Healthy Life Ad
Child

စားစရာမဟုတ်ဘဲ စားနေခြင်း (Pica)

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ကလေးတွေက စားစရာမဟုတ်ဘဲ အညစ်အကြေးတွေ ဒါမှမဟုတ် စက္ကူတွေစားတာကို ဆေးပညာအရ Pica လို့ ခေါ်ပါတယ်။ ဒီလို စားစရာမဟုတ်ဘဲစားတာကို အရွယ်ရောက်သူတွေထက် ကလေးငယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ အသက် တစ်နှစ်မှခြောက်နှစ်အရွယ် ကလေး ၁၀ ရာခိုင်နှုန်းနဲ့ ၃၂ ရာခိုင်နှုန်းကြားမှာ စားစရာမဟုတ်ဘဲ စားတတ် တဲ့အပြုအမူတွေ တွေ့ရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း စားစရာမဟုတ်ဘဲ စားချင်တာမျိုးဖြစ်တတ်ပါတယ်။ တစ်ခါတလေ အာဟာရဓာတ် တစ်မျိုးချို့တဲ့တာ(ဥပမာ သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါနဲ့ ဇင့်(သွပ်)ဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါရှိသူတချို့မှာ ဒီလိုစားစရာမဟုတ်ဘဲ စားချင်စိတ်ပေါ်တာမျိုး ဖြစ်တတ်ပါတယ်။

စားစရာမဟုတ်ဘဲ စားသည့် Pica ၏ ဝေဒနာ လက္ခဏာများ

စားစရာမဟုတ်ဘဲ စားတတ်တဲ့ Pica ရှိသူ ကလေးနဲ့ အရွယ်ရောက်သူတွေက တိရစ္ဆာန်မစင်၊ မြေကြီး၊ အညစ်အကြေး၊ ဆံပင်လုံး၊ ရေခဲ၊ သုတ်ဆေးနဲ့ သဲစတာတွေကို စားတတ်ကြပါတယ်။ ဒီလို စားစရာမဟုတ်တာတွေကို အနည်းဆုံး တစ်လကြာ စားနေပြီဆိုရင် Pica ဖြစ်နေကြောင်း ရောဂါအမည် တပ်နိုင်ပါတယ်။

ရောဂါရှာဖွေစစ်ဆေးနည်းများ
ဒီရောဂါအတွက် တစ်ခုတည်းသော စစ်ဆေးနည်းဆိုတာမရှိပါဘူး။ အာဟာရဓာတ် ပုံမှန်ထက် ပိုလျော့နည်းသူတွေနဲ့ အာဟာရချို့တဲ့သူတွေမှာ ဒီရောဂါအဖြစ်များတာကြောင့် သွေးတွင်းသံဓာတ်နဲ့ ဇင့်(သွပ်)ဓာတ်အဆင့်ကို စစ်ဆေးဖို့လိုအပ်ပါတယ်။ သွေးအားနည်းရောဂါ ရှိ၊ မရှိ စစ်ဆေးဖို့ လိုသလို သုတ်ဆေးစားတတ်ရင် ခဲဆိပ်သင့်မှု ရှိ၊ မရှိ စစ်ဆေး ရပါမယ်။ မြေကြီးနဲ့ တိရစ္ဆာန်အညစ်အကြေးတွေကို စားလေ့ရှိရင် ကူးစက်ပိုးဝင်နေသလား၊ သန်ကောင်ရှိနေပြီလားဆိုတာ စမ်းသပ်စစ်ဆေးဖို့နဲ့ ကုသမှုပေးဖို့ အရေးကြီးပါတယ်။

ကုသမှု
ကုသမှုက ခဲဆိပ်သင့်တာလို ကျန်းမာရေး ပြဿနာရှိသလား ဒါမှမဟုတ် အာဟာရဓာတ်ချို့တဲ့မှုရှိနေသလားဆိုတာ အရင်ဆုံး ဆန်းစစ်ပြီးမှပေးရမှာဖြစ်ပါတယ်။ ဒီရောဂါက အပြုအမူပိုင်းဆိုင်ရာ အားနည်းမှု၊ ပတ်ဝန်းကျင်ရဲ့ လျစ်လျူရှုပစ်ပယ်ခံရမှုနဲ့ အာဟာရချို့တဲ့မှုတွေနဲ့လည်း ဆက်စပ်နေတတ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေပေးဖို့နဲ့ မိသားစုကို ပညာပေးဖို့ အရေးကြီးပါတယ်။ ဆေးကုသမှုပေးလိုက်တဲ့အခါ ပုံမှန်မဟုတ်ဘဲ အစာစားတတ်တဲ့ အပြုအမူလျော့ကျသွားအောင် ကူညီနိုင်ပါတယ်။

ကုသအောင်မြင်နိုင်ခြေ
ကလေးတွေက စားစရာမဟုတ်ဘဲ စားနေတဲ့ အခြေအနေကို ကုသအောင်မြင်နိုင်ခြေက အမျိုးမျိုး ရှိပါတယ်။ အများအားဖြင့် ဒီရောဂါဖြစ်ရင် လပေါင်းများစွာကြာတတ်ပြီး အလိုလိုပျောက်သွားတတ်တာမျိုးပါ။ တစ်ခါတလေမှာတော့ ၁၀နှစ်ကြာ ဒါမှမဟုတ် လူကြီးအရွယ်ရောက်တဲ့အထိ ဆက်ဖြစ်နေနိုင်ပါတယ်။

ကာကွယ်မှု
ဒီရောဂါမဖြစ်အောင် ကာကွယ်နိုင်တဲ့ ကုထုံး တိတိကျကျမရှိပါဘူး။ ကလေးတွေကို လုံလောက်တဲ့ အာဟာရဓာတ်ရရှိအောင် ကျွေးမွေးဖို့လိုသလို ကလေးကိုလိုအပ်တဲ့ နွေးထွေးကြင်နာမှု၊ ဂရုစိုက်မှုနဲ့ ယုယမှုတွေပေးရပါမယ်။ ကလေးက စားစရာမဟုတ်တဲ့အရာကို စားနေတယ်လို့ သတိပြုမိရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top