Healthy Life Ad
Life Style

သင် . . ကိုယ်ဝန်ဆောင်ဖို့အဆင်သင့်ဖြစ်ပြီလား . .

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

အိမ်ထောင်ကျသွားတဲ့အခါ အမျိုးသမီးတစ်ဦးရဲ့အိပ်မက်မှာ မိခင်တစ်ဦးဖြစ်ခွင့်လည်း ပါဝင်နေမှာပါ။ အိမ်ရှင်မတစ်ဦးဟာ ကိုယ်နဲ့ခင်ပွန်းဖြစ်သူရဲ့ကလေးလေးကို လိုချင်လှပါပြီဆိုတဲ့ မိခင်စိတ်ရှိနေမှသာ တကယ်ကိုယ်ဝန်ဆောင်ဖို့ ဆုံးဖြတ်သင့်ပါတယ်။ ရင်သွေးလေးလိုချင်လာပြီဆိုရင်လည်း ကိုယ်ကမိခင်ဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာ သိရှိနားလည်ထားဖို့လိုပါတယ်။

ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်ငွေ့ရှောင်ပါ

ကျန်းမာတဲ့ကလေးမွေးဖွားနိုင်ဖို့ ကိုယ်ဝန်မဆောင်ခင်ကတည်းက ဆေးလိပ်ငွေ့ကိုဝေးဝေးရှောင်ဖို့လိုပါတယ်။ ဆေးလိပ်ကို ကိုယ်တိုင်မသောက်သင့်သလို သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့ကိုမရှူ မိအောင် သတိပြုရပါမယ်။

ဖောလစ်အက်စစ် မှန်မှန်မှီဝဲပါ

ကိုယ်ဝန်ဆောင်တော့မယ်လို့ စတင်ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ ဖောလစ်အက်စစ်ဆေးပြားကို တစ်နေ့တစ်လုံး မှန်မှန်သောက်ဖို့လိုပါတယ်။ ဖောလစ်အက်စစ်ဟာ ကိုယ်ဝန်ဆောင်ပြီးကလေးမွေးလာတဲ့အခါ ကလေးလေးရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကျန်းမာပြီး ကိုယ်လက်အင်္ဂါမချို့ယွင်းအောင် ၇၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ယူဖို့ဆုံးဖြတ်ပြီးပြီဆိုတာနဲ့ အနည်းဆုံးနှစ်လကြို ပြီး ဖောလစ်အက်စစ်သောက်သင့်ပါတယ်။

ရာသီလာသော ရက်ကိုမှတ်ထားပါ

ကိုယ်ဝန်ဆောင်တော့မယ်ဆိုကတည်းက ကိုယ်နောက်ဆုံးလာခဲ့တဲ့ ရာသီရက်ကိုမှတ်ထားသင့်ပါတယ်။ အကြောင်းကတော့ အဲဒီရာသီရက်ဟာ သင်ကိုယ်ဝန်ရသွားတဲ့အခါ သင့်ကလေးလေးမွေးမယ့်ရက်ကို ခန့်မှန်းတွက်ချက်နိုင်မှာဖြစ်လို့ပါ။

အာဟာရ ပြည့်ပြည့်ဝ၀စားသုံးပါ

အာဟာရဆိုတာ လူတစ်ယောက်အတွက် အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ခင်ပွန်းတာဝန်၊ အိမ်မှုကိစ္စနဲ့ အလုပ်တာဝန်တွေထမ်းဆောင်နေရတဲ့ အမျိုးသမီးတွေကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် အာဟာရပြည့်ဝနေဖို့လိုပါတယ်။ တကယ်လို့ အာဟာရချို့တဲ့ ရင်ရောဂါပိုးတွေဝင်လွယ်ပြီး ကျန်းမာရေးထိခိုက်နိုင်သလို ကိုယ်ဝန်ဆောင်ပြီးကလေးမွေးလာရင်တောင် မွေးလာတဲ့ကလေးက ကိုယ်လက်အင်္ဂါချို့ယွင်းပြီး ဦးနှောက်ဉာဏ်ရည်မပြည့်တာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ရှိလာပြီဆိုရင် အစားအသောက်မရှောင်ဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာတွေကို စားသုံးသင့်ပါတယ်။ လက်လုပ်ချဉ်၊ ယင်နားစာ၊ တညင်းသီး စတာတွေကို ရှောင်ဖို့လိုပါတယ်။

ကျန်းမာရေး စစ်ဆေးမှုခံယူပါ

အမျိုးသမီးတစ်ဦးကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် ကိုယ့်မှာဘယ်လိုရောဂါတွေရှိသလဲဆိုတာ ကြိုတင်စစ်ဆေးထားသင့်ပါတယ်။ ကလေး ယူဖို့စပြီးပြင်ဆင်ပြီဆိုရင် မိသားစုဆရာဝန်နဲ့တိုင်ပင်ပြီး ကိုယ့်မှာ ဘာရောဂါတွေရှိနေသလဲဆိုတာစစ်ဆေးပြီး ရောဂါတွေရှိနေရင် ကိုယ်ဝန်ယူဖို့သင့်တော်ရဲ့လားဆိုတာ ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးကြည့်ဖို့လိုပါတယ်။ ကုသဖို့လိုအပ်ရင် ကုသမှုခံယူပြီး အကောင်းဆုံးအခြေအနေမှာမှ ကလေးယူသင့်ပါတယ်။

စိတ်ဖိစီးမှုကိုလျှော့ချပြီး ကောင်းကောင်းအနားယူပါ

အိမ်ရှင်မတွေဟာ စိတ်ဖိစီးမှုများနေရင် ကိုယ်ဝန်ရနိုင်ဖို့မလွယ်တတ်သလို ကိုယ်ဝန်ရလာခဲ့ရင်လည်း ကလေးအပေါ်ထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကိုတတ်နိုင်သမျှလျှော့ချပြီး ကောင်းကောင်းအနားယူသင့်ပါတယ်။ စိတ်ဖိစီးမှုလျော့ကျအောင် ယောဂကျင့်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အသက်ပြင်းပြင်းရှူ သွင်း/ရှူ ထုတ် လုပ်တာ၊ တရားထိုင်တာ၊ သီချင်းအေးအေးလေးတွေ နားဆင်တာစတဲ့ နည်းလမ်းတွေကိုလိုက်နာပြီး ကောင်းကောင်းအနားယူဖို့ အကြံပြုလိုပါတယ်။

Most Popular

Healthy Life Ad
To Top