Healthy Life Ad
Child

သားရှင်တို့အတွက် သားယောကျာ်းလေးများကို ပြုစုပျိုးထောင်နည်းများ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်တဲ့ သားလေးတွေကိုကြည့်ပြီး သူတို့ရဲ့ မိဘအုပ်ထိန်းသူတွေ ဘယ်လိုများ ပြုစုပျိုးထောင်လိုက်ပါလိမ့်ဆိုပြီး အတုယူချင်စိတ် ဖြစ်ပေါ်မိပါသလား။ ကိုယ့်သားလေးတွေ ကြီးပြင်းအရွယ်ရောက်လာချိန်မှာ ထူးချွန်ထက်မြက်အောင်မြင်သူတွေ ဖြစ်စေချင်ပါသလား။ ကလေးတစ်ယောက် ထူးချွန်ထက်မြက်ပြီး လိမ္မာတဲ့လူကြီးလူကောင်းဖြစ်လာဖို့ မိဘအုပ်ထိန်းသူတွေပေါ်မှာလည်း မူတည်နေပါတယ်။ အထူးသဖြင့် သားယောကျာ်းလေးတွေကို မွေးထားတဲ့ သားရှင်မိဘတွေဟာ ကိုယ့်သားလေးတွေ လမ်းမှားမရောက်စေဖို့နဲ့ လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်တဲ့ လူကြီးလူကောင်းတွေ ဖြစ်လာစေဖို့ ပျိုးထောင်ပေးသင့်တဲ့ နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေရန် သင်ပေးခြင်း

သားလေးတွေ ပေါင်းသင်းဆက်ဆံရေးကောင်းစေဖို့ အိမ်မှာ မိဘတွေက သင်ကြားပေးခဲ့တဲ့ ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ အောင်မြင်ကြကြောင်း တွေ့ရှိရတယ်လို့ လေ့လာသိရှိရပါတယ်။ အိမ်မှာ သင့်သားလေးနဲ့ စကားပြောတဲ့အခါ ”ဘာလဲ”၊ ”အင်း” စတဲ့ တိုတောင်းတဲ့ စကားတွေနဲ့မပြောဘဲ သင့်သားလေး ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်လာအောင် စိတ်ရှည်ရှည်ထားပြီး ပြောပေးဖို့လိုပါတယ်။ သူ စကားပြောတဲ့အခါ ဖြစ်နိုင်ရင် အချိန်ပေးပြီး နားထောင်ပေးသင့်ပါတယ်။ အဲဒီအခါ သင့်သားလေးက ကျောင်းမှာ တခြားကလေးတွေနဲ့ ညှိနှိုင်းနေထိုင်တတ်ပြီး မျှဝေတတ်သူတွေ ဖြစ်လာပါလိမ့်မယ်။

(၂) အရွယ်အလိုက် သင်ပေးခြင်း

သင့်သားလေးကို အရွယ်အလိုက် လိင်ကျန်းမာရေး၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက် စတာတွေနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြထားဖို့လိုပါတယ်။ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက်စတာတွေ သုံးစွဲခြင်းရဲ့ ဆိုးကျိုးဆိုးပြစ်တွေကို ငယ်ငယ်ကတည်းက ပြောပြထားသင့်သလို မိဘကိုယ်တိုင်လည်း ရှောင်ရှားဖို့လိုအပ်ပါတယ်။ အထူးသဖြင့် အုပ်ထိန်းသူတွေဟာ သားယောကျာ်းလေးတွေကို အရက်၊ ဆေးလိပ်စတာတွေကို ဝယ်ခိုင်းတာမျိုး၊ အရက်ခွက်ငှဲ့ခိုင်းတာမျိုး လုံးဝမလုပ်သင့်ပါ။ အရက်သောက်တတ်ရင်တောင် သားတွေရှေ့မှာ ဘယ်တော့မှ သောက်မပြပါနဲ့။
အများအားဖြင့် မိဘတွေက ကလေးတွေကို လိင်ကျန်းမာရေး ပညာပေးတဲ့အခါ စိတ်မသက်မသာ ဖြစ်လေ့ရှိသလို သားလေးက ငယ်သေးတယ်လို့ ထင်နေတတ်ကြပါတယ်။ သူ့အရွယ်အလိုက် ယောကျာ်းလေးနဲ့ မိန်းကလေးခန္ဓာဗေဒဖွဲ့စည်းပုံ မတူညီတဲ့အကြောင်း၊ လိင်အင်္ဂါကို ဘယ်လိုသန့်ရှင်းရေး လုပ်ပေးသင့်တဲ့အကြောင်း စတာတွေကစလို့ မျိုးဆက်ပွားကျန်းမာရေးပညာပေးဖို့ မတွန့်ဆုတ်ပါနဲ့။

