Healthy Life Ad
Q & A

ဆီးချိုသမားကို ဘယ်လိုကိုယ်ချင်းစာမလဲ . . .

—၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. ဆီးချိုရှိသူ အိမ်သားတစ်ဦးကို မိသားစုဝင်တွေက သီးသန့်ထမင်း/ ဟင်းချက်ကျွေးတာ၊ မိသားစုထမင်းဝိုင်းမှာမဟုတ်ဘဲ သီးသန့်စားခိုင်းတာတွေ လုပ်တာရှိကြပါတယ်။ အဲဒီလိုလုပ်ရင်းနဲ့ တချို့ဝေဒနာရှင်တွေက စိတ်အားငယ်၊ စိတ်ဓာတ်ကျသွားတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို သီးသန့်ထမင်း၊ ဟင်းစားခိုင်းသင့်ပါသလား ဆရာ။

A. ဒီလိုမျိုး ဆီးချိုရှိသူကို သီးသန့်ထမင်း၊ ဟင်းစား ခိုင်းတာက မသင့်တော်ပါဘူး။ လိုလည်းမလိုပါဘူး။ ဆီးချိုသမားတွေမှာ သူတို့သီးသန့်စားရမယ့် အစာ (Special Diet)ဆိုတာ မရှိပါဘူး။ သာမန်လူနဲ့ အတူတူတွဲပြီး စားလို့ရပါတယ်။ တစ်ခုပဲရှိတယ်။ ဆီးချိုသမားက ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်ရမှာက “ ကြိုက်သလောက်စားလို့ရတဲ့ အစားအသောက်” တွေအနေနဲ့ အရွက်၊ အသား၊ ငါး၊ ပဲ စတာတွေပါ။ ကျောက် ကပ်သာမထိရင် အသားတွေဘာတွေလည်း အကုန်စားလို့ရပါတယ်။ အဲဒီမှာ အနီရောင်ရှိတဲ့ အသားတွေ၊ ခြေလေးချောင်းသားတွေကို တစ်ပတ်မှာ နှစ်ခါထက်ပိုပြီး မစားသင့်ပါဘူး။ အဆီများတဲ့ အသားကို တစ်ပတ်မှာ နှစ်ခါထက် ပိုမစားသင့်ဘူး။

အသင့်အတင့်စားလို့ရတာက ဆန်၊ ဂျုံ၊ ခေါက်ဆွဲပါ။ ဆီးချိုတက်လို့ ထမင်းမစားဘဲ ခေါက်ဆွဲပြောင်းစားလည်း အတူတူပါပဲ။ ကာဗိုဟိုက်ဒရိတ်တွေကို အသင့်အတင့်ပဲ စားပေးပါ။ ဘာဆန်မှပြောင်းစားမနေပါနဲ့။ ရေခမ်းလည်းမချက်နဲ့၊ ရေငှဲ့လည်းမချက်နဲ့၊ အိမ်မှာချက်တဲ့အတိုင်း စားပါ။ တစ်ခုပဲရှိတာက Amount (ပမာဏ)ပေါ့။ ဆီးချိုသိပ်တက်တဲ့နေ့ကျရင် ထမင်းနည်းနည်းလျှော့စားပါ။ အဓိက ချိုတဲ့အသီး၊ ချိုတဲ့မုန့်၊ ချိုတဲ့အရည်တွေကို ဆီးချိုတက်ရင် မစားနဲ့၊ မတက်ရင်စားပါ။ ဒါလေးပဲ ဆင်ခြင်ရမှာပါ။ မိသားစုထမင်းဝိုင်းထဲမှာ ဒါလေးဆင်ခြင်လိုက်ရင် မိသားစုနဲ့အတူတူ စားလို့ရပါတယ်။

“ ကိုယ်ကတော့ ကောင်းစေချင်လို့ သားသမီးတွေက “ အမေ . . ဒါမစားရဘူး၊ အမေ ဒါကိုပဲ စား” ဆိုပြီး ကြည့်လိုက်တော့ ဆန်က လုံးတီးဆန်၊ ဟင်းက ရေလုံပြုတ်၊ ဆီမပါ၊ ဆားမပါနဲ့။ လူနာက စိတ်ဓာတ် သိပ်ကျသွားတတ်ပါတယ်။ စိတ်ဖိစီးမှုတွေအများကြီးဖြစ်တဲ့အတွက် ဒါမျိုးဆိုရင် မလုပ်သင့်ဘူးလို့ ယူဆပါတယ်။”

