Healthy Life Ad
Health Tips

အိုကီနာဝါ ဂျပန်လူမျိုးတွေ ဘာကြောင့် သက်ရှည်ကျန်းမာရတာလဲ . . .

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်းဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးကောင်းမွန်ပြီး အသက်ရှည်စေတဲ့ နေရာကောင်းတစ်ခုဖြစ်ပါတယ်။ အိုကီနာဝါ ဂျပန်လူမျိုးတွေဟာ ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါတွေနဲ့ သေဆုံးနှုန်းအနည်းဆုံးဖြစ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးအားလုံးအတွက် ပျမ်းမျှသက်တမ်းက အနည်းဆုံး ၆၅ နှစ်တော့ ကျော်ပါတယ်။

အိုကီနာဝါလူမျိုးတွေက ဘာကြောင့် အသက်ရှည်ကြတာလဲ

၁၉၇၆ ခုနစ်ကတည်းက သုတေသီတွေ ဆန်းစစ်လေ့လာအဖြေရှာခဲ့တဲ့ မေးခွန်းတစ်ခုပါ။ အိုကီနာဝါလူမျိုး ၈၀၀ ကျော်ရဲ့  ဘ၀နေထိုင်စားသောက်မှု ပုံစံနဲ့မျိုးရိုးဗီဇကို နှစ်ပေါင်းများစွာအကြာ လေ့လာခဲ့ရာက အောက်ပါတွေ့ရှိချက်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ကျန်းကျန်းမာမာ အသက်ရှည်ခြင်း

အိုကီနာဝါဂျပန်လူမျိုးတွေက အသက်ရှည်ရှည်နေရရုံသာမက သူတို့က ကျန်းကျန်းမာမာရှိကြပါတယ်။ အသက် ၁၀၀ ကျော်နေရသူ အများစုဟာ ကိုယ်ခန္ဓာသွယ်လျတာ၊ စိတ်တက်ကြွမှုရှိတာနဲ့ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေလို နာတာရှည်ကျန်းမာရေးပြဿနာဖြစ်နှုန်း လျော့ကျတာတွေဖြစ်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

alignnone size-medium wp-image-62768
မျိုးရိုးဗီဇအခြေအနေ

အိုကီနာဝါ ဂျပန်လူမျိုးတွေရဲ့  မျိုးရိုးဗီဇဟာ ရောင်ရမ်းမှုနဲ့ ခန္ဓာကိုယ်က ကိုယ်ခံအားစနစ်မှာ ပါဝင်တဲ့ ဆဲလ်တွေဖောက်ပြန်မှုကြောင့် ကိုယ်တွင်းစနစ်တွေကို ပြန်တိုက်ဖျက်တဲ့ဝေဒနာ (္ဘAutoim- mune Disordr)တွေကို ကာကွယ်နိုင်စွမ်းရှိစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အသက်ရာကျော်ရှည်တဲ့ အိုကီနာဝါလူမျိုးတွေရဲ့  ၀မ်းကွဲညီအစ်ကို မောင်နှမတွေဟာလည်း သက်ရှည်ကျန်းမာကြတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။

ဖရီးရယ်ဒီကယ်များ

သက်တော်ရာကျော် ရှည်တဲ့သူတွေရဲ့ သွေးထဲမှာ မကောင်းတဲ့ ဓာတ်တိုးပစ္စည်း ဖရီးရယ်ဒီကယ်ပမာဏ လျော့နည်းနေတတ်ပါတယ်။ ဒီလိုဖြစ်ရတာက အိုကီနာဝါလူမျိုးတွေဟာ တခြားလူမျိုးတွေထက် ရှစ်ဆယ်ရာခိုင်နှုန်းအထိပဲ ဗိုက်ပြည့်အောင် အစာစားလေ့ရှိတာကြောင့်ပါ။ ဗိုက်ပြည့်တင်းတဲ့အထိ အစာမစားဘဲ ကယ်လိုရီလျော့နည်းပြီးစားတာကြောင့် အစာခြေစနစ်ကနေ ဖရီးရယ်ဒီကယ်ထုတ်လုပ်မှု လျော့နည်းပါတယ်။ ဖရီးရယ်ဒီကယ်လျော့နည်းလေလေ၊ နှလုံးသွေးကြောရောဂါ၊ ကင်ဆာရောဂါနဲ့ တခြားနာတာရှည်ရောဂါတွေရဲ့ ဖြစ်နှုန်းကို လျော့ကျစေလေလေပဲ ဖြစ်ပါတယ်။

alignnone size-medium wp-image-62769
နှလုံးကျန်းမာရေး

ကျန်းမာနေတဲ့ သွေးကြောတွေဟာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောနဲ့ ဟိုမိုစစ်စတင်းအဆင့်ကို လျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ သွေးကြောတွေ ကျန်းမာနေတာကြောင့် အိုကီနာဝါဂျပန်လူမျိုးတွေက နှလုံးရောဂါဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်း လျော့ကျမှုရှိတာကို တွေ့ရှိခဲ့ရကြောင်း လေ့လာသူတွေက ဆိုပါတယ်။ နှလုံးသွေးကြောတွေ ကျန်းမာရတာက အစားအသောက်ကို ကောင်းကောင်းစားတာ၊ လေ့ကျင့်ခန်းကို ပုံမှန်လုပ်တာ၊ ဆေးလိပ်မသောက်တာနဲ့ စိတ်ဖိစီးမှုကိုလျှော့ချနိုင်တဲ့ အကောင်းမြင်စိတ်ထားရှိတာတွေကြောင့် ဖြစ်ပါတယ်။

