Healthy Life Ad
Local

မြန်မာနိုင်ငံတွင် ပထမဆုံး ဆေးရုံကျောင်းကို ရန်ကုန်ကလေးဆေးရုံကြီး၌ ဖွင့်လှစ်

မြန်မာနိုင်ငံတွင် ပထမဆုံး ဆေးရုံကျောင်းဖြစ် သည့် သူရဲကောင်းလေးတို့ ကျောင်း (Heroes School)ကို ရန်ကုန်ကလေးဆေးရုံကြီး၊ သွေးနှင့် ကင်ဆာကုသဆောင်၌ ၉-၈-၂၀၁၆ ရက်နေ့က ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း  သိရသည်။
“၂၀၁၄ ခုနစ်မှာWorld Child Cancerအဖွဲ့က ဆရာမတို့ သွေးနဲ့ ကင်ဆာဆောင်ကို ဆေးကုသမှုအပိုင်းမှာ နည်းပညာ၊ ပစ္စည်းနဲ့ ဆေးဝါးထောက်ပံ့မှုကို သုံးနှစ်တိတိပေးဖို့ ကတိပြုခဲ့တယ်။ အဲဒီမှာ ဆေးရုံကျောင်းဖြစ်အောင်ကြိုးစားမယ်ဆိုတာ သူတို့ ရည်မှန်းချက်ထဲမှာ ပါဝင်နေပါတယ်။ အင်္ဂလန်နိုင်ငံက Elevania ဆေးရုံက ဆေးရုံကျောင်းအုပ်ကြီးက သုံးခါလာပြီး ကလေးလူနာလေးတွေကို လာကြည့် တယ်၊ စကားပြောကြည့်တယ်၊ နေရာကို ကြည့်တယ်၊ ကလေးတွေရဲ့ စိတ်ခံစားမှုကို ကြည့်ပြီး စာသင် ကျောင်းရဲ့ သင်ရိုးညွှန်းတမ်း၊ စာသင်ကျောင်းက ဆရာမတွေလုပ်ရမယ့် အလုပ်တွေ အကုန်လုံးကို စီမံကိန်းဆွဲပေးခဲ့ပါတယ်။ အလှူငွေကိုလည်း အဲဒီ အဖွဲ့ကပဲ အလှူရှင်ရှာပေးတယ်။