Q. ကိုယ့်မိဘတပါးပါးမှာ ဆီးချိုရှိပြီဆိုတာနဲ့ သားသမီးတွေက စိတ်ပူလို့ “ အမေ . .ဟိုဟာမစားနဲ့၊ အဖေ . . ဒီဟာမလုပ်နဲ့” စသဖြင့် လိုက်လံတားမြစ်တတ်ကြတယ်။ ဒီလိုလုပ်တာကကော လူနာအတွက် ဘယ်လိုသက်ရောက်မှု ဖြစ်နိုင်ပါသလဲ ဆရာ။

A. ခဏခဏတွေ့ပါတယ်။ ကိုယ်ကတော့ ကောင်းစေချင်လို့ သားသမီးတွေက “ အမေ . . ဒါ မစားရဘူး၊ အမေ ဒါကိုပဲ စား” ဆိုပြီး ကြည့်လိုက်တော့ ဆန်က လုံးတီးဆန်၊ ဟင်းက ရေလုံပြုတ်၊ ဆီမပါ၊ ဆားမပါနဲ့။ လူနာက စိတ်ဓာတ်သိပ်ကျသွားတတ်ပါတယ်။ စိတ်ဖိစီးမှုတွေအများကြီး ဖြစ်တဲ့အတွက် ဒါမျိုးဆိုရင် မလုပ်သင့်ဘူးလို့ ယူဆပါတယ်။ အတူတကွ မိသားစုနဲ့အတူစားပြီး မိသားစုက ဖေးမကူညီပေးရင် ရပါတယ်။

Q. ဆီးချိုရှိသူတွေက ဒူးနာတာ၊ မလှုပ်ရှားချင်တာတွေဖြစ်လို့ ကိုယ်လက်လှုပ်ရှားမှုတွေလည်း သိပ်မလုပ်ကြဘူး။ အဲဒီအခါ အိမ်သားတွေကကော အတင်းတိုက်တွန်းကြတယ်။ အဲဒီလိုပုံစံမျိုးမဟုတ်ဘဲ သူကိုယ်တိုင်ကပါ သွက်သွက်လက်လက်နဲ့ လှုပ်ရှားမှုလုပ်ချင်လာအောင် ဘယ်လိုအနေအထားမျိုးနဲ့ ဆွဲဆောင်ပေးသင့်ပါသလဲ ဆရာ။

A. ဒါလည်းမှန်ပါတယ်။ သားသမီးတွေဘက်က ကြည့်ရင်လည်း ကိုယ့်မိဘကို ကျန်းမာရေးကောင်းစေချင်လို့ အစားအသောက်တွေကို သတိထားခိုင်းတယ်၊ လေ့ကျင့်ခန်းတွေ လုပ်ခိုင်းတယ်။ ဒါပေမဲ့ အထူးသတိထားရမှာက လူကြီးတွေက ဒူးနာတာရှိတယ်၊ မလှုပ်ရှားနိုင်တာရှိတယ်။ ထိုင်ရာမထ လေ့ကျင့်ခန်းလုပ်လို့တော့ ရပါတယ်။ အခုဆိုရင် ဆရာကြီး ပါမောက္ခဦးတင့်ဆွေလတ်ကိုယ်တိုင် ပါဝင်ပြီး လုပ်ပြထားတဲ့ ထိုင်ရာမထ လေ့ကျင့်ခန်းအစီအစဉ်အခွေလေး ထွက်ထားတယ်။ အဲဒါလေးက ကောင်းပါတယ်။ လူတွေအများကြီးက သိပ်မလှုပ်ချင်တော့ ထိုင်ရာမထလုပ်လို့ရတဲ့ လေ့ကျင့်ခန်းက ဆေးတစ်ပါးပါ။ သား သမီးတွေကလည်း ကိုယ့်မိဘကို “ ဒီလိုမျိုးလေ့ ကျင့်ခန်းလုပ်တာက ဆေးတစ်ပါးပါ။ လေ့ကျင့်ခန်းလုပ်ရင် အမေသောက်နေတဲ့ဆေးတွေ လျော့သွားနိုင်တယ်၊ ဒါကြောင့် ကျန်းမာရေးပိုကောင်းလာနိုင်တယ်” ဆိုပြီး ဗီဒီယိုလေးပြရင်း ဖေးမကူညီနိုင်ပါတယ်။ အတင်းမရမက မလုပ်ဘဲ ဖြစ်ချင်တာ၊ ဖြစ်သင့်တာတွေကိုညှိပြီး လုပ်ခိုင်းပါလို့ ပြောချင်ပါတယ်။

