Healthy Life Ad
Child

COCဆော့သူတို့အတွက်ကျန်းမာရေးအကြံပြုချက်များ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

နည်းပညာဖွံ့ဖြိုးတိုးတက်လာတဲ့ ဒီနေ့ခေတ်မှာ လက်ကိုင်ဖုန်းတွေ၊ iPad၊ Notepad အစရှိတဲ့ လျှပ်စစ်ပစ္စည်းတွေကို ဆက်သွယ်ရေး၊ လုပ်ငန်းကိစ္စတွေ အပါအဝင်ဖျော်ဖြေရေးအနေနဲ့လည်း အသုံးပြုသူတွေများလာကြပါတယ်။ ဒီလို ဖျော်ဖြေရေးတွေမှာ ဂိမ်းတွေကလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းတွေထဲမှာ Super Cell က ဖန်တီးလိုက်တဲ့ အွန်လိုင်းဂိမ်းတစ်မျိုးဖြစ်တဲ့ Clash Of Clan (COC) ဂိမ်းဟာ အလွန်ကို ရေပန်းစားနေပါတယ်။ စွမ်းရည်ကိုယ်စီရှိတဲ့ Barbarian (ရှေးခေတ်စစ်သား)၊ Archer (မြားသမား)၊ Giant(လူကောင်ကြီး) အစရှိတဲ့ ဇာတ်ကောင်များစွာကို လိုအပ်သလို စဉ်းစားရွေးချယ်ပြီး တစ်ဦးတည်း ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ယှဉ်ပြိုင်တိုက်ခိုက်ကစားရတဲ့ ဂိမ်းပဲဖြစ်ပါတယ်။ တချို့ကလည်း Level မြင့်လာရင် ပြန်လည်ရောင်းလို့ရတဲ့အတွက် ငွေလည်းဝင်၊ ပျော်လည်း ပျော်ရွှင်ရတယ်ဆိုပြီး မထတမ်းကစားနေတဲ့သူတွေလည်း ရှိနေပါသေးတယ်။ COC ဂိမ်းကို စွဲနေလို့ စာမလုပ်နိုင်တာ၊ လူမှုရေးပြဿနာတွေတက်တာအပြင် လုပ်ငန်းခွင်မှာထိခိုက်တာတွေပါ ရှိလာတာကို တွေ့ရ၊ မြင်ရလာပါတယ်။ ဒါကြောင့် COCအပါအဝင် ဂိမ်းအတော်များများကို မကစားရရင် မနေနိုင်သူတွေအနေနဲ့ ကိုယ့်ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စတာတွေ မထိခိုက်စေဖို့ သိရှိနားလည်သင့်တဲ့ အချက်တချို့ကို အကြံပြုပါရစေ။

(၁) ရေထသောက်ပါ
ဂိမ်းကစားတာ အာရုံဝင်စားနေချိန်မှာ ထမင်းမစား၊ မုန့်မစားရုံတင်မက ရေတောင်ထမသောက်မိတဲ့ အဖြစ်မျိုးရှိတတ်ပါတယ်။ ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝနေမှသာ သင့်ကြွက်သားနဲ့သင့်ဦးနှောက် စွမ်းအင်ရှိနေပြီး ယှဉ်ပြိုင်တိုက်ခိုက်ရာမှာ ဖန်တီးနိုင်စွမ်းနဲ့ တွေးခေါ်နိုင်စွမ်းရှိနေမှာဖြစ်ပါတယ်။

(၂) ညဘက်အိပ်ရေးဝ၀ အိပ်စက်အနားယူပါ
COCဂိမ်းစွဲနေသူတွေဟာ နေ့ဘက်အချိန်ရရင်ရသလို ကစားတတ်ရုံသာမက ညကြီးမင်းကြီးမှာတောင် အိပ်ပျော်နေရာကနေ လန့်နိုးပြီး ထကစားတာမျိုး ရှိတတ်ပါတယ်။ တကယ်တော့ တစ်နေကုန်ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို ဘတ္တရီလို ပြန်လည်အားဖြည့်ပေးနိုင်ဖို့ ကောင်းမွန်စွာ အိပ်စက်အနားယူပေးရမှာ ဖြစ်ပါတယ်။ အိပ်ရေးဝ၀ အိပ်စက်အနား ယူတာကြောင့် ဦးနှောက်ရဲ့သတင်းအချက်အလက်တွေကို ဆက်စပ်ဖန်တီးတွေးခေါ်နိုင်တဲ့ စွမ်းရည်မြင့်တက်စေပါတယ်။ အိပ်ရေးမဝရင် နောက်တစ်နေ့မှာ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ ညောင်းညာတာ၊ နုံးချည့်တာ၊ တစ်ကိုယ် လုံးတောင့်တင်းတာနဲ့ ဖျားနာတာတွေအထိ ဖြစ်တတ်ပါတယ်။

