Healthy Life Ad
Life Style

အလှကုန်သုံးစွဲသူတို့ သတိပြုဖွယ်ရာ(၁)

ဒေါက်တာမြတ်စန္ဒာကျော်
အရေပြားအထူးကုဆရာဝန်ကြီး၊ ပါမောက္ခ၊ အရေပြားဌာန၊
မြောက်ဥက္ကလာပဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ Cosmetic ပစ္စည်းတွေဖြစ်တဲ့ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ပါးနီ၊ ပေါင်ဒါတွေ သက်တမ်းလွန်ရက်စွဲ (Expired Date) ဖြစ်နေတာကို ဘယ်လိုသိနိုင်မလဲဆရာမ။

ဖြေ။ အကောင်းဆုံးကတော့ ဘူးပေါ်မှာ Expired Date ဖတ်ကြည့်တာပါပဲ၊ အံသြစရာက အလှပြင်ပစ္စည်း တချို့မှာ Expired Date မပါတတ်တာပါပဲ၊
အလှကုန်တွေ အနံ့ပြောင်းလာရင်၊ ဥပမာ- ဆီကြေးစော်နံလာတာ၊ အမွေးနံ့ ပြယ်သွားတာ၊ ချဉ်စော်နံတာတို့ ဖြစ်ရင် Expired Date ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။

“Cosmetic သုံးပြီးမှ နဂိုထက်ပိုဖြူဖွေးပြီး
အရေပြား ပါးလာပြီဆိုရင် သတိထားသင့်တယ် . . . .”

အလှကုန်ပစ္စည်းတွေ အရောင်ပြောင်းသွားတဲ့အခါ၊ ဥပမာ ညိုသွားတာ၊ မည်းသွားတာ၊ ဖြူသွားတာ၊ မူလအရောင် ပျက်သွားတာတွေ ဖြစ်လာရင်လည်း ရက်လွန်နေပြီဆိုပြီး ပစ်လိုက်သင့်ပါတယ်။

မိတ်ကပ်အတွက် တို့ပတ်သုံးတဲ့အခါ တို့ပတ်မှာ အမည်းစက်ကလေးတွေ ပေါ်လာတဲ့အခါ၊ ဖုန်တွေ ကပ်နေတဲ့အခါ၊ တို့ပတ်ကို မလျှော်ဘဲ အကြာကြီးသုံးမိတဲ့အခါ၊ မိတ်ကပ်ကျဲသွားတဲ့အခါ၊ မိတ်ကပ် အရည်ခမ်းပြီး ပျစ်သွားတဲ့အခါ မသုံးသင့်တော့ပါဘူး။

ကိုယ်ကြိုက်တဲ့ အလှကုန်ကို မသုံးဘဲ သိမ်းထားမယ်၊ ပြီးမှ တစ်ခါတလေထုတ် သုံးမယ်ဆိုရင် ကောင်း၊ မကောင်း ဆိုတာကို သေသေချာချာစစ်ဖို့ လိုပါတယ်။

မေး။ Cosmetic ပစ္စည်းတွေကို ဘယ်လို ရွေးဝယ်သင့်ပါသလဲ ဆရာမ။

ဖြေ။ အလှကုန်ရွေးရာမှာ အသက်အရွယ်နဲ့ မျက်နှာအသားအရေ အမျိုးအစားတွေကို စဉ်းစားရပါတယ်။
ဆယ်ကျော်သက်အရွယ်ရဲ့ အရေပြားဟာ အဆီနဲ့ ချွေးထွက်များပါတယ်။ အရေပြားက နုနယ်တယ်။ ဒါကြောင့်မို့လို့ ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံမထွက်အောင် မိတ်ကပ်ရွေးချယ်တတ်ဖို့ လိုပါတယ်။ မိတ်ကပ်ထူထူပျစ်ပျစ်တွေ လိမ်းမယ်ဆိုရင် မျက်နှာမှာရှိတဲ့ အဆီပေါက်၊ ချွေးပေါက်တွေပိတ်ပြီးတော့ ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ အဆီ ထွက်နည်းသလို ချွေးထွက်လည်း နည်းလာတတ်ပါတယ်။ နေလောင်ဒဏ်ကို ခံလာခဲ့ရတဲ့အတွက် အရေပြားဟာ ထူပြီးတော့ ကြမ်းနေတတ်ပါတယ်။ ဒီ အသက်အရွယ်မှာ အဆီပါတတ်တဲ့ အလှကုန်ဟာ အသုံးဝင်ပါတယ်။

