Healthy Life Ad
Child

သင့်ကလေး ထက်မြက်အောင်မြင်လာစေရန်

ပါမောက္ခဒေါက်တာနီလာကြူ စိတ်ပညာရှင် ပါမောက္ခ၊ဌာနမှူး စိတ်ပညာဌာန၊ရန်ကုန်နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ကလေးတွေကို အလိုလိုက်တဲ့ ပုံစံနဲ့အုပ်ထိန်းတဲ့အခါ ချစ်ခင်မှုရမှာလား၊ဆိုးသွမ်းမှာလား ဆရာမ။
ဖြေ။ ကလေးတွေကို အုပ်ထိန်းရာမှာ မိဘ တွေက အလိုလိုက်တဲ့ ပုံစံနဲ့ အုပ်ထိန်းတဲ့ အခါ ကောင်းတာရော ဆိုးတာရော ရှိနိုင် ပေမယ့် ဆိုးသွမ်းသွားစေတဲ့ ဘက်က ပို များပါတယ်။ ကလေးတစ်ယောက် ဆိုး သွမ်းတာက အုပ်ထိန်းမှုပုံစံသက်သက် ကြောင့်တော့ မဟုတ်ပေမယ့် အလို လိုက်တဲ့ အုပ်ထိန်းမှုပုံစံက ကလေးတွေ ကို များသောအားဖြင့် ချစ်ခင်မှုပေးတယ်၊ လိုသမျှ ထောက်ပံ့ပေးတယ်၊ ဒါပေမဲ့ ထိန်းချုပ်မှုက မရှိဘူး၊ ဒါကို မိဘအုပ် ထိန်းမှုပုံစံ (Permissive Parenting) လို့ ခေါ်ပါတယ်။

ဥပမာ ကလေး တွေ တစ်ခုခုလုပ်မယ်ဆိုရင် လုပ်ချင်တာ လုပ်.. တိုက်တွန်းအားပေးတယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတဲ့အတွက် ဆိုးသွမ်း သွားစေနိုင်တာပါ။ မိဘတွေက ဘယ်လို ထင်ထားလဲဆိုတော့ ကလေးတွေကို အလိုလိုက်ရင် ကလေးနဲ့ သူတို့ ပိုနီးစပ် လိမ့်မယ်၊ ပိုပြီး ချစ်ခင်မှုရလိမ့်မယ်လို့ ထင်ထားကြတယ်၊ တကယ်တမ်းကျ တော့ ကလေးတွေက သိပ်ငယ်သေးတဲ့ အတွက် သူတို့လုပ်တဲ့ အပြုအမူက ကောင်းလား၊ ဆိုးလား၊ သင့်တော်လား၊ မသင့်တော်ဘူးလားဆိုတာကို မဝေဖန်၊ မဆုံးဖြတ်နိုင်ကြသေးဘူး။ ကိုယ့်ဘာသာ ထင်ရာစိုင်းပြီး လုပ်ချင်တာ လုပ်နေတတ်တယ်။ ဒါကြောင့် အဲဒီလို အလိုလိုက်တဲ့ အုပ်ထိန်းမှုပုံစံနဲ့ ကြီးပြင်းလာ ရတဲ့ ကလေးတွေက များသောအားဖြင့် ဆိုးသွမ်းသွားကြတာ များတယ်။ ဒါပေမဲ့ ကောင်းတဲ့ အချက်တွေလည်း ရှိနေတယ် လို့ သုတေသနတချို့က ဆိုပြန်ပါတယ်။

အလိုလိုက်ခံရတဲ့ ကလေးတွေက ကိုယ့်ကိုယ်ကိုယ် အစီအစဉ် (Plan)ချပြီး လုပ်ကြရတယ်၊ ကိုယ်လုပ်တဲ့ အပြုအမူကို ကိုယ့်ဘာသာ ထိန်းညှိရတယ်၊ ဒါကြောင့် ပိုရင့်ကျက်တယ်၊ ပိုပြီး တာဝန် ယူတယ် လို့ သုတေသီတချို့ကဆိုပါတယ်။ တချို့ ကျတော့လည်း အလိုလိုက်ခံထားရတဲ့ ကလေးတွေက လုပ်ချင်တာ လုပ် ခွင့်ပြု ထားတဲ့အတွက် ဖန်တီးမှုပိုင်းမှာ အားကောင်းတယ်လို့လည်း ပြောကြပါတယ်။

