Healthy Life Ad
Life Style

ဖေ့စ်ဘွတ်ခ်ပေါ်က အွန်စော. .

ပါမောက္ခဒေါက်တာ ဉာဏ်ဝင်းကျော် ဦးနှောက်နှင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ပြောကြားသည်

“ဟဲ့ . . ဒါ ငါတို့ သူငယ်ချင်းသဲဆု မဟုတ်လား . . ဒီမိန်းမ ဘာတွေလျှောက်တင်နေပါလိမ့်.. ဒီမှာ ကြည့်စမ်း . .သင်း”

သဇင်ရဲ့ ဖုန်းကနေ ဖွင့်လက်စ ဖေ့စ်ဘွတ်ခ် ဗီဒီယိုဖိုင်ကို သင်းကြည့်လိုက်တော့-

“ဟယ်. . ဟုတ်ပ . . သဲဆုက သူ့ကိုယ်သူ ဗီဒီယိုဖိုင်တွေရိုက်ပြီး တင်ထားတာပါလား . . ဟယ် . . သူ့ကိုယ်သူ အွန်စောတဲ့ . .”

သဲဆုရဲ့ ဗီဒီယိုကလစ်ကိုကြည့်ပြီး သဇင်နဲ့ သင်းရယ်လည်း ရယ်ချင်သလို စိတ်လည်း ရှုပ်သွားတော့တယ်။
“သူ အရင်က Selfieပုံတွေရိုက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်ခဏခဏ တင်တတ်ပေမယ့် အခုတော့ ဗီဒီယိုကလစ်တွေပါ တင်နေပါလား၊ ဗီဒီယိုကလစ်ထဲမှာလည်း လူတွေကို ဆရာကြီးအထာနဲ့ အမိန့်တွေ ပေးနေတယ် . . ဒီမိန်းမဘာတွေ ဖြစ်နေပါလိမ့်”

သူတို့ပြောလည်း ပြောချင်စရာပင်။ သဲဆုဟာ အိမ်မှာနေရင်းတောင် အဝတ်အစားတွေ အမျိုးမျိုး လဲဝတ်လိုက်၊ အိပ်ခန်းထဲ၊ ဧည့်ခန်းထဲ၊ ထမင်းစားခန်းထဲတင်မက ခြံထဲဆင်းပြီး Selfie ပုံတွေရိုက်လိုက်၊ ပြီးရင် အပြင်ထွက် . . ကုန်တိုက်တွေ လှည့်ပတ်သွားပြီး Selfie ရိုက်လိုက်၊ တစ်ခါတလေ အဝတ်အစားတွေကို အိတ်နဲ့ ထည့်ယူသွားပြီး ပန်းခြံတွေထဲသွားပြီး အဝတ်လဲရင်း ပုံစံအမျိုးမျိုးနဲ့ Selfie ရိုက်လိုက် . . အဲဒီလိုတွေ လုပ်နေတော့တယ်။

တစ်မိသားစုလုံးက အငယ်ဆုံး၊ အထွေးဆုံးလေးမို့ ချစ်ခင်အလိုလိုက်ထားတဲ့ မိဘနဲ့ အစ်ကို အစ်မတွေကတော့ သဲဆုကို “ဒီကောင်မလေး ဘာ တွေဖြစ်နေလဲမသိဘူး”ဆိုပြီး ချစ်စနိုး မှတ်ချက်ပြုရုံလောက်ကလွဲပြီး သိပ်အာရုံမစိုက်မိကြဘူး၊ ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်နေကြတယ်။ နောက်ပိုင်းကျတော့ သဲဆုဟာ အစ်ကိုတွေဆီက ပိုက်ဆံတောင်းလိုက်၊ အစ်မတွေဆီက ပိုက်ဆံတောင်းလိုက်နဲ့ ပိုက်ဆံတွေ လှည့်ပတ်တောင်းပြီး အဝတ်အစားတွေ အမျိုးမျိုးဝယ်လာသလို အင်တာနက်မှာ ဓာတ်ပုံတင်လိုက်၊ ဗီဒီယိုကလစ်တွေ တင်လိုက်၊ သူများတွေက ဘယ်လို ကွန်မင့်ပေးထားလည်း ကြည့်လိုက်၊ ပြန်ပြီး Reply ပြန်လိုက်နဲ့ တစ်နေကုန် ဖုန်းနဲ့ပဲ အလုပ်ရှုပ်နေသလို ဖုန်းကတ်တွေကိုလည်း ခဏခဏ ဖြည့်ပေးနေရတော့တယ်။

