Healthy Life Ad
Q & A

ကိုဗစ်ဖြစ်ပြီးသူတို့တွင် ဖြစ်တတ်သည့် နောက်ဆက်တွဲ ကျန်းမာရေးဝေဒနာများ

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည် ၊—–

Q. ကိုဗစ်ဖြစ်ပြီးသူတွေမှာ ဘယ်လိုနောက်ဆက်တွဲ ကျန်းမာရေးဝေဒနာတွေ ဖြစ်နိုင်ခြေရှိပါသလဲ ဆရာ။

A. ကိုဗစ်ဖြစ်တဲ့သူ လူငယ်အများစုက လျင်လျင်မြန်မြန် ပြန်ကောင်းကြတယ်။ ခန္ဓာကိုယ်ထိခိုက်မှု နည်းပါးတတ်တယ်။ ဒါပေမဲ့ အခြေခံရောဂါရှိသူတွေနဲ့ သက်ကြီးပိုင်းအရွယ်မှာတော့ ကိုဗစ်ပျောက်ပြီး နောက်ပိုင်းမှာ နောက်ဆက်တွဲရောဂါလက္ခဏာတွေ ခံစားရတာ ရှိပါတယ်။ အဲဒါကို Post-Covid Syndrome ဒါမှမဟုတ် long haulers လို့ ခေါ်ပါတယ်။ Mayo Clinic ရဲ့  နိုဝင်ဘာ ၁၇ ရက်နေ့က တင်ထားတဲ့ Covid 19 long term effect ဆောင်းပါးထဲက အဓိကအကြောင်းတွေကို ပြန်ပြောပြပေးမှာ ဖြစ်ပါတယ်။

ကိုဗစ်ဖြစ်ပြီးတဲသူတွေ ဘာတွေခံစားရလေ့ရှိသလဲဆိုတော့ နုံးခြင်း၊ အသက်ရှူမဝဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ အဆစ်ကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း ဒီလက္ခဏာတွေနဲ့ ကျန်ခဲ့တာ ရှိပါတယ်။ တချို့ တွေမှာ ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း ကြွက်သားနာတယ်၊ ခေါင်းမကြာခဏကိုက်တယ်၊ ရင်တုန်တယ်၊ အရသာနဲ့အနံ့က တော်တော်ကြာမှ ပုံမှန်ပြန်ဖြစ်တယ်၊ ဦးနှောက်ပိုင်းဆိုင်ရာမှာ အထူးသဖြင့် အသက်ကြီးသူတွေက မှတ်ဥာဏ်နည်းနည်းလျော့တယ်၊ ညအိပ်မပျော်တာဖြစ်တတ်တယ်၊ ဆံပင်ကျွတ်တာ၊ အရေပြားမှာ အနီကွက်ထွက်တာတွေ ဖြစ်တတ်တယ်။ ဒါတွေက ကိုဗစ်ဖြစ်ပြီး နောက်ပိုင်း ၃ လအတွင်း ဆက်လက်ခံစားသွားရနိုင်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

Q. ဒီလိုလက္ခဏာလေးတွေအပြင် ကိုယ်တွင်းအင်္ဂါ ထိခိုက်တာမျိုးကော ဖြစ်နိုင်ခြေရှိပါသလား ဆရာ။

A. တချို့ လူနာတွေမှာ ကိုဗစ်ဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ခန္ဓာကိုယ်တွင်းအင်္ဂါထိခိုက်ပြီး ကျန်တာလည်း ရှိတတ်ပါတယ်။ အဲဒီလိုလူတွေက အနံ့ပျောက်ရုံ၊ သာမန်ဖျားနာကိုက်ခဲရုံနဲ့တင် ပြီးသွားတဲ့သူတွေ မဟုတ်ဘဲနဲ့ အဆုတ်ကိုထိခိုက်တယ်၊ အောက်ဆီဂျင်ကျတယ်၊ ဆေးရုံတင်ပြီး ကုသမှုခံယူရတယ် . . ဒီလို Moderate Symptoms တွေနဲ့ ပြန်ကောင်းလာတဲ့ လူတွေမှာတော့ နောက်ဆက်တွဲအနေနဲ့ ကိုယ်တွင်းအင်္ဂါထိခိုက်တာ ရှိတတ်ပါတယ်။ အဓိကအနေနဲ့ (၁) အဆုတ်၊ (၂) နှလုံး၊ (၃) ဦးနှောက်ကို ထိခိုက်တတ်ပါတယ်။

အောက်ဆီဂျင်ကျပြီး အဆုတ်ရောင်တဲ့ လူနာတွေမှာ ပြန်ကောင်းလာပေမယ့် အဆုတ်ထိခိုက်ပြီး ကျန်တတ်ပါတယ်။ အဆုတ်ထိခိုက်ပြီး အနာရွတ်ဖြစ်တယ်၊ ကျုံ့ သွားတယ်။ ဒါကို ဆေးပညာအရ Lung volume loss လို့ ခေါ်ပါတယ်။ အဆုတ်ရဲ့  တချို့ အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးပြီး ပုံမှန်ပြန်မကောင်းတော့ဘူး။ မောတာတွေ ဖြစ်တတ်ပါတယ်။ နှလုံးကလည်း သွေးကြောသေးသေးလေးတွေပိတ်ရင် နှလုံးညှစ်အားနည်းပြီး နာတာရှည်နှလုံးရောဂါ၊ နှလုံးအားနည်းတာ ဖြစ်တတ်ပါတယ်။ သွေးကြောအကြီးတွေ ပိတ်ဆို့တာဆိုရင်တော့ Heart Attack ခေါ် နှလုံးသွေးကြောပိတ်တာ ဖြစ်တတ်ပါတယ်။

