Healthy Life Ad
Life Style

ကင်ဆာ လူနာတို့အတွက် ကောက်ရိုးတစ်မျှင် . . .

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

၂၀၁၅ ဇူလိုင်လတွင် ထူးဝါဖော တစ်ယောက် ဗိုက်အောင့်ဝေဒနာ စတင် ခံစားခဲ့ရသည်။ ဗိုက်အောင့်သည့် ဝေဒနာကို ပျောက်နိုးပျောက်နိုး စောင့်ကြည့်နေခဲ့သော်လည်း တဖြည်းဖြည်းပိုဆိုးလာသည်မှာ နောက်ဆုံး မခံမရပ်နိုင်လောက်အောင်
ဖြစ်လာတော့သည်။ သို့ဖြစ်ရာ ဖောင်ကြီးမြို့တွင်နေသည့် ထူးဝါဖောသည် နီးစပ်ရာ ဆရာဝန်ထံ ပြသခဲ့ရာ ဗိုက်တွင် အလုံးရှိကြောင်း စသိခဲ့ရသည်။ ဆရာဝန်၏ ညွှန်ကြားချက်အရ ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ကြည့်ခဲ့ရာအဖြေမှာ ကင်ဆာအလုံးဟု သိလိုက်ရတော့သည်။ ထိုအဖြေကြားတော့ ထူးဝါဖော ရင်တစ်ခုလုံး ဟာသွားသည်။ စိတ်ထဲတွင် ဝမ်းနည်းသွားသည်။ ချက်ချင်းဆိုသလို အနှီးဖြူဖြူထွေးထားသည့် ချစ်စဖွယ်သမီးလေး မျက်နှာပေါ် လာခဲ့သည်။ သမီးလေးက ယခုမှခြောက်လအရွယ် လေး. . ပီဘိ လူမမည်လေး . .။

ထူးဝါဖော တစ်ယောက် ဝမ်းနည်းခြင်းကြီးစွာ ရှိုက်ငိုလိုက်မိသည်။တစ်နေ့ . . တစ်နေ့ ငိုကြွေးနေရုံဖြင့် မပြီးမှန်း ထူးဝါဖော သဘောပေါက်ပါသည်။ သို့ဖြစ်ရာ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ပိုပြီး သေချာစေရန် အစာအိမ်မှန်ပြောင်းကြည့်ပြီး အူမကြီးအလုံးကို အသားစယူ စစ်ဆေးကြည့်ခဲ့ရာ အူမကြီး ကင်ဆာအဆင့် (၂) ဖြစ်နေမှန်း သိလိုက်ရတော့သည်။အင်းစိန်ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူပြီး ၁၀ ရက်နားနေစဉ် ဆေးရုံမှ ဆရာဝန်က –
“သြဂုတ် ၁၁ ရက်နေ့မှာ ရွှေရောင် နှင်းဆီကင်ဆာဖောင်ဒေးရှင်းက ပြင်ပ လူနာ ကင်ဆာဆေးသွင်း ကုသဌာနကို ဖွင့်ပြီး မတတ်နိုင်တဲ့ ကင်ဆာလူနာတွေ ကို အခမဲ့ ကုသမှု ပေးနေတယ်တဲ့ . . သမီးသွားသင့်တယ်”ဟု အကြံဉာဏ်ပေးခဲ့သည်။

“ဒါနဲ့ သြဂုတ်လ ၂၂ ရက်နေ့မှာ ကျွန်မ ဒီဖောင်ဒေးရှင်းကို ဖုန်းဆက်ပြီး ကျွန်မမှာ ဒီရောဂါရှိတယ်၊ လာပြလို့ ရမလားလို့ မေးလိုက်တော့
ဖောင်ဒေးရှင်း က ဆရာမတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ သူတို့အသံကြားတော့ ကင်ဆာဖြစ်လို့ စိတ်ဓာတ်ကျနေတဲ့ ကျွန်မတောင် ကုချင်စိတ်ဖြစ်သွားတယ်၊ ကျွန်မတို့လို ကင်ဆာလူနာတွေအတွက် အခမဲ့ ဆိုတာထက် စေတနာနဲ့ လှိုက်လှိုက်လှဲလှဲ ကူညီအားပေးတာကို ပိုလိုလားပါတယ်။ အဲဒီမှာပဲ ကျွန်မရဲ့ ဆေးကုချင်တဲ့ စိတ်ကိုပိုပြီး တွန်းအားပေးသလို ဖြစ်သွားခဲ့ပါတယ်”ဟု ထူးဝါဖောက သူ့အတွေ့အကြုံကို မျှဝေခဲ့သည်။

ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်များတွင် ဦးစားပေး အချက်များအဖြစ် ကင်ဆာမဖြစ်စေရန် ကြိုတင်ကာကွယ်ရေး၊ ကင်ဆာကို စောစီးစွာ သိရှိရေး၊ စောစော သိရှိပြီး ကုသပျောက်ကင်းနိုင်ခြေရှိသူများကို တတ်နိုင်သမျှ ထောက်ပံ့ကူညီပေးရေး အစရှိသည့် အချက်များရှိခဲ့ကြောင်း အဆိုပါ ဖောင်ဒေးရှင်း၏ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုသည်။”ဖောင်ဒေးရှင်း စတင်တည်ထောင်ချိန်တုန်းက ကုသမှုပိုင်းကို မလိုက်နိုင်သေးတဲ့အတွက် ကင်ဆာကုဌာနတွေကို လစဉ် လှူဒါန်းငွေရဲ့ အတိုးတွေကိုပေးပြီး လှူဒါန်းခဲ့ပါတယ်။ အခုတော့ ကိုယ်တိုင်ကိုယ်ကျ လုပ်နိုင်တဲ့ အနေအထားဖြစ်လာတဲ့အခါ ECတွေရဲ့ ဆုံးဖြတ်ချက်အရ အခန်းငှားပြီး ကုသမှုပေးဖို့ စဉ်းစားရင်း ကုသမှုပိုင်းကို ခြေလှမ်းစလှမ်းလိုက်တဲ့ သဘောပါ။ အစပိုင်းမှာတော့ ကုသပျောက်ကင်းနိုင်ခြေရှိတဲ့ ကင်ဆာရောဂါရှင်တွေကို ဦးစားပေးပြီး ကုမယ်လို့ စဉ်းစားခဲ့ပေမယ့် ခွဲခြားလို့မရပါဘူး၊ လာတဲ့ လူနာတွေထဲမှာ ဖြစ်တာ နောက်ကျပြီးမှ သိတာမျိုးလည်းရှိတယ်၊ ပြီးတော့ ပျောက်ကင်းနိုင်လား၊ မပျောက်ကင်းနိုင်လားဆိုတာကလည်း ယတိပြတ် ပြောရခက်ပါတယ်။ ဒါကြောင့် အကူအညီတောင်းလာသူတိုင်းကို တတ်နိုင်သမျှ အကူအညီပေးဖို့ ဆုံးဖြတ်ပြီး ကူညီနိုင်တဲ့ အနေအထားလည်းရှိတယ်ဆိုရင် လာတဲ့လူနာ အတော်များများကို ကုသမှု ပေးနေပါတယ်”ဟု ဒေါက်တာမိုးအောင်ကျော်နိုင်ကဆိုသည်။

ထူးဝါဖောကဲ့သို့ ပထမထပ်တွင်ရှိသော ဆေးသွင်းကုသဌာနသို့ ကိုယ်တိုင် လာရောက်ပြီး ဆေးသွင်းနိုင်သူ၊ ဆေးရုံကို ရက်ချီပြီး ဆေးသွင်းရမည့် လူနာမဟုတ်ဘဲ ပြင်ပလူနာအဖြစ် ကုသနိုင်သူများကို ကုသပေးလျက်ရှိရာ လာရောက် ဆေးသွင်းသူများအနက် ရင်သားကင်ဆာ လူနာက အများဆုံးဖြစ်ပြီး အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာရေမျိုပြွန်လူနာများလည်း ပါရှိကြောင်း သိရသည်။
“လူနာတွေက အရင်ဆုံး ဖုန်းနဲ့ စုံစမ်းကြတယ်၊ အဲဒီအခါ လာရောက်ပြသဖို့ ဆရာတို့ ရက်ချိန်းပေးလိုက်တယ်၊ လူနာကို ဆရာမကြီး ပါမောက္ခဒေါ်ရင်ရင်ထွန်းက ကြည့်ပြီး ကင်ဆာဆေးသွင်းကုသဖို့လိုတယ်ဆိုမှ လူနာက ဘယ်နှကြိမ်သွင်းဖို့ လိုတယ်ဆိုတာ ဆုံးဖြတ်ပြီး ဆေးသွင်းကုသမှုပေးပါတယ်”ဟု ဒေါက်တာ မိုးအောင်ကျော်နိုင်က ပြောသည်။