ကင်ဆာရောဂါအန္တရာယ် လျော့ကျခြင်း

အိုကီနာဝါလူမျိုးတွေက ဟော်မုန်းကိုမှီခိုနေတဲ့ ကင်ဆာတွေဖြစ်တဲ့ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ မမျိုးဥအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာ စတာတွေရဲ့  ဖြစ်နိုင်တဲ့အန္တရာယ်ကို လျော့နည်းကြပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ကို ၈၀ ရာခိုင်နှုန်းလျော့ကျစေပြီး အူမကြီးကင်ဆာနဲ့ မမျိုးဥအိမ်ကင်ဆာရောဂါတို့ရဲ့  အန္တရာယ်ကို ၅၀ ရာခိုင်နှုန်း လျော့ကျတာတွေ့ရပါတယ်။ လေ့လာမှုအရ ကယ်လိုရီစားသုံးမှု လျော့နည်းတာ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်စားသုံးမှုများတာ၊ အစားအသောက်ထဲမှာ ကောင်းတဲ့အဆီတွေကိုစားတာ၊ အမျှင်ဓာတ်များများစားတာနဲ့ တက်တက်ကြွကြွနေတာ စတဲ့ ဘ၀နေထိုင်စားသောက်မှုပုံစံတို့ကို လိုက်နာတာကြောင့် ဖြစ်တယ်လို့သိရပါတယ်။

အရိုးကျန်းမာရေး

အိုကီနာဝါဂျပန်လူမျိုးတွေက အမေရိကန်လူမျိုးတွေထက် တင်ပဆုံရိုးကျိုးနိုင်တဲ့ အန္တရာယ်လျော့ကျမှုရှိတာကို အံ့အားသင့်စရာ မလိုပါဘူး။ လေ့လာမှုအရ အသက်ရာကျော်ရှည်သူတွေရဲ့  အရိုးသိပ်သည်းဆဆုံးရှုံးနှုန်းဟာ တခြားဂျပန်လူမျိုးတွေရဲ့  အရိုးသိပ်သည်းဆ ဆုံးရှုံးမှုထက် ပိုလျော့နည်းတာကို တွေ့ရပါတယ်။ ဒါဟာ အိုကီနာလူမျိုးတွေက ကယ်လ်စီယမ်ပါတဲ့ အစားအသောက်တွေကို များများစားတာ၊ နေရောင်ခြည်ကရတဲ့ ဗီတာမင်ဒီနဲ့ ထိတွေ့မှုရှိတာနဲ့ ကိုယ်လက်လှုပ်ရှားမှုများများ လုပ်တာတွေကြောင့် အရိုးသိပ်သည်းဆ ဆုံးရှုံးနှုန်း နည်းရတာပါ။

alignnone size-medium wp-image-62770
သွေးဆုံးခြင်း

အိုကီနာဝါအမျိုးသမီးတွေဟာ အီစထရိုဂျင် ဟော်မုန်းအစားထိုး ကုသမှုကို ခံယူလေ့မရှိပါဘူး။ ဒါပေမဲ့ သွေးဆုံးတာကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ပြဿနာအနည်းငယ်ကိုပဲ ခံစားရလေ့ရှိပါတယ်။ အကြောင်းကတော့ သူတို့ရဲ့  အဓိက အစားအစာထဲမှာပါတဲ့ ပဲပိစပ်ထဲက ဖိုင်တိုအီစထရိုဂျင်တွေဟာ လေ့ကျင့်ခန်းလုပ်တာကြောင့် ရတဲ့ရလဒ်လိုပဲ သွေးဆုံးတာကြောင့်ဖြစ်တဲ့ ဆိုးကျိုးကို လျှော့ချပေးနိုင်တာကြောင့်လို့ ယူဆထားလို့ပါ။

alignnone size-medium wp-image-62771
လိင်ဟော်မုန်းအများအပြားရှိခြင်း

အိုကီနာဝါလူမျိုးတွေမှာ သက်တူအမေရိကန်လူမျိုးတွေထက် လိင်ဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်၊ တက်စတိုစတီရုန်းနဲ့ DHEA ဟော်မုန်းတွေ ပိုရှိနေတတ်ပါတယ်။ တက်စတိုစတီရုန်းဟော်မုန်း ပမာဏများတာက ကြွက်သားထုထည်ကို ကောင်းမွန်စေပါတယ်။ အီစထရိုဂျင် ဟော်မုန်းပမာဏများတာက အရိုးပါးရောဂါနဲ့ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ DHEA ဟော်မုန်းက အသက်ကြီးလာလေလေ လျော့ကျလေလေဖြစ်တာကြောင့် လေ့လာသူတချို့က လူတစ်ယောက် ဘယ်လောက်အသက်အရွယ် ရှိနေပြီလဲဆိုတာကို DHEA ကို တိုင်းတာစစ်ဆေးလေ့ရှိပါတယ်။ ဒါပေမဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်စာတာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေကြောင့် ဒီဟော်မုန်းတွေက အသက်ကြီးတဲ့ အိုကီနာဝါလူမျိုးတွေမှာ မြင့်တက်နေဆဲရှိနေတာကို လေ့လာတွေ့ရှိရပါတယ်။

အကောင်းမြင်ခြင်း

အိုကီနာဝါလူမျိုးတွေရဲ့  ကိုယ်ရည်ကိုယ်သွေးတွေကို ဆန်းစစ်ကြည့်တဲ့အခါမှာ သူတို့တွေက စိတ်ဖိစီးမှုလျော့နည်းပြီး အကောင်းမြင်သဘောထားရှိတာကို တွေ့ရပါတယ်။ သူတို့ဟာ အကောင်းမြင်တာကြောင့် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းရှိကာ သက်ကြီးအတိတ်မေ့ရောဂါဖြစ်နိုင်တဲ့ အန္တရာယ်လျော့ကျမှုရှိတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

Most Popular

Healthy Life Ad
To Top