(၃) ရည်မှန်းချက်မြင့်မြင့် ထားပေးခြင်း

မြန်မာလူမျိုး လူကြီးသူမတွေဟာ သမီးတွေထက် သားတွေကို ပညာရေးမှာ ပိုထူးချွန်စေချင်ကြပါတယ်။ သားရှင်တွေဆိုရင် ပညာရေးဆုံးခန်းတိုင်ရောက်ပြီး ထူးချွန်ထက်မြက်လာစေဖို့ အစွမ်းကုန်ပံ့ပိုးပေးဖို့ ရည်မှန်းချက်ရှိကြပါတယ်။ အဲဒီလို ရည်မှန်းထားကြောင်းနဲ့ သားတွေအတွက် ပညာရေးစရိတ်ကို ကြိုတင်စုဆောင်းထားကြောင်း သားသမီးတွေကို ပြောပြပေးပါ။ အဲဒီအခါ သားရှင်တွေအနေနဲ့ သူတို့ကိုယ်ကိုယ်ရော မိဘတွေအပေါ်ပါ ယုံကြည်မှုပိုရှိလာပြီး အနာဂတ်လမ်းကြောင်းကို ပုံဖော်ရင်း အောင်မြင်ရေးပန်းတိုင်ကို ငယ်စဉ်ကတည်းက ဦးတည်လျှောက်လှမ်းတတ်ကြပါတယ်။

(၄) မိခင်က အလုပ်အကိုင်ရှိခြင်း

အလုပ်လုပ်တဲ့မိခင်ဟာ သားတွေရဲ့ အရေးကိစ္စတချို့မှာ လစ်ဟင်းတာမျိုး ရှိကောင်းရှိပေမယ့် ကလေးတွေကျောင်းတက်တဲ့ အရွယ်ကစပြီး မိခင်မအားလပ်မှန်းသိတဲ့အတွက် သားတွေဟာ သူတို့ကိုယ်သူတို့ ပိုမိုထိန်းကျောင်းတာဝန်ယူနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။အလုပ်လုပ်တဲ့ မိခင်တွေက သားတွေကို ပိုမို ကိုင်တွယ်ထိန်းကျောင်းတတ်သလို သားတွေကလည်း အများအားဖြင့် ကိုယ့်အားကိုကိုးတတ်တယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ အကြောင်းကတော့ မိခင်တွေက သားတွေရဲ့ ကိစ္စတွေမှာ နေရာတကာ ဝင်မပါနိုင်တဲ့အတွက် သားတွေရဲ့ လုပ်ဆောင်နိုင်စွမ်းရည် မြင့်တက်လာရတာ ဖြစ်တယ်လို့ သုတေသီတွေက ထောက်ပြထားပါတယ်။

မြန်မာလူမျိုး လူကြီးသူမတွေဟာ သမီးတွေထက် သားတွေကို ပညာရေးမှာ ပိုထူးချွန်စေချင်ကြပါတယ်။ သားရှင်တွေဆိုရင် ပညာရေးဆုံးခန်းတိုင်ရောက်ပြီး ထူးချွန်ထက်မြက်လာစေဖို့ အစွမ်းကုန်ပံ့ပိုးပေးဖို့ ရည်မှန်းချက်ရှိကြပါတယ်။

(၅) မိသားစု ပျော်ရွှင်ရင်းနှီးချစ်ခင်စွာ နေထိုင်ခြင်း

အလုပ်မှာဖြစ်ဖြစ်၊ လူမှုပတ်ဝန်းကျင်မှာဖြစ်ဖြစ်၊ မိသားစုမှာဖြစ်ဖြစ် စိတ်ဖိစီးမှုနည်းနိုင်သမျှ နည်းအောင်ထားပြီး အောင်မြင်ပျော်ရွှင်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မိဘတွေဟာ သားတွေကို မိသားစုအပေါ် ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်အောင် ဖန်တီးနိုင်ကြပါတယ်။ သားလေးတွေနဲ့အတူ အိမ်စာလုပ်တာ၊ သားလေးတွေကို ပျော်ပွဲစားခရီးတိုလိုက်ပို့တာ၊ ကစားကွင်းလိုက်ပို့တာတို့ လုပ်ဆောင်ပေးတဲ့အခါ သားတွေကမိသားစုကို ပိုချစ်ခင်တွယ်တာပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုအမှတ်တရအောက်မေ့ဖွယ် ဖြစ်ရပ်တွေကိုလည်း အမြဲသတိရကြည်နူးနေမှာပါ။