(၃) စိတ်ကို အေးဆေးတည်ငြိမ်စွာ ထားပါ
ဂိမ်းကစားတယ်ဆိုတာ စိတ်ကိုပျော်ရွှင်စေဖို့ ကစားတာပါ။ COC ဂိမ်းကစားရင်း ဒေါသထွက်နေသူတွေ၊ ကိုယ့်အဖွဲ့ဝင်တွေ နိုင်သင့်ပါလျက်နဲ့မနိုင်လို့ စိတ်တိုသူတွေကို တွေ့ဖူးပါတယ်။ တကယ်ဆိုရင်ဂိမ်းကို အပျော်တမ်းကစားတယ် လို့သာ သဘောထားပေးပါ။ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝနေ့ရက်တွေမှာ COC ဂိမ်းကစားတာက ဖိစီးမှုတွေပြေပျောက်စေဖို့ အပျော်သက်သက်၊ စိတ်ဖျော်ဖြေမှု သက်သက်လို့သဘောထားပြီး စိတ်တိုတာနဲ့ ဒေါသထွက်တာမဖြစ်စေဘဲ စိတ်အေးအေးထားပေးပါ။

(၄) မျက်စိကို မကြာခဏ စုံမှိတ်ပေးပါ
ဂိမ်းကစားသူဟာ ကွန်ပျူတာသုံးသူလိုပဲ မျက်စိမမှိတ်တမ်း၊ မျက်တောင်မ ခတ်တမ်းကစားလေ့ရှိကြပါတယ်။ အထူးသဖြင့် COC ဂိမ်းလို စွဲလမ်းစေတတ်တဲ့ ဂိမ်းတွေကစားတဲ့အခါ လူငယ်လူရွယ်တွေဟာ မျက်တောင်ခတ်ဖို့တောင် မေ့လျောနေတတ်ကြပါတယ်။ အဲဒီအခါကြာလာရင် မျက်စိညောင်းတာ၊ မျက်ရိုးကိုက်တာ၊ မျက်ရည်ပူကျတာ စတဲ့မျက်စိဝေဒနာတွေ ခံစားရတတ်သလို မျက်ရည်ခြောက်ခမ်းရာက ခြောက်သွေ့တဲ့မျက်စိ (Dry Eye) ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ဂိမ်းကစားချိန် မိနစ်၂၀ကြာတိုင်း မျက်စိကိုစုံမှိတ်ပေးပါ။

(၅) ကိုယ်နေဟန်ကို သတိထားပါ
COC ဂိမ်းကို ဖုန်း၊ iPad၊ Notepad အစရှိတဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ ဘယ်နေ ရာမှာမဆို အင်တာနက်ချိတ်ဆက်ပြီး ကစားလို့ရတာမှန်ပေမယ့် ကစားတဲ့အခါ ကိုယ်နေဟန်က စမတ်ကျပြီး ကျောရိုးကတည့်မတ်နေဖို့ လိုပါတယ်။ အများအား ဖြင့် ဂိမ်းကစားရင် ကျောရိုးကွေးညွတ်ရုံမက ခေါင်းကလည်းငုံထားတဲ့အတွက် ဇက်ကြောတက်တဲ့ ဝေဒနာရတတ်ပါတယ်။

(၆) အကြောဆွဲဆန့်ပါ
ဂိမ်းကစားတဲ့ သူတွေဟာ အနည်းဆုံးမိနစ်၂၀မှာ တစ်ခါဆိုသလို ခန္ဓာကိုယ်ကို အကြောဆွဲဆန့်ပေးသင့်ပါတယ်။ ဂိမ်းကို စတင်မကစားခင်ကတည်းက အကြော ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းလုပ်ထားရင် ဂိမ်းကစားချိန်အတွင်း ခန္ဓာကိုယ်နဲ့ စိတ် တောင့်တင်းမှုမရှိဘဲ သက်သောင့်သက်သာရှိနေပါလိမ့်မယ်။

(၇) ဘဝအမှန်ကို သိနားလည်ပါ
COC ဂိမ်းထဲက မြားသမား၊ နဂါး စတာတွေက သင့်ဘဝကို ပံ့ပိုးပေးနိုင်သူ တွေ မဟုတ်ပါဘူး။ သင့်ဘဝကို ပံ့ပိုးပေးနိုင်မှာ၊ အမှန်တကယ် ပျော်ရွှင်စေမှာက သင့်မိသားစုဝင်နဲ့ သင့်လုပ်ငန်းခွင်ပါ။ ဒါကြောင့်COCကိုပဲ တစ်ချိန်လုံးစွဲစွဲလမ်း လမ်းဆော့ကစားကာ မိသားစုနဲ့အတူ ထမင်းလက်ဆုံစားတာ၊ သားသမီးတွေကို ကျီစယ်နောက်ပြောင်တာ၊ လုပ်ငန်းခွင် က လုပ်ဖော်ကိုင်ဖက်တွေရဲ့စကားသံနဲ့ ခံစားချက်ကို လျစ်လျူရှုမိတာစတာတွေ ကို မဖြစ်စေသင့်ပါဘူး။ COCကြောင့် ဘဝ အောင်မြင်ရေး၊ ကိုယ့်ကျန်းမာရေး၊ မိသား စုပျော်ရွှင်ရေးစတာတွေ ထိခိုက်ရတာတွေ မြင်တွေ့ကြားသိနေရတာကြောင့် ကိုယ့် ဘဝအမှန်ကို သိနားလည်ပြီး ဘဝရဲ့စစ်မှန်တဲ့ အမှတ်တရ ကောင်းတွေကို ဖန်တီးပျော်ရွှင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Most Popular

Healthy Life Ad
To Top