Healthy Life Ad
Q & A

မျက်စိမှိုစွဲခြင်းအကြောင်း သိကောင်းစရာ

—၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. မျက်စိမှာ ဘယ်လိုမှိုမျိုး ကပ်ငြိနိုင်ပါသလဲ ဆရာ။

A. မျက်စိမှာကပ်ငြိတဲ့မှိုပိုးဟာ မြန်မာပြည်မှာ Filamentous Fungi အမျိုးအစားဖြစ်ပါတယ်။ ဒါဟာ နီပေါ၊ ပါကစ္စတန်၊ မြန်မာ၊ ထိုင်းနဲ့ အိန္ဒိယ စတဲ့ နိုင်ငံတွေမှာ ကျရောက်တဲ့မှိုပါ။ မှို(Fungi)ကို အုပ်စုနှစ်စုခွဲရင် တစ်မျိုးက Filamentous ဖြစ်ပြီး နောက်တစ်မျိုးက Yeast ဖြစ်ပါတယ်။ ဒီအုပ်စုနှစ်ခုထဲမှာ မြန်မာပြည်မှာ အတွေ့ရအများဆုံးက Filamentous ပါ။ ၂၀၀၁ ခုနှစ်ကစပြီး သုတေသနလုပ်ခဲ့တဲ့ တွေ့ရှိချက်အရ မြန်မာပြည်မှာ မျက်စိဆေးရုံကို ရောက်ရှိလာတဲ့ လူနာတွေအနက် မျက်စိမှာ မှိုပိုးကူးစက်မှု ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းက Filamentous Fungi ကြောင့်ဖြစ်ပြီး ၀ ဒသမ ၀၁ ရာခိုင်နှုန်းကသာ Yeast ကြောင့် ဖြစ်ရတာပါ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ကိုယ်ခံစွမ်းအားကျဆင်းပြီးဖြစ်ရတဲ့ Candida မှိုကြောင့် မျက်စိပြဿနာ ဖြစ်ရပါတယ်။ မြန်မာပြည်လူနာတွေမှာဖြစ်တဲ့ Filamentous Fungi ကြောင့် မျက်စိထိခိုက်မှုမှာတောင် အများစုက Aspergillus Species ကြောင့်ဖြစ်ပြီး ကျန်တာတွေက Fusarium Species ကြောင့်ဖြစ်ရတာပါ။

Q. မြန်မာနိုင်ငံမှာ ဘာကြောင့် မျက်စိမှိုပိုး ကျရောက်ရတာပါလဲ ဆရာ။

A. ဆရာတို့နိုင်ငံမှာ မျက်စိကို မှိုပိုးကျရောက်တာက ထိခိုက်ဒဏ်ရာ (Trauma) ကြောင့်ဖြစ်ရတာပါ။ အပင်တွေ၊ တိရစ္ဆာန်တွေနဲ့ ထိခိုက်မိရာကနေဖြစ်တာ၊ ဆရာတို့နိုင်ငံက လယ်သမားအများစုဟာ လယ်ယာလုပ်ငန်းခွင်မှာ ကောက်ရိုးမှိုနဲ့ ထိုးမိပါတယ်။ စပါးနှံနဲ့ ထိမိပါတယ်။ ဒါတွေကို Agricultural Injury လို့ခေါ်ပါတယ်။ ဒီလို ထိခိုက်ဒဏ်ရာရပြီး မျက်စိမှာ မှိုကြောင့် မျက်ကြည်နာ(Fungal Corneal Ulcer) ဖြစ်လာပါတယ်။

“ မျက်စိကို ထိခိုက်မိရင် မျက်ကြည်လွှာပေါ်က ကာကွယ်ပေးတဲ့ အရေပြားလွှာ Epithelium က ပွန်းပဲ့သွားပါတယ်။ အဲဒီလို ပွန်းပဲ့သွားတဲ့အခါ ဘာကိုမှ ကာကွယ်မှုမပေးနိုင်တော့ ပတ်ဝန်းကျင်က ပိုးမွှားတွေကျရောက်ပြီး အလွယ်တကူ မှိုကူးစက်မှု ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာ ရေနဲ့ဆေးလိုက်တဲ့အတွက် မျက်စိတစ်ဝိုက်က အမှိုက်တွေ၊ မှိုတွေ ကင်းစင်သွားပါတယ်။”

