Healthy Life Ad
Life Style

ထိုက်ချိ ကစားခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေးကောင်းကျိုးများ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ထိုက်ချိကစားတာကြောင့် စိတ်ဖိစီးမှုနဲ့ ပူပင်သောကကို လျော့ပါးစေသလို ခန္ဓာကိုယ်ကို ပျော့ပျောင်းသန်စွမ်းစေပြီး ဟန်ချက်ညီစေပါတယ်။ ခန္ဓာကိုယ် သန်စွမ်းကျန်းမာဖို့အတွက် ရည်ရွယ်ခဲ့တဲ့ ထိုက်ချိလေ့ကျင့်ခန်းဟာ အခုအခါ မှာ စိတ်ဖိစီးမှု လျော့ကျရေးအတွက်သာမက တခြားကျန်းမာရေး အခြေအနေ အမျိုးမျိုးကိုလည်း ကောင်းမွန်စေတာတွေ့ရှိရပါတယ်။

ထိုက်ချိဆိုသည်မှာ
ထိုက်ချိကစားနည်းက ရှေးဟောင်း တရုတ်ရိုးရာ အားကစားတစ်မျိုး ဖြစ်ပြီး ဒီနေ့ထိတိုင် ခေတ်စားနေဆဲ ဖြစ်ပါတယ်။ ဖြည်းဖြည်းချင်း အာရုံစူးစိုက်ပြီး လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းဖြစ်ကာ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်လုပ်ရပါတယ်။ ထိုက်ချိချွမ်လို့ ခေါ်တဲ့ ထိုက်ချိကစားနည်းဟာ အကြောဆွဲဆန့်တာနဲ့   ခန္ဓာကိုယ်ကို ညင်ညင်သာသာ လှုပ်ရှားမှုလုပ်ဆောင်တာတို့ ပေါင်းစပ်ထားတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။

ဘယ်သူတွေ ထိုက်ချိ ကစားနိုင်သလဲ
ထိုက်ချိကစားနည်းက ညင်ညင်သာသာလှုပ်ရှားရတဲ့ နည်းလမ်းဖြစ်ပြီး ကြွက်သားနဲ့ အဆစ်တွေပေါ် သက်ရောက်မှုနည်းတာကြောင့် ဘယ်အသက်အရွယ်မဆို၊ ဘယ်လိုကြံ့ခိုင်မှုပဲရှိရှိ အန္တရာယ်ကင်းကင်း လုပ်ဆောင်နိုင်တဲ့ အားကစားပါ။ အထူးသဖြင့် လေ့ကျင့်ခန်းမလုပ်နိုင်တဲ့ အသက်ကြီးသူတွေအတွက် အထူးသင့်တော်ပါတယ်။ ဒါ့အပြင် အားကစား ကိရိယာတွေလည်း အထွေအထူးမလိုအပ်ဘဲ ဘယ်နေရာမှာမဆို လုပ်ဆောင်နိုင်ပါတယ်။
ထိုက်ချိကစားနည်းက ယေဘုယျအားဖြင့် အန္တရာယ်ကင်းပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ အဆစ်ဝေဒနာရှိသူ၊ ခါးနာနေသူ၊ အရိုးအက်ထားသူ၊ အရိုးပါးရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရသူနဲ့ အူကျွံနေသူတွေက ထိုက်ချိမလုပ်ခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဘာကြောင့် ထိုက်ချိကို ကစားသင့်သလဲ
မှန်ကန်တဲ့ ကိုယ်ဟန်အနေအထားနဲ့ ထိုက်ချိကစားတဲ့အခါ စိတ်ဖိစီးမှု၊ ပူပင်သောကနဲ့ စိတ်ဓာတ်ကျဝေဒနာတို့ လျော့ပါးပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ စွမ်းအင်နဲ့ သက်လုံတိုးစေပြီး ခန္ဓာကိုယ်ဟန်ချက်နဲ့ ပျော့ပျောင်းသန်စွမ်းမှုတို့ အားကောင်းကာ ကြွက်သား သန်မာစေပါတယ်။ လေ့လာမှုတချို့အရ ထိုက်ချိကစားတာကြောင့် အိပ်ရေးဝ၀ အိပ်မောကျစေပြီး ကိုယ်ခံအားစနစ် မြင့်တက်စေတယ်၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါဝေဒနာနဲ့ အဆစ်နာဝေဒနာတို့ကို သက်သာစေပြီး အထွေထွေ ကျန်းမာရေး ကောင်းမွန်စေတယ်လို့ သိရပါတယ်။

အသက်ကြီးသူတို့ ထိုက်ချိကစားခြင်းဖြင့် ရရှိနိုင်သည့် ကောင်းကျိုးများ
– သွေးဆုံးပြီး အမျိုးသမီးတွေမှာ အရိုးထုထည် ဆုံးရှုံးနှုန်းကို လျော့ကျစေပါတယ်။
– ခန္ဓာကိုယ်အောက်ပိုင်းနဲ့ ခြေသလုံးတွေကို သန်စွမ်းအားကောင်းစေပြီး ခန္ဓာကိုယ် ဟန်ချက်ညီမျှစေပါတယ်။
– စိတ်စွမ်းအင်နဲ့ အာရုံစူးစိုက်မှုတို့ကို အားကောင်းစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေပါတယ်။
– သွေးတိုးကို ကျစေပါတယ်။
– အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ် လုပ်ဖြစ်တဲ့အတွက် အဆုတ်အားကောင်းစေပါတယ်။
– အဆစ်ရောင်နာ ဝေဒနာကို သက်သာစေပါတယ်။
– စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဝေဒနာကို သက်သာစေပါတယ်။
– ခြေကျင်းဝတ်နဲ့ ဒူးဆစ်တွေ သန်စွမ်းတာကြောင့် တစ်ကိုယ်လုံး တည်ငြိမ်စေပါတယ်။
– လေဖြတ်ဝေဒနာနဲ့ နှလုံးရောဂါထတဲ့ ဝေဒနာ (Heart Attack) ဖြစ်နေရင် ခပ်မြန်မြန် သက်သာစေပါတယ်။
– အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါနဲ့ သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ရောဂါဖြစ်စဉ်ကိုလည်း နှေးကွေးစေပါတယ်။

REF:HD

Most Popular

Healthy Life Ad
To Top