လေ့လာမှုအများစုကတော့ အလိုလိုက်တဲ့ မိဘအုပ်ထိန်းမှုပုံစံနဲ့ ထိန်း ကျောင်းတဲ့အခါ ကလေးတွေဟာ စိတ်ခံစားမှုပိုင်းမှာရော အပြုအမူပိုင်းမှာပါ ပြဿနာ ဖြစ်လာနိုင်တယ်ဆိုပြီး ညီညီ ညွတ်ညွတ် ထွက်ဆိုထားကြပါတယ်။ ကလေးတွေက စိတ်ကျဝေဒနာ (Depression) ဝင်နိုင်တယ်၊ ပေါင်းသင်းရခက်တဲ့ ပုံစံ (Anti-social) ဖြစ်သွားနိုင်တယ်လို့ ဆိုတယ်။

ကလေးတွေကို လုပ်ချင်တာ လုပ်ဆိုပြီး ခွင့်ပြုထားတော့ သူလုပ်လိုက်တဲ့ အပြုအမူတစ်ခုက ကောင်းလား၊ ဆိုးလားဆိုတာကို ကလေးတွေက မခွဲခြားနိုင်တော့ဘဲ မသင့်တော်တဲ့ အပြုအမူတွေ လုပ်မိရော၊ အဲဒီအခါ လူ့အသိုင်းအဝန်းနဲ့ ကင်းကွာသွားပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ် ဆိုတဲ့ ခံစားချက်ကလည်း ဝင်လာတယ်၊ ကလေးကို လမ်းညွှန်မယ့် သူ၊ ပြုပြင်ပေးမယ့် သူမရှိတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ် အားငယ်ပြီး အထင်ကြီး လေးစားတဲ့စိတ် (Self-Esteem)၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ စိတ်(Self-Confidence)က နိမ့်လာတယ်၊ ပေါင်းသင်းရခက်တဲ့ ပုံစံ၊ လူမှုရေး ခေါင်းပါးတဲ့ ပုံစံမျိုးတွေ ရှိလာတယ်။ အဲဒီလို ကလေးတွေက လူမှုဆိုင်ရာ ဓလေ့ထုံးစံ၊ ဥပဒေစတာတွေကို ချိုးဖောက်လာကြတော့ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးတဲ့ ကလေး၊ ပုန်ကန်တဲ့ ကလေးဆိုပြီး အမည်တပ်လာကြတယ်။

အလိုလိုက်ခံရတဲ့ ပုံစံနဲ့ ထိန်းကျောင်း တဲ့ မိဘတွေဟာ ကလေးတွေက တစ်ခါ တလေ ကောင်းသလား၊ ဆိုးသလားဆိုပြီး ဝေခွဲမရလို့ စိတ်ရှုပ်ထွေးနေရင်တောင် အရေးတယူလုပ်တာမျိုး မရှိဘူး။ အဲဒီ တော့ ကလေးတွေရဲ့ စိတ်ထဲမှာ လုပ်ချင်တာလုပ်လို့ရတယ်လို့ ဖြစ်သွားတော့တယ်။

ကလေးတွေကို အလိုလိုက်ရင် ကလေးနဲ့ သူတို့ ပိုနီးစပ်လိမ့်မယ်၊ ပိုပြီး ချစ်ခင်မှုရလိမ့်မယ်လို့ ထင်ထားကြတယ်၊ တကယ်တမ်းကျတော့ ကလေးတွေက သိပ်ငယ်သေးတဲ့ အတွက် . . .

မေး။ အလိုလိုက်လို့ ကျောင်းနေအရွယ်မှာ ဆိုးသွမ်းတဲ့ ကလေးဖြစ်နေရင် ဘယ်လို ပြန်လည်ထိန်းကျောင်းသင့်ပါသလဲ ဆရာမ။
ဖြေ။ ကလေးက ဆိုးသွမ်းသွားပြီဆိုပါစို့၊ ကလေးကို ပြန်လည် ထိန်းကျောင်းမယ်ဆိုရင် အကောင်းဆုံးနည်းကတော့ ပထမဆုံး ကလေးဟာ သူ့ကို လက်ခံနိုင်တယ်ဆိုတဲ့ အမြင်မျိုးရလာအောင် မိဘက ပြုမူဖို့လိုပါတယ်။ ပြီးရင် မိဘအုပ်ထိန်းမှုပုံစံတွေထဲက အကောင်းဆုံးနည်းဖြစ်တဲ့ Authoritative Parenting Style မျိုး ကျင့်သုံးပါ၊ Authoritative ပုံစံကတော့ ကလေးကို စည်းကမ်းထားတယ်၊ ချစ်ခင်မှုပေးတယ်၊ ဒီစည်းကမ်းကို ဘာကြောင့် လိုက်နာသင့်တယ်ဆိုတဲ့ ကျိုးကြောင်းပြပြီး ကလေးကို ရွေးချယ် ဆုံးဖြတ်စေတာပါ။