Q. မျက်စိမှာမှိုကြောင့် မျက်ကြည်နာဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။

A. မျက်စိမှာ မှိုကြောင့်ဖြစ်တဲ့ မျက်ကြည်နာဖြစ်ရင် မျက်စိကနီလာတယ်။ ကိုက်လာတယ်။ မှုန်လာတယ်။ ပြီးရင် မျက်ကြည်လွှာအမည်းဝိုင်းမှာ အဖြူဖတ်ကပ်နေတတ်တယ်။ ဒါကို တချို့ က အပြင်တိမ်လို့ အလွယ်ခေါ်ကြပါတယ်။ လယ်ယာလုပ်ငန်းခွင်မှာ မျက်စိထဲကို ကောက်ရိုးမှိုနဲ့ ထိုးမိတာ၊ စပါးနှံနဲ့ ထိုးမိတာ၊ လမ်းသွားရင်း ဘေးကဆူးကိုင်းနဲ့ ခြစ်မိတာတွေ ဖြစ်တတ်တယ်။ အဲဒီအချိန်မှာ မျက်စိကိုမှိုပိုးကူးစက်တတ်တယ်။ အဲဒီလို မတော်တဆထိခိုက်ဒဏ်ရာရပြီဆိုတာနဲ့ မျက်စိကို သန့်ရှင်းတဲ့ရေနဲ့ စင်ကြယ်အောင် ဆေးကြောပေးရမယ်။ သန့်ရှင်းတဲ့ရေဆိုတာ ရေသန့်လို့ဆိုလိုတာ မဟုတ်ဘူး။ နေ့တိုင်းမျက်နှာသစ်နေတဲ့ရေကို ပြောတာပါ။