သားအိမ်ခေါင်းကင်ဆာကဲ့သို့ ဓာတ်ရောင်ခြည်ကုသမှု အဓိက လိုအပ်သည့် လူနာများကိုမူ ဓာတ်ရောင်ခြည်ဋ္ဌာနသို့ လွှဲပြောင်းပေးအပ်ကြောင်း၊ ကင်ဆာကုသမရတော့သည့် နောက်ဆုံးအဆင့်ဆိုလျှင်မူ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းသို့ လွှဲလေ့ရှိကြောင်း သိရသည်။ကင်ဆာဆေးမသွင်းမီ သွေးဖြူဥ၊ သွေးနီဥနှင့် သွေးဥမွှား စစ်ဆေးခြင်း၊ ဆေးသွင်းမှုကို ခံနိုင်ရည် ရှိ၊ မရှိ စစ်ဆေးခြင်း၊ နှလုံး Echo ရိုက်ခြင်းစသည့် စစ်ဆေးမှုများကို ပြုလုပ်ခိုင်းပြီး ထိုရလဒ်များအရ ဆေးသွင်းနိုင်မှသာ ဆောင်ရွက်ပေးကြောင်းနှင့် ကင်ဆာဆေးသွင်းပြီး ပြန်သွားသည့်အခါ နောက်တစ်ကြိမ်ဆေးမသွင်းမီအထိ မဖျားနာစေရန် ဂရုစိုက်သင့်ကြောင်း၊ သွင်းထားသော ဆေးများကြောင့် ဖြစ်တတ်သည့် ဘေးထွက်ဆိုးကျိုးဒဏ် ခံရပါက လိုက်နာရမည့် အချက်များကို ပြောပြကာ အာဟာရပြည့်ဝစွာ စားသုံးရန်၊ ရေများများ သောက်ပြီး ပျို့ချင်အန်ချင်လျှင် အဆီရှောင်ရန် ၊ လူထူထပ်သော နေရာများကို ရှောင်ရှားပြီး တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ရန် စနစ်တကျ ညွှန်ကြားချက်ပေးကြောင်း သိရသည်။

“ဒီလို ဖောင်ဒေးရှင်းမျိုး ပေါ်လာတဲ့အတွက် အင်မတန်ဝမ်းသာပါတယ်။ အခုဆိုရင် ဆေးသွင်းတာ နှစ်ကြိမ်ရှိပြီ၊ အဆင်ပြေတယ်၊ ဖောင်ကြီးမှာ သမီးလေးကိုထားခဲ့ပြီး အမျိုးသားနဲ့ လာပြတာပါ။ ဆေးသွင်းတဲ့ နှစ်ကြိမ်စလုံး ပိုပိုပြီး သက်သာလာတယ်လို့ ခံစားရတယ်။ ရွှေရောင် နှင်းဆီကင်ဆာဖောင်ဒေးရှင်းက ကျွန်မတို့လို ကင်ဆာလူနာတွေအတွက် ကောက် ရိုးတစ်မျှင်ပါပဲ”ဟု ပြောကြားခဲ့သည့် ထူးဝါဖောသည် ဒုတိယအကြိမ် ဆေးသွင်းပြီးသည့်အခါ အေးချမ်းစွာ ပြုံးလျက် သမီးငယ်ရှိရာ နေရပ်ဆီသို့ ထွက်ခွာသွားတော့သည်။

Most Popular

Healthy Life Ad
To Top