Healthy Life Ad
Life Style

စိတ်ဖိစီးမှုကြောင့် ဖြစ်သော အစာအိမ်အနာ

ပါမောက္ခဦးအေးမွန် ခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ စိတ်ဖိစီးမှုများတဲ့ အခြေအနေမှာ ဘာကြောင့် အစာအိမ်က နာလာတတ်ပါသလဲ ဆရာ။
ဖြေ။ အစာအိမ်မှာ အစာအိမ်အရည်ထွက်လေ့ရှိတယ်။ အဲဒီအစာအိမ်အရည်ထဲမှာ အက်ဆစ် (Hydrochloric Acid) ပါလာပါတယ်။ အဲဒီအက်ဆစ်တွေက အစာချေဖို့အတွက် အထောက်အကူပြုပါ တယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုများတဲ့ အခြေအနေမှာဆိုရင် အက်ဆစ်က ပိုအထွက်များပါတယ်။ အက်ဆစ်ထွက်တာကို ဦးနှောက်အာရုံကြော (Vagus Nerve)က ထိန်းချုပ်ထားတာကြောင့် စိတ်ဖိစီးမှုများတဲ့အခါ အဲဒီအာရုံကြောတွေ နိုးကြားလာပြီး အက်ဆစ်ပိုအထွက်များလာပါတယ်။ အဲဒီအခါ အစာအိမ်ကို လောင်ကျွမ်းနှုန်းပိုများလာပါတယ်။ ဒါကြောင့် အစာအိမ်နာရတာပါ။ ပူပင်သောကများတယ်၊ စိတ်ဖိစီးမှုများတယ်ဆိုရင် အစာအိမ်အတွင်းပိုင်း Mucosaနံရံထဲကို သွေးလျှောက်တာနည်းသွားပါတယ်။ အဲဒီလို သွေးလျှောက်တာနည်းသွားတဲ့အခါ သွေးမဝဘဲ အစာအိမ်က အနာဖြစ်ဖို့၊ ပိုနာဖို့ အခွင့်အလမ်းများပါတယ်။
ခြုံပြောရရင် စိတ်ဖိစီးမှုများတဲ့အခါ တစ်ဖက်ကလည်း အက်ဆစ်အထွက်များတယ်၊ တစ်ဖက်ကလည်း သွေးလျှောက်တာနည်းသွားတယ်ဆိုတဲ့အတွက် အစာအိမ်ရဲ့ ခုခံစွမ်းရည် (Resistance)ကကျပြီး အစာအိမ်မှာ ရောင်ရမ်းမှုများပြီး နာတတ်ပါတယ်။

မေး။ တချို့လူတွေက စိတ်ဖိစီးမှုများရင် အစာအိမ်မနာဘဲ တချို့လူတွေမှာ အစာအိမ်နာတတ်ပါတယ်။ အဲဒါ ဘာကွာခြားမှုရှိလို့ပါလဲ ဆရာ။
ဖြေ။ စိတ်ဖိစီးမှုများတဲ့အခါ အက်ဆစ်အထွက်များပြီး အစာအိမ်နံရံဆီကို သွေးလျှောက်တာနည်းတတ်ပေမယ့် အဲဒီနှစ်ခုရဲ့ ဟန်ချက်ညီမျှမှု (Balance)ပေါ် မူတည်ပြီး လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားမှုရှိသွားတာပါ။ ဥပမာ ဘောလုံးတစ်လုံးနဲ့ အုတ်နံရံကိုကန်တဲ့အခါ အုတ်နံရံက ခိုင်နေရင် မပြိုလဲပါဘူး၊ ဒါပေမဲ့ ဒီဘောလုံးနဲ့ပဲ ဝါးနံရံကိုကန်ရင် ပြိုလဲသွားနိုင်ပါတယ် . . ဒီသဘောတရားအတိုင်းပါပဲ။ ဆိုလိုတာက အစာအိမ်နံရံရဲ့ ခံနိုင်ရည်စွမ်းအား (Resistance) က ဘယ်လောက်အထိ ကောင်းသလဲဆိုတဲ့အပေါ်မှာ မူတည်သွားတာပါ။ နဂိုက ကျန်းမာရေးကောင်းတဲ့ အစာအိမ်လား၊ နဂိုကတည်းက သွေးအသွားအလာကောင်းလား . .အဲဒီသဘောတရားအပေါ် မူတည်ပါတယ်။ တချို့လူတွေကျတော့ စိတ်ဖိစီးမှုက တစ်ခါတည်း ပြင်းပြင်းထန်ထန် ခံစားလိုက်ရတာမျိုးရှိတတ်သလို တချို့ကျတော့ စိတ်ဖိစီးမှုကို ယဉ်ပါးပြီး ခံနိုင်ရည်ရှိနေတာမျိုး ရှိတတ်တယ်။ အဲဒီအပေါ်မှာလည်း မူတည်ပါတယ်။ စာမေးပွဲကျတဲ့သူတွေကို ကြည့်လိုက်ရင် တချို့က အတော်လေး ခံစားရပေမယ့် တချို့ကျတော့ ဘာမှမဖြစ်သလိုပဲ၊ အဲဒီလိုပဲ ဦးနှောက်ထဲက အာရုံကြောတွေရဲ့ အက်ဆစ်အထွက်နှုန်းကို ထိန်းချုပ်မှုတို့၊ အစာအိမ်နံရံထဲ သွေးလျှောက်မှုတို့ပေါ်မူတည်ပြီး တချို့လူတွေမှာ သိပ်မနာတာပါ။

