို မျိုမချနိုင်အောင် မတ်မတ်ထား ပါ။ မိခင်နို့တိုက်ကျွေးပြီးတိုင်း လေထုတ်ပေးပါ။ ကလေးကို မတ်မတ်ထိုင်ခိုင်းပြီး ကလေးရဲ့ နောက်ကျောကို အသာအယာပွတ်သပ်ပေးပါ။

♠ကလေးကို ညင်သာတဲ့ တေးသံတွေ ဖွင့်ပြတာမျိုး၊ သီချင်းအေးအေးလေးတွေ ဆိုပြတာမျိုးနဲ့ သက်သာသွားအောင် ကြိုးစားပါ။

♠ကလေးလေထိုးတာက နာရီဝက်လောက်ကြာရင် အလိုလို သက်သာသွားတတ်ပါတယ်။ တကယ်လို့ အချိန်နှစ်နာရီကျော်တဲ့အထိ အငိုမတိတ်ဘဲ စူးစူးရှရှ ငိုကြွေးနေရင် ဆရာဝန်နဲ့ပြပါ။

♠ပူလွန်းတဲ့ လိမ်းဆေးတွေကို ကလေးဗိုက်နဲ့ ရင်ဘတ်နေရာတွေမှာ မလိမ်းသင့်ပါ။

Most Popular

Healthy Life Ad
To Top