Healthy Life Ad
Q & A

ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်အကြောင်း သိကောင်းစရာ

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—–

Q. ယူကေက ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်အကြောင်း သိချင်ပါတယ် ဆရာ။

A. ဗိုင်းရပ်စ်ဆိုတာက ခန္ဓာကိုယ်ထဲရောက်ပြီး မျိုးပွားတဲ့အခါ တစ်နေ့တစ်နေ့ကို သန်းနဲ့ချီပြီး ပွားတယ်။ အဲဒီလိုပွားတဲ့အခါ ဆင်တူမျိုးကွဲလေးတွေ အမြဲတမ်းဖြစ်နေတယ်။ ဒါက ကိုရိုနာဗိုင်းရပ်စ်မှမဟုတ်ဘူး၊ တခြားဗိုင်းရပ်စ်တွေလည်း အကုန်ဖြစ်တယ်။ အဓိက အရေးကြီးတဲ့ နေရာတွေ အပြောင်းအလဲမဖြစ်ရင် ကုသနည်း၊ ကာကွယ်ဆေးတွေက ထိရောက်မှုရှိပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ကျတော့ အမြဲတမ်း အရေးကြီးတဲ့နေရာတွေ ပြောင်းလဲတဲ့အတွက် ကာကွယ်ဆေးက တစ်နှစ်တစ်ခါ ပြောင်းထုတ်ပေးရတဲ့ သာဓကရှိတယ်။

ကိုရိုနာဗိုင်းရပ်စ်မှာလည်း ပြီးခဲ့တဲ့ ၆ လလောက်တုန်းက မြန်မာပြည်ကို ဒုတိယလှိုင်းဝင်ခါနီးမှာ မျိုးကွဲတဲ့ ဗိုင်းရပ်စ်ဖြစ်သွားတယ်၊ ပြန့်နှံ့မှုက ပိုမြန်လာတယ်၊ အဲဒီလို ပြောင်းလဲမှုတွေက အမြဲတမ်း ဖြစ်နေတာပဲလို့ သိရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ယူကေမှာတွေ့ရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကကျတော့ သိသိသာသာ ပြောင်းလဲပြီး ကူးစက်မှုနှုန်းမြန်တာကို တွေ့ရပါတယ်။ ဝင်သွားတဲ့ ပိုးရဲ့G Sequence မှာ ဘယ်နားဘာရှိသလဲဆိုတာ စစ်ဆေးနေတဲ့ နိုင်ငံဖြစ်လို့တွေ့တာ။ ဒါကို ထပ်မံလေ့လာတဲ့အခါမှာ ဗီဇပြောင်းကို ရိုနာဗိုင်းရပ်စ်က အဆ ၇၀ ကူးစက်နှုန်း ပိုမြန်တယ်ဆိုပြီး တွေ့ရှိထားပါတယ်။ ပြင်းထန်မှုကိုတော့ မသိသေးဘူးလို့ လတ်တလော ဖတ်မိသလောက် သိရပါတယ်။

Q. ကူးစက်မှု အဆ ၇၀ မြန်တယ်ဆိုတာက ဘယ်လိုမျိုးကို ဆိုလိုတာပါလဲ ဆရာ။

A. အရင်ကိုရိုနာဗိုင်းရပ်စ်နဲ့ယှဉ်ရင် အခု ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်က အလေးချိန်က မပြောင်းလဲဘူး၊ အရွယ်အစား ပုံပန်းသဏ္ဍာန်က မပြောင်းလဲဘူး။ ဒါကြောင့် ကူးစက်ပြန့်နှံ့ပုံကတော့ အတူတူပဲ။ ဘယ်နေရာမှာ ကွာသွားသလဲဆိုတော့ အရင်ကိုရိုနာဗိုင်းရပ်စ် အဟောင်းတွေက ခန္ဓာကိုယ်ထဲကို အကောင်တစ်သောင်းဝင်တော့မှ ခန္ဓာကိုယ်ထဲမှာ ပွားပြီး ရောဂါလက္ခဏာ ပြနိုင်တဲ့အခြေအနေမှာ အခုဗီဇပြောင်း ဗိုင်းရပ်စ်က အကောင်ရေနည်းနည်းဝင်ရုံနဲ့ ခန္ဓာကိုယ်ထဲမှာ ပွားများပြီး ရောဂါလက္ခဏာပြနိုင်တာ ဖြစ်ပါတယ်။ ဒါကို ကူးစက်မှုအဆ ၇၀ မြန်တယ်လို့ ဆိုလိုတာပါ။ အရင်တုန်းက လူတစ်ယောက်နဲ့တစ်ယောက် နှာခေါင်းစည်းမပါဘဲ ၁၅ မိနစ်စကားပြောရင် ကူးစက်နိုင်တယ်လို့ ပြောခဲ့တယ်။ ဒါက စကားပြောတဲ့အချိန်မှာ ထွက်လာတဲ့ အမှုန်အမွှားထဲပါတဲ့ ဗိုင်းရပ်စ်အကောင်ရေက အချိန်နဲ့အမျှ များများဝင်နိုင်လို့ ရောဂါကူးစက်တယ်လို့ ပြောခဲ့ကြတာ။ အခု ကူးစက်မြန်တယ်ဆိုတဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကျတော့ အချိန် ၅ မိနစ် စကားပြောရုံနဲ့ ထွက်လာတဲ့ ဗိုင်းရပ်စ်ပမာဏဝင်တာနဲ့ ရောဂါလက္ခဏာပြနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ လူ ၁၀ ယောက်ထိုင်ပြီး ၁၅ မိနစ် စကားပြောလို့ ဗီဇအဟောင်းက ၃ယောက်ကို ရောဂါကူးရင် အခုဗီဇ အသစ်က ၉-၁၀ ယောက်ကို ရောဂါကူးနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

Q. ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကိုကော ဘယ်လိုကာကွယ်ရမလဲ ဆရာ။

A. ကူးစက်ပုံကလည်း အတူတူဖြစ်လို့ ကာကွယ်နည်းတွေကလည်း အရင်အတိုင်းပါပဲ။ အလုံပိတ်ခန်း၊ လူစုလူဝေးများတဲ့နေရာတွေကို ရှောင်ကြဉ်ဖို့တော့ အထူးလိုအပ်ပါတယ်။ ကားဆိုရင် မှန်ချပြီး မောင်းသင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းလူတိုင်း နှာခေါင်းစည်းကို မဖြစ်မနေ တပ်ထားရပါမယ်။ ပြီးတော့ နှာခေါင်းစည်းတွေကို အပြင်မှာ တပ်လာတယ်ဆိုရင် အိမ်ထဲမရောက်ခင် စနစ်တကျ စွန့်ပစ်တာက အကောင်းဆုံး ဖြစ်ပါတယ်။ ပြီးတော့ လက်ကို စနစ်တကျဆေးကြောသန့်စင်ရပါမယ်။

Most Popular

Healthy Life Ad
To Top