“ကိုကြီး ဖုန်းကတ်ဖြည့်ပေးဦး၊ မမ ဖုန်းကတ် ဖြည့်ပေးပါဦး” ဆိုပြီး အစ်ကို၊ အစ်မတွေကို ဖုန်းကတ်တစ်လှည့်စီ ဖြည့်ခိုင်းနေသလို အဝတ်အစား အသစ်ဝယ်ဖို့၊ ဖိနပ်အသစ်ဝယ်ဖို့၊ နာရီအသစ်ဝယ်ဖို့ . . ဆိုပြီး အမျိုးမျိုး ပူဆာရင်း မုန့်ဖိုးတွေ ခဏ ခဏတောင်းနေတော့တယ်။ ဒါကို သဲဆု မိခင်က စတင် သတိထားမိလာတဲ့အချိန်မှာ သဲဆုရဲ့ သူငယ်ချင်းတွေက အိမ်ကို ရောက်လာခဲ့ကြတယ်။

“အန်တီ့သမီးကို ကြည့်ပြောပါဦး၊ ဖေ့စ်ဘွတ်ခ်မှာ ဓာတ်ပုံတွေတင်မကဘူး၊ ဗီဒီယိုဖိုင်တွေတောင် တစ်နေ့တစ်မျိုး တင်နေတယ်၊ အဝတ်အစား အမျိုးမျိုးဝတ်ပြီး တခြားသူတွေကို ဆရာကြီးအထာတွေ လုပ်နေတယ် . . ပုံစံအမျိုးမျိုးနဲ့ ဗီဒီယိုကလစ်တွေ ရိုက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပလူပျံအောင် တင်ထားရုံတင်မကဘူး . .တွစ်တာနဲ့ Youtubeတွေမှာပါ တင်ထားသေးတယ် အန်တီ. . အန်တီ မယုံရင် ကြည့်ကြည့်ပါ . . တချို့ဆို သူ့ကို Comment တွေ ဆိုးဆိုးရွားရွားပေးထားတာ တွေ့ရတော့ သမီးတို့ စိတ်မကောင်း ဖြစ်မိလို့ အန်တီ့ကို လာသတိပေးတာပါ”

“အခုလို လာပြောပြတာ ကျေးဇူးပါပဲ သမီးတို့ရယ် . . အန်တီလည်း သဲဆု အသုံးအဖြုန်းကြီးနေတာကို စောင့်ကြည့်နေတာ တစ်လကျော်နေပြီ။ အခုတော့ ဖေ့စ်ဘွတ်ခ်မှာ ဗီဒီယိုဖိုင်တွေ အမျိုးမျိုး တင်နေတဲ့အပြင် အဲဒီဗီဒီယိုဖိုင်တွေမှာ အိုက်တင်မျိုးစုံလုပ်ပြီး လူတွေကို လိုက်အမိန့်ပေးနေပါရော့လား . . ဒီကောင်မလေးနဲ့တော့ ခက်ပါတယ်”

အဲဒီလောက်ထိ ဆိုးဆိုးရွားရွား မဟုတ်သေးပေမယ့်
အခုနောက်ပိုင်း အဲဒီဓာတ်ပုံတွေ၊ ဗီဒီယိုတွေရိုက်နေရရင် မအိပ်ရလည်းနေနိုင်တယ်၊ မစားရလည်းနေနိုင်တယ် . .
အဲဒီလောက်အထိဖြစ်နေတာ . . .

