Healthy Life Ad
Health Tips

ပလို့ပြောင်း၏ ကျန်းမာရေးကောင်းကျိုးများ

စူး (ဆေးဝါးတက္ကသိုလ်)

ဈေးထဲမှာ အဝါရောင်ပြောင်းဖူးတွေ အပြင် ခရမ်းရောင် ပြောင်းဖူးတွေကိုလည်း သင်တွေ့ဖူး၊ဝယ်ဖူးမှာပါ။ အဲဒါကို ပလို့ပြောင်းလို့လည်း ခေါ်ကြပါတယ်။ ခရမ်းရောင်ပြောင်းဖူးတွေမှာ ရောင်ရမ်းမှုလျော့ကျစေတဲ့ အစွမ်းပါရှိတဲ့အတွက် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေကို ဆန့်ကျင်ပေးတဲ့ ပီအိုနီဒင်၊ပီလာဂိုနီဒင်နဲ့ ဆိုင်ယာနီဒင်-၃-ဂလူကိုဆိုက်လို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့်သုံးမျိုးလည်း ပါဝင်နေပါတယ်။ ဒီလိုအစွမ်းရှိတဲ့ ပလို့ပြောင်းကို လေ့လာမှုအသီးသီး ပြုလုပ်ခဲ့တဲ့အခါ အောက်ပါကျန်းမာရေး ကောင်းကျိုးတွေရှိတာကို တွေ့ရှိခဲ့ရပါတယ်။

(၁) အဝလွန်ရောဂါအား ကာကွယ်ပေးခြင်း

ဂျပန်ရှိ ဒိုရှီရှားတက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ ပလို့ပြောင်းမှာ အဝလွန်တာကို ဟန့်တားပေးနိုင်စွမ်းရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ပလို့ပြောင်းမှာ အန်သိုဆိုင်ယာနင်C4Gပါဝင်တဲ့အတွက် အဝလွန်တာမဖြစ်အောင် ကာကွယ်ပေးရတာဖြစ်ပါတယ်။အန်သိုဆိုင်ယာနင်C4Gဓာတ်က ကြွက်တွေမှာ အဝလွန်တာကို ဟန့်တားပေးကြောင်း လေ့လာတွေ့ရှိပြီးဖြစ်တဲ့အတွက် လူတွေမှာလည်း အလားတူ အာနိသင်ရှိလိမ့်မယ်လို့ သုတေသီတွေက ယုံကြည်မျှော်လင့်ထားပါတယ်။

(၂) ကင်ဆာကို ဟန့်တားကာကွယ်ခြင်း

အိုဟိုင်းအိုးပြည်နယ် တက္ကသိုလ်ကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ပလို့ပြောင်းမှာပါဝင်တဲ့ အန်သိုဆိုင်ယာနင်ဓာတ်က ကင်ဆာဆဲလ်၂၀ရာခိုင်နှုန်းကို သေစေတယ်လို့ ဓာတ်ခွဲခန်းလေ့လာမှုအရ တွေ့ရှိခဲ့ရပါတယ်။

(၃) အိုမင်းမှုကို တားဆီးပေးနိုင်ခြင်း

ပလို့ပြောင်းမှာ ဗီတာမင်အီးပါဝင်မှုများတဲ့အတွက် အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ကို ကျန်းမာစေပြီး အိုမင်းမှုကို နှောင့်နှေးကြန့်ကြာစေပါတယ်။ လေ့လာမှုများစွာအရ ပလို့ပြောင်းမှာပါတဲ့ အန်သိုဆိုင်ယာနင်ဓာတ်က အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ကို ကျန်းမာလှပစေပြီး ခန္ဓာကိုယ်ကနေ ပိုကျန်းမာတဲ့ ဆဲလ်သစ်တွေ ထွက်ရှိလာအောင် ကူညီပေးပါတယ်။

(၄) ရောင်ရမ်းမှုကို လျော့ကျစေခြင်း

တိုကိုင်းဂါကွန်းတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ပလို့ပြောင်းမှာပါတဲ့ အန်သိုဆိုင်ယာနင်C4Gက ရောင်ရမ်းမှုကိုလျော့ကျစေတဲ့ အစွမ်းရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

(၅) သွေးတိုးကျစေခြင်း

ဒီနေ့ခေတ်မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် လူအများစုဟာ သွေးတိုးရောဂါအဖြစ် များလာနေပါတယ်။ ပလို့ပြောင်းဟာ သွေးကြောနဲ့ သွေးလွှတ်ကြော ပိတ်ဆို့မှုကို လျော့ကျစေတာကြောင့် သွေးတိုးတာနဲ့ သွေးတိုးရောဂါတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မကောင်းတဲ့ ကိုလက်စထရောကို ဓာတ်တိုးပြီး အန္တရာယ်မပြုနိုင်အောင် ကူညီပေးပါတယ်။

(Ref;WD)

Most Popular

Healthy Life Ad
To Top