Q. မျက်စိမှာ မှိုစွဲတဲ့အခါ ဘယ်လိုကုသမှု ခံယူသင့်ပါသလဲဆရာ။

A. မျက်စိကို ထိခိုက်မိရင် မျက်ကြည်လွှာပေါ်က ကာကွယ်ပေးတဲ့အရေပြားလွှာ Epithelium က ပွန်းပဲ့သွားပါတယ်။ အဲဒီလို ပွန်းပဲ့သွားတဲ့အခါ ဘာကိုမှ ကာကွယ်မှုမပေးနိုင်တော့ ပတ်ဝန်းကျင်က ပိုးမွှားတွေ ကျရောက်ပြီး အလွယ်တကူ မှိုကူးစက်မှုဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာ ရေနဲ့ဆေးလိုက်တဲ့အတွက် မျက်စိတစ်ဝိုက်က အမှိုက်တွေ၊ မှိုတွေ ကင်းစင်သွားပါတယ်။ ပြီးတော့ ပွန်းပဲ့သွားတဲ့ Epithelium ကို အနာကျက်အောင် Tetracycline မျက်စဉ်းဆေးနဲ့ တစ်နေ့လေးကြိမ် တစ်ပတ်လောက် ထည့်လိုက်ရင်ရပြီ။ ဒါကလည်း လက်တွေ့သုတေသနတွေအရ ပြောတာပါ။ ပဲခူးတိုင်းမှာ လုပ်ခဲ့တဲ့ သုတေသနအရ မျက်စိဒဏ်ရာရထားတဲ့ လယ်သမားတွေမှာ ရေဆေးပြီး တက်ထရာဆိုက်ကလင်း မျက်စဉ်းဆေးခတ်တဲ့ အုပ်စုကတစ်စု၊ ဘာမှမလုပ်ဘဲနေတဲ့ အုပ်စုကတစ်စုဆိုပြီး ခွဲထားပြီး တစ်ပတ်ကြာတဲ့အခါမှာ ရေဆေးပြီး မျက်စဉ်းဆေးခတ်တဲ့အုပ်စုမှာ မှိုရောဂါပိုးကူးစက်မှုက လုံးဝမရှိသလောက်(၀ ဒသမ ၁ ရာခိုင်နှုန်း)ပဲရှိပြီး ဘာမှမလုပ်တဲ့အုပ်စုမှာ မှိုရောဂါပိုးကူးစက်မှုက ၇၀ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။ ဒါကြောင့် မှိုရောဂါမရအောင် ကာကွယ်မှုလုပ်သင့်တာပါ။ တကယ်လို့ မျက်စိမှာ မှိုရောဂါကျရောက်ခဲ့ရင် Natamycin Eye Drops ကို နှစ်နာရီခြားတစ်ကြိမ် ခတ်ပေးဖို့လိုပါတယ်။ ဒါကလည်း သုတေသနအရ Filamentous မှိုကြောင့်ဖြစ်တဲ့ မျက်ကြည်နာအားလုံးကို Natamycin နဲ့ကုမှ သက်သာတယ်ဆိုတာ တွေ့ရလို့ပါ။ မျက်စဉ်းဆေးထည့်ရတဲ့ ကာလကနှစ်လ၊ သုံးလ စသဖြင့် ကွာခြားနိုင်ပါတယ်။ ဆရာဝန်နဲ့ အနည်းဆုံး တစ်ပတ်တစ်ခါပြရပါတယ်။ မျက်စိမှာ မှိုရောဂါစွဲကပ်ပြီး အခန့်မသင့်ရင် မျက်ကြည်နာဖြစ်လာမယ်။ မျက်ကြည်နာဖြစ်ပြီး မကုသရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးက နှစ်ခုရှိတယ်။ ပထမတစ်ခုက မျက်ကြည်လွှာပေါက်တာပါ။ မျက်ကြည်လွှာပေါက်ရင် အရေးပေါ်မျက်ကြည်လွှာ အစားထိုးကုသမှု (Corneal Graft) လုပ်ရပါတယ်။ ဒီကုသမှုက မခက်ပေမယ့် မျက်ကြည်လွှာတစ်ခုရဖို့က အကြာကြီးစောင့်ရတယ်။ မျက်ကြည်လွှာရနိုင်ဖို့က Tissue Law အရ လူနာက မဆုံးခင်မှာ မျက်ကြည်လွှာလှူဒါန်းတယ်ဆိုတဲ့ ၀န်ခံချက်ရှိရတယ်။ ဆုံးသွားခဲ့ရင်လည်း သူ့ဆွေမျိုးတွေက မျက်စိဘဏ်ကို အကြောင်းကြားရတယ်။ မျက်စိဘဏ်က လူနာဆုံးပြီး လေးနာရီအတွင်း ထုတ်ရတယ်။ ရလာရင် မျက်ကြည်လွှာကို ဓာတ်ခွဲစမ်းသပ်ကြည့်ပြီး သုံးဖို့အဆင်ပြေတယ်ဆိုမှသာ ထည့်လို့ရတယ်။ ဒါကြောင့် မျက်ကြည်လွှာတစ်ခုရဖို့က သိပ်မလွယ်ဘူး။ အရေးပေါ်အခြေအနေကြုံလာခဲ့ရင် သန္ဓေသားအချင်းရဲ့  အပေါ်ဆုံးအလွှာ(Amniotic Membrane)ကိုယူပြီး မျက်စိကို အုပ်ထားပေးရတယ်။ ဒါကို Amniotic Membrane Graft လို့ခေါ်တယ်။

နောက်တစ်မျိုးအနေနဲ့ မျက်ကြည်နာဖြစ်ပြီး မျက်ကြည်လွှာမပေါက်ဘဲ Natamycin ဆေးနဲ့နိုင်ရင် မျက်ကြည်လွှာမှာ အမာရွတ် (Corneal Scar) ဖြစ်လာတယ်။ ဒါကို အပြင်တိမ်လို့ခေါ်တယ်။ ဒါကလည်း မမြင်ရတော့ မျက်ကြည်လွှာရအောင်စောင့်ပြီး Corneal Graft လုပ်ရပါတယ်။ဒါကတော့ အေးအေးဆေးဆေး လုပ်လို့ရတာပေါ့။

စပါးစေ့နဲ့ထိုးမိတာ၊ ကောက်ရိုးနဲ့ထိုးမိတာ စတဲ့ မျက်စိကို အသေးအမွှား ထိခိုက်ဒဏ်ရာရတာဟာ ရေဆေးတာနဲ့ မျက်စဉ်းခတ်တာတွေ မလုပ်မိတာနဲ့ပဲ နောက်ဆက်တွဲ ဆိုးဆိုးရွားရွား ခံစားရတတ်ပါတယ်။ အခန့်မသင့်ရင် မျက်စိကွယ်သွားနိုင်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Most Popular

Healthy Life Ad
To Top