သဲဆုဟာ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ Youtube စတာတွေမှာ ဗီဒီယိုဖိုင်တွေရိုက်ပြီး “နင်တို့ ဟိုလိုလုပ် လေ၊ ဒီလို မလုပ်သင့်ဘူး၊ ငါက နင်တို့ကို ကောင်းစေချင်လို့ပြောတာနော်”ဆိုတာမျိုး၊ “ငါ့ကို ကိုရီးယား မင်းသမီးအွန်စောနဲ့တူတယ်လို့ ပြောကြတယ်၊ ဟုတ်လားဟင်. . တကယ်တော့ ငါက သူတို့ထက်ပိုချောတာပေါ့”ဆိုတာမျိုးတွေ တင်လိုက်တော့ သူ့ကိုရယ်ရလို့ဆိုပြီး Likeတဲ့ သူတွေရော၊ Comment ပေးတဲ့ သူတွေအပြင် Shareလုပ်တဲ့ သူတွေကလည်း အတော်လေးကို များလာပါတော့တယ်။

ဒီကြားထဲ သဲဆုအစ်ကိုကြီး နိုင်ငံခြားသွားတော့ “ညီမလေးကို Selfie Stick လေးဝယ်ခဲ့ပေးပါ” ဆိုပြီး ထူးထူးဆန်းဆန်းမှာလိုက်တယ်။ အစ်ကိုကြီးက ဝယ်လာတဲ့အခါ အရင်က ဖုန်းကို လက်ကြီးတန်းပြီး Selfie ပုံတွေ အမျိုးမျိုး ရိုက်နေရာကနေ အခုတော့ Selfie Stick တစ်ချောင်းနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို သူ့ဘာသာစိတ်တိုင်းကျ အမူအရာ အမျိုးမျိုးနဲ့ ရိုက်နေတော့တယ်။

“ကဲ . . ဒီလိုဆိုရင်တော့ မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီကောင်မလေးကို ဆရာဝန်နဲ့ပြကြည့်မှဖြစ်တော့ မယ်”ဆိုပြီး သဲဆုရဲ့ မိခင်က ဆရာ့ဆီခေါ်လာခဲ့ပါတယ်။ ဆရာနဲ့တွေ့တော့ သဲဆုဟာ တစ်ခါမှမတွေ့ဖူးပေမယ့် တရင်းတနှီးပုံစံမျိုးနဲ့ စကားတွေ ဖောင်ဖွဲ့ ပြောဆိုနေခဲ့ပါတယ်။

“သမီးမှာ သူငယ်ချင်းမိတ်ဆွေတွေ သိပ်များတာ ဆရာ . . များတာမှ ထောင်သောင်းသိန်းသန်း မကဘူး သိလားဆရာ၊ သမီးက နာမည်ကြီးတော့ လူတွေက ခင်ချင်ကြတာပေါ့ ဆရာ၊ သူတို့ကပဲ ခင်ချင်လွန်းလို့ဆိုပြီး မိတ်လာဖွဲ့ကြတာလေ . .”လို့ သဲဆုက ပျော်ရွှင်တက်ကြွတဲ့ လေသံနဲ့ ပြောတယ်။