ဒါနဲ့ Dignitas Business Limousinessအဖွဲ့ကပဲ နှစ်နှစ်စာတိတိ ဆရာမနှစ်ဦးရဲ့လစာအပါအဝင် သင်ထောက်ကူ ပစ္စည်းလေးတွေကို လှူဒါန်းပေးပါတယ်။ ဒီကျောင်း လေး ရေရှည်တည်မြဲအောင်တော့ ဆရာမတို့ ဆက် လက်ကြိုးစားသွားရမှာဖြစ်ပါတယ်”ဟု အဆိုပါသွေး ရောဂါနှင့် ကင်ဆာရောဂါကုသဆောင် တာဝန်ခံ၊ တွဲဖက်ပါမောက္ခ ဒေါက်တာဒေါ်အေးအေးခိုင်က Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။
ရန်ကုန်ကလေးဆေးရုံကြီး၊ သွေးနှင့် ကင်ဆာ ကုသဆောင်တွင် ဆေးရုံတက်ရောက် ကုသနေရ သည့် ကလေးတို့အား အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကလေးတွေရဲ့ ဘဝတွက်တာ ပညာရေးအ တွက် တခြားသူတွေနဲ့ ဘယ်လို ပေါင်းသင်းဆက်ဆံမလဲ၊ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိအောင် လုပ်မလဲ ဆိုတာကိုလည်း အတန်းထဲမှာ လှုပ်ရှားမှုလေးတွေ လုပ်ရင်း သင်ပေးသွားမှာ ဖြစ်ပါတယ်။
အဓိက သင်ပေးတာက အင်္ဂလိပ်စာ၊ သင်္ချာနဲ့ မြန်မာစာတွေ ဖြစ်ပေမယ့် သူတို့ မလိုက်နိုင်တဲ့ ဘာသာရပ်တွေရှိလို့ ရှင်းပြဖို့လိုရင် ရှင်းပြပေးပါတယ်။ အဓိကတော့ သူတို့ရဲ့ စိတ်ခံစားမှု ဖော်ပြနိုင်မယ့် အနုပညာဖန်တီးမှု(ဥပမာ-ပန်းချီ)ကို ဦးစားပေးသင် ပေးပါတယ်”ဟု အဆိုပါ သူရဲကောင်းလေးတို့ ကျောင်း၏ ပညာရေးအတိုင်ပင်ခံ နော်မီချီဂျိမ်းစ်က ဆိုသည်။
ကလေးများ၏သင်ယူနိုင်စွမ်း၊ တတ်မြောက်နိုင် စွမ်းပေါ် မူတည်ပြီး အတန်း သတ်မှတ်၍ သင်ကြား ပေးနေကြောင်း သိရသည်။
“ကိုယ်ခံအားအရမ်းကျနေလို့ အတန်းထဲ လာ မသင်နိုင်တဲ့ ကလေးတွေက သူတို့ စာအရမ်းသင်ချင်ပေမယ့် အတန်းထဲမလာနိုင်ဘူးဆိုရင် သူတို့ အိပ်ရာ ဘေးမှာ စာသွားသင်ပေးပါတယ်”ဟု နော်မီချီက ပြောပြသည်။
“ကျောင်းကြီးတက်နေတဲ့ ကလေးတွေဆိုရင် ဆေးရုံတက်ရတဲ့အခါ သူတို့ ကျောင်းသင်ခန်းစာမှာ လွတ်သွားမှာကို စိုးရိမ်ကြတယ်။ တချို့ကလေးတွေ ကျတော့ ပထမအစမ်းစာမေးပွဲမှီရင် ဖြေချင်တယ် ဆိုတာမျိုး စိတ်ပူတဲ့အတွက် သူတို့ကို အားပေးတယ်၊ ကလေးတွေမှာ ရည်မှန်းချက်ဆိုတာ ရှိနေမှ သူတို့ စိတ်အားထက်သန်မှာလေ။ အဲဒါကြောင့် ခက်ခဲတဲ့ ဘာသာ (ဥပမာ-အင်္ဂလိပ်စာ၊ သင်္ချာ)တွေကို သင် ပေးနိုင်တဲ့ ဆရာမတွေရှိတဲ့အတွက် သူတို့ကို သင်ပေးပါတယ်။
မိဘတွေကလည်း သူတို့ကလေးလေးတွေဆေးရုံမှာ ဆေးကုနေရတာမြင်တော့ စိတ်ဖိစီးမှုဖြစ်ရတယ်၊ အဲဒီအခါ ကိုယ့်ကလေးက ဆေးရုံမှာ ဆေးကုရင်းကျောင်းတက်နေတာမြင်တော့ ကျောင်းသားမှာတင် အကျိုးရှိတာမဟုတ်ဘူး၊ ကိုယ့်ကလေး ပျော်နေတာမြင်ရတဲ့ မိဘတွေလည်း စိတ်ပေါ့ပါးသွားတယ်။ ကုသမှုပေးတဲ့ ဆရာဝန်၊ ဆရာမတွေကလည်း ကိုယ်ကုသမှုပေးနေတဲ့ ကလေးလေးတွေ ခဏလောက် ဖြစ်ဖြစ်ပျော်နေတာမြင်ရတော့ စိတ်ချမ်းသာရတယ်”ဟု ဒေါက်တာဒေါ်အေးအေးခိုင်က ပြောသည်။
အဆိုပါ သူရဲကောင်းလေးတို့ကျောင်းကို ၂၀၁၆ခုနစ်၊ ဇွန်လကတည်းက ကျောင်းသား စလက်ခံပြီး သင်ပေးခဲ့ရာ စာသင်ချိန်တစ်ချိန်လျှင် ၁၂ယောက်မှ အယောက် ၂၀ အလှည့်ကျသင်ပေး ခဲ့ပြီး ကျောင်း စတက်ကတည်းကဆိုလျှင် စုစုပေါင်း ကျောင်းသား ၈၀ဦး ကျော်သွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

Most Popular

Healthy Life Ad
To Top