ကလေးကို မိဘက လက်ခံနိုင်တယ်ဆိုတဲ့ ပုံစံမျိုး ပြတဲ့အခါ ကလေးက “ငါ့ကို ဂရု စိုက်ပါလား”ဆိုတဲ့ အမြင်မျိုးရစေပါတယ်၊ နေရထိုင်ရတာလုံခြုံပြီး သက်သောင့်သက်သာရှိစေ တယ်၊ “ငါ့ကို ပြုစုပျိုးထောင်ပေးနေ တာပါလား”ဆိုတဲ့ ခံစားချက်ဖြစ်သွားစေပါတယ်။ အဲဒါဆိုရင် နဂိုက ဆိုးသွမ်းနေတဲ့ ကလေးဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ကောင်းလာအောင် ထိန်းနိုင်လာပါတယ်။ မိဘက ကလေးကို နွေးထွေးမှုနဲ့ ချစ်ခင်မှု ပေးဖို့လိုပါတယ်။ ကလေးတွေကို ပွေ့ဖက်ပေးရမယ်၊ နမ်းရှုံ့ပေးရမယ်၊ ကလေးကို ချီးကျူးစကားပြောပေးရမယ်၊ တစ်ခုခုကို စေ့ဆော်တိုက်တွန်းပေးရမယ်၊ အပြု သဘောနဲ့ ဝေဖန်ပေးရမယ်. . ဒါတွေ လုပ် ပေးမယ်ဆိုရင်တော့ ကလေးတွေမှာရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ လျော့ပါး သွားတတ်ပါတယ်။

ဒီလို ကလေးတွေအတွက် မိဘရှိနေရင် မိဘက လုပ်ပေးဖို့လိုသလို မိဘမရှိ ရင် လူ့အသိုင်းအဝန်းက တစ်ဦးဦး(ဥပမာ- ဆရာ၊ ဆရာမ)က နွေးထွေးမှု၊ ချစ်ခင်မှု၊ အားပေးတိုက်တွန်းမှုနဲ့ လက်ခံမှု ပေးရင်တောင် ကလေးက ဆိုးသွမ်းဖို့ မဖြစ်နိုင်ပါဘူး။ တချို့ဆရာ၊ ဆရာမတွေက ကလေးရဲ့ အဖေက ဆေးသုံးနေတာကို၊ ကလေးရဲ့ အမေ ပျက်စီးနေတာကို မိဘတွေကမှ ဂရုမစိုက်ဘဲ ပစ်ထားတာကို. . ငါတို့က ဘယ်လို ပြုပြင်လို့ရမှာလဲဆိုပြီး ပြောတတ်ကြပါတယ်။

တကယ်တော့ မှားပါတယ်။ မိဘဆီက ချစ်ခင်ဂရုစိုက်မှု၊ တိုက်တွန်းအားပေးမှု မရရင်တောင် ကျောင်းမှာ ဆရာ၊ ဆရာမတွေက ချစ်ခင်ဂရုစိုက်မှု၊ တိုက်တွန်းအားပေးမှု ပေးတယ်ဆိုရင် ကလေးတွေက လိမ္မာသွားနိုင်ပါတယ်။ တချို့ကလေးတွေဆိုရင် အိမ်ရော ကျောင်းရော ချစ်ခင်ဂရုစိုက်မယ့်သူမရှိရင်တောင် ရပ်ရွာထဲမှာ သူတို့ကို ချစ်ခင် အားပေးဂရုစိုက်တဲ့သူ တစ်ယောက်ယောက် ရှိနေတယ်ဆိုရင်ကို မပျက်စီးနိုင်ပါဘူး။ နောက်တစ်ခုက ကလေးတစ်ယောက် ဆိုးသွမ်းနေရင် လိမ္မာရေးခြားရှိအောင် ပြန်ထိန်းကျောင်းတဲ့အခါ အမေထက်စာရင် အဖေက ချစ်ခင်ဂရုစိုက် အားပေးမှုပေးလိုက်တာက ပိုပြီး ထိရောက်စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top