မေး။ တချို့လူတွေကျတော့ စိတ်ဖိစီးမှုများရင် အစာကို များများစားကြတယ်၊ တချို့ကျတော့ လုံးဝမစားကြဘူး . . အစာအိမ် အနာဖြစ်တာက အဲဒီအချက်ပေါ်မှာရော မူတည်နေပါသလား ဆရာ။
ဖြေ။ စိတ်ဖိစီးမှုများရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာစားတဲ့သူက အစာအိမ်အနာဖြစ်နှုန်း နည်းတတ်ပါတယ်။ အကြမ်းအားဖြင့်ပြောရရင် သောကများတဲ့အခါ အစာကို စားလေ့ရှိကြတယ်။ အဲဒီလို စားလိုက်ရင်ဖြစ်နှုန်း လျော့သွားပါတယ်။အကြမ်းအားဖြင့် စိတ်ဓာတ်ကျရင် အစာကို ပုံမှန်ထက် ပိုစားတတ်ကြတယ်၊ အဲဒီအခါ အစာအိမ် အနာမဖြစ်ဘဲ ပိုဝလာတတ်ပါတယ်။ ပူဆွေးဝမ်းနည်းရင်တော့ အစာကို လုံးဝမစားတဲ့အတွက် အစာအိမ်အနာဖြစ်တတ်ပါတယ်။ ဒါက လူတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ စိတ်ဖိစီးမှုများနေချိန်မှာ ဘေးက ပြုစုစောင့်ရှောက်တဲ့သူက ဂရုတစိုက် ကျွေးမွေးပေးရင်လည်း အစာအိမ်အနာ ဖြစ်နိုင်ခြေနည်းပါတယ်။ တစ်ယောက်တည်းနေပြီး ဖြစ်သလိုစားရတဲ့သူဆိုရင် အစာအိမ်အနာဖြစ်တတ်ပါတယ်။နောက်တစ်ချက်က ဆေးရုံတက်နေရတဲ့လူနာတွေ (ဥပမာ- ရင်သားကင်ဆာကြောင့် ရင်သားခွဲထုတ်ရတဲ့သူ၊ သားအိမ်ကင်ဆာဖြစ်သူ၊ ကျောက်ကပ်မကောင်းတာ)ဆိုရင်လည်း ရောဂါတစ်ခုခုကြောင့် စိတ်ဖိစီးမှုများရာကနေ အစာအိမ်အနာဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။

မေး။ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ အစာအိမ်အနာဖြစ်တတ်သူတွေက နောက်ထပ်မဖြစ်အောင် ဘယ်လိုနည်းလမ်းတွေကို လိုက်နာသင့်ပါသလဲ ဆရာ။
ဖြေ။ အဓိကကတော့ စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိရမယ်၊ ခေါင်းထဲမှာ စိတ်ဖိစီးမှုကို ထည့်မထားရဘူး၊ အဲဒီလို စိတ်ထားတတ်ရင် ခန္ဓာကိုယ်က အက်ဆစ်အထွက်များအောင် ထိန်းပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုများတယ်၊ များတယ်ဆိုပြီး ခံစားနေရင်တော့ နောက်ထပ်အစာအိမ်အနာ ဖြစ်နိုင်ခြေများပါတယ်။ ပြီးတော့ အစာကိုလည်း မှန်မှန်စားပေးရပါမယ်။ ကိုယ့်ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို နေထိုင်ကောင်းပြီး အစာမှန်မှန်စားဖြစ်အောင် ဂရုစိုက်ပေးတဲ့သူတွေရှိဖို့ လိုအပ်ပါတယ်။