(၆) ယုံကြည်မှုရှိစေရန် တည်ဆောက်ပေးခြင်း

သားတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် တည်ဆောက်ပေးမယ်ဆိုတဲ့ ယုံကြည်ချက်မျိုး မိဘမှာရှိနေသင့်ပါတယ်။ အထူးသဖြင့် တခြားသူတွေအပေါ်မျှဝေပေးတတ်၊ ကူညီပေးတတ်၊ ပံ့ပိုးပေးတတ်တဲ့ သူတွေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ လေးစားစိတ် အကောင်းဆုံး ရှိတတ်ကြပါတယ်။ ဒါကြောင့် သားလေးတွေကို တစ်ပါးသူအပေါ် မျှဝေစာနာနားလည်မှု ထားတတ်အောင် သင်ပြပေးပါ။

(၇) အမြဲတမ်း ပရိတ်သတ်အဖြစ် ရပ်တည်ပေးခြင်း

သင့်သားတွေအတွက် ထာဝရ ပရိတ်သတ်ဟာ မိဘတွေဆိုတာ သူတို့သိနားလည်နေပါစေ။ သူတို့အောင်မြင်မှုအတွက် လက်ခုပ်တီးပြီး ဝမ်းသာပေမယ့် မိဘရှိနေရင် သားတွေအတွက် ကြိုးစားချင်စိတ် ပိုရှိတတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ ဖိအားများလာတတ်တဲ့အတွက် သားတွေအောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ သူတို့အတွက် အမြဲရပ်တည်ပေးနေမယ်ဆိုတာ သိနားလည်ပါစေ။

(၈) တာဝန်ပေးအပ်ခြင်း

သားတွေကို ငယ်စဉ်ကစပြီး အရွယ်အလိုက် တာဝန်ယူတတ်အောင်၊ တာဝန်ယူချင်စိတ်ရှိအောင်နဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်တတ်အောင် လေ့ကျင့်ပေးပါ။ ကလေးတွေအတွက် ပင်ပန်းမှာစိုးလို့ ကိုယ်က အမြန်လုပ်ပေးလိုက်ပေမယ့် ကြာရင် အကျင့်ပါသွားပြီး သင့်သားတွေ လူပေါ်ကြော့တွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သားတွေကို ငယ်စဉ်ကစပြီး အရွယ်အလိုက် လုပ်နိုင်တာတွေကို လုပ်ခိုင်းပါ။ တာဝန်ကျေပွန်တဲ့အခါ ချီးကျူးဂုဏ်ပြုပြီး တာဝန်မကျေတဲ့အခါ ကျေပွန်တဲ့အထိ လုပ်ခိုင်းပါ။

(၉) သင့်သားသူငယ်ချင်းများကို ရင်းနှီးစွာ ပေါင်းဖော်ခြင်း

သားတွေကို အုပ်ထိန်းတဲ့အခါ သူပေါင်းသင်းနေတဲ့ သူတွေကိုလည်း သိနားလည်ပြီး ရင်းနှီးနေဖို့လိုပါတယ်။ သားတွေရဲ့ သူငယ်ချင်းတွေ အိမ်အလည်လာတာကို ခွင့်ပြုပါ။ သားတွေရဲ့ သူငယ်ချင်း လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလိပ်စာ စတာတွေကို သေချာမှတ်ထားပြီး ဖြစ်နိုင်ရင် သူတို့ မိဘတွေနဲ့ပါ ခင်ခင်မင်မင် ရှိနေပါစေ။ ဒါဟာ သင့်သားတွေအကြောင်း သင်သိနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်သလို သင့်သားတွေ လမ်းမှားမရောက်အောင် ထိန်းကျောင်းနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။

(၁၀) စံပြပုဂ္ဂိုလ်ရှိခြင်း

လေ့လာမှုအရ အောင်မြင်လိမ္မာတဲ့ သားယောကျာ်းလေးတွေက ငယ်စဉ်မှာ ဖခင်တွေကို စံပြပုဂ္ဂိုလ်အဖြစ် လေးစားချစ်ခင်တတ်ကြတယ်လို့ သိရပါတယ်။ ဖခင်မရှိဘဲ ကြီးပြင်းလာရတဲ့ အမေရိကန်ကောင်လေး ၄၀ ရာခိုင်နှုန်းကျော် အောင်မြင်ထူးချွန်ရတဲ့ အကြောင်းရင်းကို လေ့လာလိုက်တဲ့အခါ သူတိုမှာ အားကျအတုယူလေးစားရတဲ့ စံပြပုဂ္ဂိုလ်ကိုယ်စီ ရှိနေတယ်လို့ သိခဲ့ရပါတယ်။ ဒါကြောင့် သားတွေကို ငယ်စဉ်ကတည်းက လေးစားအားကျဖွယ်ရာ ပုဂ္ဂိုလ်တွေအကြောင်း အိပ်ရာဝင်ချိန်တွေမှာ မကြာခဏ ပြောပြပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top