နေကာခရင်မ်

ဒီနေရာမှာ Cosmetic တစ်မျိုးဖြစ်တဲ့ နေရောင်ကာခရမ်အကြောင်း ပြောပြချင်ပါတယ်။
နေရောင်ကာခရင်မ်ကို နေပူထဲမထွက်ခင် မိနစ် ၂၀လောက်မှာ စလိမ်းရပါမယ်။ နေရောင်ကာခရင်မ်ကို ၂နာရီခြား ထပ်လိမ်းပေးရမယ်။ နေရောင်ကာခရင်မ် ဆိုတာ များသောအားဖြင့် နေပူကာနိုင်တဲ့ စွမ်းရည်ရှိနေဖို့အတွက် ပျစ်နေတတ်ပါတယ်။ မျက်နှာကို သေချာမသစ်ရင် ကပ်ကျန်နေတတ်တယ်။ ဒါကြောင့် ခဏသာခံမယ့် နေရောင်ကာခရင်မ်အစား သနပ်ခါးပါးကွက်ကလေး ကွက်တင်လိုက်ရင် သနပ်ခါး အမှုန်လေး တွေ ဆက်ပြီးတော့ နေရောင်ကာနိုင်တယ်။

ဆရာမဖောင်ကြီးသင်တန်းတက်တုန်းက ညကတည်းက သနပ်ခါးကို သွေးပြီးတော့ ကျောက်ပြင်ကို သေတ္တာထဲ ထည့်ထားလိုက်တယ်။ မနက်ကျတော့ ရေလေးစွတ်ပြီး လိမ်းလိုက်တယ်။ လိမ်းပြီး ပိုတဲ့ သနပ်ခါးကို ဘူးလေးနဲ့ထည့်ပြီး အတန်းထဲကို ယူသွားတယ်။ နေ့လယ်ကျတော့ ပါးကွက်လေး ပြန်ကွက်လိုက်တယ်။ အဲဒီလိုနည်းနဲ့ နေရောင်ကို ကာကွယ်ခဲ့တယ်။

သနပ် ခါး အောက်မှာတော့ လိမ်းနေကျ မိတ်ကပ်လေးတော့ပါတာပေါ့၊ ဒါမှ သနပ်ခါးက ပိုခံမှာလေ။ သနပ်ခါးလိမ်းတဲ့အခါမှာ သနပ်ခါးတုံးကို ကျောက်ပြင်နဲ့သွေးတဲ့ သနပ်ခါးက အကောင်းဆုံးပါပဲ။ ဆရာမ နိုင်ငံခြားသွားတုန်းက တာရှည်ခံ သနပ်ခါးတွေ လိမ်းဖူးပါတယ်။ တာရှည်ခံ သနပ်ခါးတွေက အနံ့လည်းမွှေး၊ မျက်နှာလည်း ဖွေးစေတယ်။ ဒါပေမဲ့ ဘယ်တာရှည်ခံ သနပ်ခါးပဲဖြစ်ဖြစ် ဓာတုပစ္စည်းပါမှာပဲ။ အဲဒီတော့ တာရှည်ခံ သနပ်ခါးတွေနဲ့ ဓာတ်မတည့်မှု (Allergy) ဖြစ်တဲ့လူနာတွေ ဆေးကုရဖူးတယ်။