Q. ဆီးချိုရှိတဲ့ မိသားစုဝင်က ဆေးရုံ၊ ဆေးခန်းကို ဆရာဝန်ချိန်းတဲ့အတိုင်း ပုံမှန်ပြရတယ်။ အဲဒီအခါ လိုက်ပို့ရတဲ့သူတွေက ငြိုငြင်မှုတွေရှိကြတယ်။ ကာယကံရှင်လူနာကလည်း မသွားချင်တော့ဘူး။ ဒီနည်းနဲ့မှန်မှန်မပြတာ၊ မစစ်တာတွေ ရှိလာကြတယ်။ ဒါလေးနဲ့ပတ်သက်ပြီးလည်း ဆရာ့အမြင်ကို ပြောပြပေးပါဦး။

A. ဆီးချိုကောင်းနေရင်တော့ ဆေးခန်းမပြလည်း အကြောင်းမဟုတ်ဘူး။ ဆီးချို Control မကောင်းရင်တော့ ပြရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ Prevention is better than cure ဆိုတာ ဘာပြောချင်တာလဲဆိုတော့ အခုဆီးချိုနည်းနည်းတက်တာဆိုပြီး သွားမပေါ့ပါနဲ့။ ဆီးချိုဆိုတာ အကုန်ထိတယ်၊ တစ်ကိုယ်လုံးထိတယ်။ ဒါကြောင့် မှန်မှန်လေးပြပြီး ကိုယ်လိုချင်တဲ့ပမာဏ ရည်မှန်းချက်ထဲမှာနေ၊ ဆေးလေးသာ မှန်မှန်သောက်။ ဒါဆိုရင် သက်တမ်းပြည့်နေနိုင်ပါတယ်။ နှစ် ၂၅-၃၀ နေနေတဲ့သူတွေ အများကြီးပါပဲ။ ဒါကြောင့် တစ်လတစ်ခါ မပြနိုင်ရင် သုံးလတစ်ခါပြပေးပါ။ ဘယ်လိုမှ မပြနိုင်ဘူးဆိုရင် မနက်အစောကြီးစစ်ရင် ၁၃၀ မကျော်ရဘူး။ ဒါမျိုးလေးတွေစစ်ပြီး နေပါလို့ ပြောချင်ပါတယ်။ ပိုက်ဆံကုန်တယ်ဆိုပေမယ့် အခမဲ့ကြည့်ပေးနေတဲ့ ဆေးရုံ၊ဆေးခန်းတွေရှိပါတယ်။ အန္တရာယ်အကြီးကြီးမဖြစ်ခင် ပုံမှန်လေးလာပြပေးတာက တန်ပါတယ်။

Q. ဆီးချိုဆိုတာ တစ်ဘ၀လုံး လူနာနဲ့အတူ ရှိနေမယ့်ရောဂါဆိုတော့ ဘ၀အရည်အသွေး၊ စိတ်အရည်အသွေး မထိခိုက်အောင် မိသားစုဝင်တွေက ဘယ်လိုပုံစံမျိုးနဲ့ စောင့်ရှောက်ပေးသင့်ပါသလဲ ဆရာ။

A. ကိုယ့်အမေက ဆီးချိုမထိန်းနိုင်လို့ လေဖြတ်သွားရင်လည်း နေနိုင်မှာမဟုတ်ဘူး။ ကိုယ့်အမေကျောက်ကပ်ဆေးရရင် ပိုဆိုးမယ်။ ဒါဆို ပိုက်ဆံပေါင်းမြောက်များစွာကုန်မယ်။ ဒါကြောင့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ပေးတာ အကောင်းဆုံးပဲ။ အမေ့ကို သေချာရှင်းပြပြီး မဖြစ်ခင်ကတည်းက ပုံမှန်လေး စောင့်ရှောက်ပေးပါ။ လူနာကို ပစ်မထားပါနဲ့။ တစ်ခါတလေမှာ တွေ့ရတာက မိသားစုကအလုပ်ရှုပ်တော့ အိမ်ဖော်လေးတွေနဲ့ ထားခဲ့တာမျိုး ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာရဲ့လားဆိုတာကို မိသားစုက ဖေးဖေးမမနဲ့ မေးမြန်းတာ၊ အားပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top