“သမီးက ဘာအလုပ်တွေလုပ်လို့ ဒီလို သူငယ်ချင်းအပေါင်းအသင်းတွေ များရတာလဲ”လို့ ဆရာက မေးလိုက်တော့-
“ဘာမှတော့ မလုပ်ပါဘူးဆရာ၊ ဖေ့စ်ဘွတ်ခ်မှာ ခင်တဲ့ သူငယ်ချင်းတွေလည်းရှိတယ်၊ အစကတော့ သူငယ်ချင်းက သိပ်မများဘူးပေါ့ ဆရာ . . နောက်ပိုင်းကျတော့ သမီးက ဖေ့စ်ဘွတ်ခ်မှာ ဓာတ်ပုံတွေတင်၊ ဗီဒီယိုဖိုင်တွေ တင်လိုက်တာနဲ့ သမီးကို ကိုရီယားမင်းသမီးအွန်စောနဲ့ တူတယ်ဆိုပြီး သူငယ်ချင်းတွေ အများကြီးက မိတ်ဖွဲ့လာကြတယ် ဆရာ၊ သူငယ်ချင်း ငါးထောင်ပြည့်သွားတော့ သူတို့က Follow လုပ်ကြတယ်လေ. . ပြီးတော့ တွစ်တာမှာ ခင်တဲ့သူငယ်ချင်းတွေကော တခြား Social Website မှာ ခင်တဲ့သူငယ်ချင်းတွေပါ ပေါင်းလိုက်တော့ သိန်းနဲ့ချီသွားတယ်ဆရာ”လို့ ဖြေပါတယ်။

“တကယ်တော့ ဆရာရယ် . . သူတင်တဲ့ ပုံ တွေ၊ ဗီဒီယိုဖိုင်တွေကို လူတွေကတွေ့ပြီး သဘောကျတာရော၊ ထူးဆန်းတာရော၊ ရယ်ရတာရော . . ပေါင်းပြီး Like လုပ်တဲ့သူတွေကို ပြောနေတာပါ ဆရာ၊ အရင်ကတော့ အဲဒီလောက်ထိ ဆိုးဆိုးရွားရွားမဟုတ်သေးပေမယ့် အခုနောက်ပိုင်း အဲဒီဓာတ်ပုံတွေ၊ ဗီဒီယိုတွေရိုက်နေရရင် မအိပ်ရလည်းနေနိုင်တယ်၊ မစားရလည်းနေနိုင်တယ် . . အဲဒီလောက် အထိဖြစ်နေတာဆရာ”လို ့သဲဆုမိခင်က ဆိုပါတယ်။

တကယ်တော့ သဲဆုဟာ စိတ်ကြွ-စိတ်ကျဝေဒနာ (Bipolar Disorder) ရဲ့ စိတ်ကြွနေတဲ့ ဝေဒနာ လက္ခဏာတွေရှိတဲ့ အစိတ်အပိုင်း ကာလလေးကို ခံစားနေရတာ ဖြစ်ပါတယ်။ သဲဆုကို သွေး၊ ဆီး၊ ဝမ်း စတာတွေ စစ်ဆေးလိုက်တော့ ကောင်းကောင်း မအိပ်၊ မစားတဲ့အတွက် သွေးအားနည်းနေတာကို တွေ့ရပါတယ်။
“လောလောဆယ်မှာ အိမ်မှာပဲ ဆေးတွေဝိုင်း တိုက်လိုက်ရင်ရနိုင်ပါတယ်။ အစာကို အချိန်မှန်မှန် စားခိုင်းပြီး အိပ်ရေးဝ၀ အိပ်စက်အနားယူဖို့လည်း လိုပါတယ်။ ဒါကြောင့် ဆေးတွေကို သေချာဝင်အောင် တိုက်ပြီး သူ့ကို ဂရုစိုက်ပေးလိုက်ပါ . . နောက်တစ်ပတ်မှာတော့ သူ့အခြေအနေကို ပြန်လာပြောပြဖို့လိုတယ်” လို့ ဆရာကမှာလိုက်တော့-
“ဟုတ်ကဲ့ . . ကျေးဇူးတင်ပါတယ် ဆရာ၊ ကျွန်မတို့ဆေးကို သေချာတိုက်ပြီး ဆရာ့ဆီကိုလည်း ဆက်ဆက်လာပြပါ့မယ်” လို့ သဲဆုရဲ့မိခင်က ပြောသွားပါတော့တယ်။
အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

Most Popular

Healthy Life Ad
To Top