မေး။ လူတစ်ယောက်က အစာအိမ်နာတယ်ဆိုရင် စိတ်ဖိစီးမှုကြောင့်လား၊ တခြားအခြေအနေကြောင့်လားဆိုတာကို ဘယ်လို ခွဲခြားနိုင်ပါသလဲ ဆရာ။
ဖြေ။ ဒါကိုတော့ အတိအကျ ပြောလို့မရပါဘူး။ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းနဲ့ သားသမီးနဲ့ ပတ်သက်ပြီး စိတ်ညစ်စရာရှိသလား၊ နာရေးကိစ္စကြုံလိုက်ရသလား၊ ကျန်းမာရေးမကောင်းတာနဲ့အလုပ်မှာ သောကများတာရှိသလားစတာတွေကို မေးမြန်းကြည့်ရပါတယ်။ ဒီလိုအချက်တွေရှိရင်တော့ စိတ်ဖိစီးမှုကြောင့် အစာအိမ်နာတာ ဖြစ်နိုင်ခြေများပါတယ်။ ဒါပေမဲ့လည်း နဂိုကတည်းက အစာအိမ်ရောဂါရှိရင် စိတ်ဖိစီးမှုကြောင့် ပိုဆိုးတာမျိုး ဖြစ်တတ်ပါတယ်။

မေး။ စိတ်ဖိစီးမှုများတာကြောင့်ဖြစ်တဲ့ အစာအိမ်အနာက ကုသဖို့ လိုအပ်ပါသလား ဆရာ။
ဖြေ။ အစာအိမ်အနာဖြစ်ရင်တော့ ဘာကြောင့်ပဲဖြစ်ဖြစ် ကုဖို့လိုအပ်ပါတယ်။ စိတ်ဖိစီးမှုများတာကြောင့် အစာအိမ်အနာဖြစ်ရင် အက်ဆစ်အထွက်များနေတယ်လို့ သိလိုက်တဲ့အခါ အဲဒါကို တားဖို့ဆေး (Antacid)တွေပေးရပါတယ်။ တစ်ခါတလေကျတော့ အစာအိမ်ထွက်ပေါက် (Pylorus)က ဖိစီးမှုကြောင့်တင်းနေရင် လေမထွက်ဘဲ အစာအိမ်နာတတ်ပါတယ်။ အဲဒီအခါမှာလည်း ဆေးပေးလိုက်ရင် သက်သာသွားပါတယ်။ စိတ်ဖိစီးမှုကြောင့် အစာအိမ်အနာဖြစ်ရင် ကုသမှုနဲ့အတူ နေထိုင်စားသောက်တဲ့ ပုံစံကို ပြုပြင်ရပါမယ်။ ပေါ့နေရင်၊ လျစ်လျူရှုထားရင်တော့ ပိုဆိုးသွားနိုင်ပါတယ်။

မေး။ ဆရာ့အတွေ့အကြုံအရ ဘယ်လိုအခြေအနေတွေကြောင့် အစာအိမ်အနာဖြစ်တာကို အတွေ့များပါသလဲ ဆရာ။
ဖြေ။ အများစုက နဂိုကတည်းက အစာအိမ်အနာရှိဖူးပြီး အရက်သောက်လိုက်မိလို့၊ အလုပ်များပြီး အစာစားတာမမှန်လို့စတဲ့ အကြောင်းတွေကြောင့် ဖြစ်တာများပါတယ်။ ၁၀ ယောက်မှာ ၃ ယောက် လောက်ကတော့ စိတ်ဖိစီးမှုကြောင့် အစာအိမ်နာတာကို သွားတွေ့ရပါတယ်။ အတွေ့များဆုံးက စာမေးပွဲနီးရင် အဖြစ်များပါတယ်။ မစိုးရိမ်ဖို့ပြောရင်း အစာကို မှန်မှန်စားခိုင်းလိုက်ရင် သက်သာသွားပါတယ်။

မေး။ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ အစာအိမ်အနာနဲ့ပတ်သက်ပြီး အများပြည်သူကို သတိပေးလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ။ စိတ်ဖိစီးမှုဆိုတာကတော့ လူတိုင်းမှာ ရှိကြတာချည်းပါပဲ။ စိတ်ဖိစီးမှုရှိပေမယ့်လည်း ကိုယ့်ဘာသာ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပြီး ဖိစီးမှုကို အနိုင်ယူဖြေရှင်းဖို့ ကြိုးစားသင့်ပါတယ်။ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဘယ်လောက်ပဲဆိုဆိုး၊ စိတ်ဖိစီးမှုများနေပေမယ့် ကိုယ့်ကျန်းမာရေးအတွက် သင့်တော်တဲ့အစာကိုတော့ ပုံမှန်လေးစားပေးသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။

Most Popular

Healthy Life Ad
To Top