မေး။ Cosmetic ပစ္စည်းတွေ သုံးတဲ့ အခါ တည့်၊ မတည့် ဘယ်လို သိနိုင်မလဲ ဆရာမ။

ဖြေ။ ကိုယ်ကြိုက်တဲ့ Cosmetic တောင်မှ ဘူးပုံစံ၊ အရောင်ပြောင်းသုံးမိရင် ဓာတ်မတည့်မှု (Allergy) ဖြစ်လာတတ်တယ်။ အရေပြားတွေ နီလာမယ်၊ ယားလာမယ်၊ အရည်ကြည်ဖုတွေ ဖြစ်လာမယ်၊ မျက်နှာ အရေပြားတွေ ရောင်ရမ်းလာမယ်၊ ဒီလို ဓာတ်မတည့်တာတွေ ပျောက်သွားရင်တောင် အဖြူကွက်၊ အမည်းကွက်တွေ ကျန်တတ်ပါတယ်။

ဆရာမကတော့ Cosmetic ကို Brand တစ်မျိုးတည်းပဲ သုံးတယ်။ Cosmetic ပြောင်းသုံးရင်တော့ အတော် သတိထားသင့်တယ်။ မသုံးခင် အရင်စမ်းသပ်ရမယ်၊ မတည့်ရင် စောစောကပြောတဲ့ ဓာတ်မတည့်တဲ့ အရေပြား တုန့်ပြန်တာတွေ ဖြစ်တတ်တယ်။

Scrub
Cosmetic ထဲမှာပါတဲ့ Scrubကို နေ့တိုင်းသုံးရင် မျက်နှာပွန်းနေတတ် တယ်။ အရေပြားဆဲလ်လေးတွေက ၂၈ ရက်ဆို သူဘာသာ ကြွေတာပဲ။ အဲဒါကို Scrubသုံးရင် အရေပြားဆဲလ်လေးတွေ ပိုကြွေသွားတဲ့အတွက် နေပူဒဏ်မခံနိုင်တော့ဘူး။ Scrubကို နေ့တိုင်း ဆက် တိုက်သုံးပြီးတော့ ပင်လယ်ကမ်းခြေလို နေရာမျိုးသွားမယ်ဆိုရင် အရေပြား နေလောင်ကွက်တွေ ပေါ်လာတတ်ပါတယ်။ မှဲ့ခြောက်၊ တင်းတိပ် ဖြစ်သွားတတ်တယ်။

မေး။ Cosmetic ပစ္စည်းတွေကို ဝယ်မယ်ဆိုရင် ဘယ်အချက်တွေကို သတိထားသင့်ပါသလဲ ဆရာမ။

ဖြေ။ Cosmetic ဝယ်မယ်ဆိုရင် အညွှန်းတွေ ဖတ်ရမယ်၊ ပါဝင်ပစ္စည်းတွေဖတ်ရမယ်။ ဥပမာ- Salicylic Acid ပါတဲ့ ညလိမ်း Creamတွေ၊Toner တွေဆိုရင် ဝက်ခြံပျောက်တယ်၊ နုပျိုစေတယ်ဆိုပြီး ပြောရောင်းနေကြတယ်။ တကယ်က တော့ နဂိုရှိမှ နဂိုင်းထွက်မှာပါ။ Salicylic Acid က မျက်နှာကို ပွန်းပဲ့စေလို့ အရေပြားခံနိုင်ရည် နည်းသွားစေတတ်တယ်၊ မျက်နှာပွန်းလွန်းရင် ဝက်ခြံထွက်တတ်တယ်။ နေလောင်ရင် တင်းတိတ်၊ မှဲ့ခြောက် တွေ ပိုထွက်တတ်တယ်။ မျက်နှာသုံးတဲ့ Maskတွေ၊ မျက်နှာပေါင်းတင်တာတွေ၊ ကြေးချွတ်တာတွေကလည်း မျက်နှာအရေပြားကိုပွန်းစေတာပဲ။ နေလောင်လွယ်စေရုံမကဘဲ အရေပြားကို အိုမင်းစေလိမ့်မယ်။

Cosmetic ထဲမှာ ညလိမ်း Cream လိုလိုနဲ ့ အသားလှခရင်မ်တွေ ရှိသေးတယ်။ လိမ်းပြီးတာနဲ့ မျက်နှာကဖွေးလို့ သိပ်ဟုတ်သလိုပဲ။ ဒါပေမဲ့ ကြာလာတော့ အရေပြားရဲ့ ကိုယ်ခံစွမ်းအားက ကျပြီးတော့ ရပ်လိုက်တာနဲ့ အရေပြားမှာ ဝက်ခြံတွေ ထွက်လာပြီး မျက်နှာနီလာတတ်တဲ့ Cosmetic ပဲ။ ဆရာမကတော့ အဲဒီ Cosmeticမှာ အရေပြားကိုယ်ခံစွမ်းအား ကျစေတဲ့ ဆေးတစ်မျိုးရောထည့်ထားတယ်လို့ထင်တယ်။ ဒါ့ကြောင့် Cosmetic သုံးပြီးမှ နဂိုထက်ပိုဖြူဖွေးပြီး အရေပြားပါးလာပြီဆိုရင် သတိထားသင့်တယ်။ Cosmetic သုံးပြီး ထွက်တဲ့ ဝက်ခြံက ပုံမှန်ဝက်ခြံထက် ပိုကုရခက်တယ်။ အဆီဖုလေးတွေက အရေပြားထဲ နစ်နေပြီး ပုလဲလုံးလေးတွေလို အရွယ်ညီအဖုလေးတွေ အဖြစ် ရှိနေတတ်တယ်။ Cosmetic က အဆီထွက်တဲ့ မွေးညင်းပေါက်တွေကို ပိတ်သွားစေလို့ သာမာန်ထက် ပိုကုရခက်ပါတယ်။

မေး။ Cosmetic ပစ္စည်းတွေကို Setအလိုက် သုံးသင့်ပါသလား ဆရာမ။

ဖြေ။ Cosmetic ဝယ်မယ်ဆိုရင် Setအလိုက် ဆိုတဲ့ စကားကို ကြားရလိမ့်မယ်။ Setအထဲမှာ Toner၊Milk Lotion၊ Make up 2 way၊ Powder၊ Facial Foam၊ Cleanser၊ Night Cream၊ Mask၊မျက်နှာပေါင်းတင် ပစ္စည်း၊ မျက်နှာ ကြေးချွတ်ပစ္စည်းတွေပါတယ်၊ ဆရာမ အဖွား အသက် ၉၇ နှစ်အထိ ဘာ Cosmetic မှ မသုံးတတ်ဘူး၊ ဘယ်လို ဓာတ်မတည့်မှု (Allergy) မျိုးမှလည်း မရဖူးပါဘူး၊ ဘာမှ မသုံးတော့ ဘာမှ မဖြစ်ဖူးပေါ့။ သူများ လက်ဆောင်ပေးတဲ့ Cosmetic ဆိုရင် သတိထားရမယ်၊

မသုံးဖူးတဲ့ပစ္စည်းကို သုံးတဲ့အခါ တည့်၊ မတည့် အရင်စမ်း ကြည့်ရမယ်၊ Cosmeticတွေကို အညွှန်း ဖတ်ကြည့်ပါလို့သာ မှာရတာ၊ အခု အ တော်များများ Cosmetic တွေက စာဖတ်လို့ နားမလည်ဘူး၊ ဘယ်လို ညွှန်းရမှန်းတောင်မသိဘူး။ ဘာပါမှန်းလဲ မသိဘူး၊ လူတွေကတော့ ယုံကြည်ပြီး သုံးနေကြတာပဲ၊ ဘာပဲဖြစ်ဖြစ် Cosmetic ခေတ် ကြီးမှာ Cosmetic ဆိုတာ မရှိမကောင်း၊ ရှိမကောင်း၊ မသုံးလည်းခက်၊ သုံးလည်း ခက် ဖြစ်တာကြောင့် Cosmetic ကို မှန်ကန်စွာ ရွေးချယ်နိုင်ကြပါစေ၊ မြန်မာ အမျိုးသမီးတွေ သနပ်ခါးကိုလည်း မမေ့ကြပါစေနဲ့လို့ ပြောချင်ပါတယ်။
ဒေါက်တာမြတ်စန္ဒာကျော်

Most Popular

Healthy Life Ad
To Top