ဦးနှောက်ပိုင်းဆိုင်ရာကတော့ ၂ ခုကြောင့် ဖြစ်တတ်တယ်။ ဦးနှောက်ကိုသွားတဲ့ သွေးကြောမှာ သွေးခဲပိတ်ပြီး ရောဂါလက္ခဏာရတာရှိတယ်။ နောက်တစ်ခုက အာရုံကြောမှာ။ အသက်ရှူလမ်းကြောင်းကနေဝင်ပြီး အာရုံကြောကနေတစ်ဆင့် ဦးနှောက်ထဲကိုရောက်တာ ရှိတယ်။ အာရုံကြောမကြီး ရောင်ရမ်းတာ ဖြစ်တတ်တယ်။ အဲဒီအခါ နောက်ဆက်တွဲအနေနဲ့ လေဖြတ်တာ၊ တက်တာ၊ ဦးနှောက်ရောင်ရမ်းရာက အောက်ပိုင်းယာယီသေတာ၊ အသက်ကြီးသူတွေမှာ ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါတို့အထိ ဆက်ဖြစ်နိုင်တယ်လို့ မှန်းဆထားတာ ရှိပါတယ်။

ဒီလိုထိခိုက်မှုတွေကတစ်ဆင့် ကိုယ်ရဲ့ စိတ်ခံစားမှုမှာ စိတ်ဓာတ်ကျတာ၊ စိတ်ပူပင်သောကများတာ၊ လနဲ့ချီပြီး ကိုယ်လက်နုံးနယ့်တာတွေ တွေ့ ရတတ်ပါတယ်။ ဒါက ဦးနှောက်ကို တစ်ခုခုနဲ့ ထိခိုက်မိပြီး (Brain Injury)ချိန် နောက်ပိုင်းတွေ့ရတဲ့ လက္ခဏာတွေနဲ့ ဆင်တူပါတယ်။ အထူးသဖြင့် အထူးကြပ်မတ်ကုသဆောင် (ICU)ထဲမှာ ကုသမှုခံယူရတဲ့ ကို ဗစ်လူနာတွေ ပြန်ကောင်းလာချိန်မှာ အထူးသတိပြုဖို့လိုပါတယ်။ တချို့ တွေမှာ အသည်းနဲ့ ကျောက်ကပ် ထိခိုက်တာတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

Q. အခုနောက်ပိုင်းမှာ ကိုဗစ်ဖြစ်ထားတဲ့ အမျိုးသားတွေအနေနဲ့ နောက်ဆက်တွဲအဖြစ် ဝှေးစေ့ရောင်ရမ်းနာကျင်တာ၊ ပန်းသေပန်းညှိုးဖြစ်တာတွေ ဖြစ်နိုင်ခြေရှိပါသလားဆိုတာကိုလည်း အမေးများပါတယ်။ ဒါလေးလည်း ပြောပြပေးပါဦး ဆရာ။

A. အမျိုးသားတွေမှာ ပါးချိတ်ရောင်ပိုးဝင်ရင် ၅ ဦးမှာ တစ်ဦးနှုန်းက ဝှေးစေ့ရောင်ရမ်းလေ့ရှိတယ်။ ကိုဗစ်မှာတော့ ဒီလိုမျိုး ဝှေးစေ့ရောင်ရမ်းမှုနဲ့ ဆက်စပ်မှုရှိ၊ မရှိဆိုတဲ့ လေ့လာမှုကို ဆရာမဖတ်မိသေးပါဘူး။ ဒါပေမဲ့ ကိုဗစ်ရောဂါဖြစ်နေတဲ့အချိန်မှာ ဝှေးစေ့ရောင်ရမ်းရင်တော့ ဗိုင်းရပ်စ်ကြောင့် သွေးခဲလေးတွေက ဝှေးစေ့ကိုရောက်ပြီး ရောင်ရမ်းတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်ဖြစ်ပြီး တစ်လနောက်ပိုင်းမှာ ဝှေးစေ့ရောင်ရမ်းရင်တော့ ဒါကြောင့်ဖြစ်ဖို့ ရာခိုင်နှုန်းနည်းတယ်လို့ သုံးသပ်ချင်ပါတယ်။

ပန်းသေပန်းညှိုးဆိုတာက သွေးကြောတွေ ထိခိုက်တယ်၊ သွေးမလျှောက်ဘူးဆိုရင် ဖြစ်တတ်ပါတယ်။ အာရုံကြောထိခိုက်ပြီး မကောင်းရင်လည်း ဖြစ်တတ်ပါတယ်။ ကိုယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရင်လည်း ဖြစ်တတ်ပါတယ်။ ကိုဗစ်ဖြစ်ပြီး ပန်းသေပန်းညှိုးဖြစ်ရင် အချက် ၂ ချက်ကြောင့် ဖြစ်နိုင်တယ်။ တစ်အချက်က အမျိုးသားအင်္ဂါတွေဆီသွားတဲ့ သွေးကြောမှာများ သွေးကောင်းကောင်းမလျှောက်ဘဲ သွေးခဲလေးတွေ ပိတ်ဆို့နေသလား၊ ဒုတိယအချက်က စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီး စိတ်ဓာတ်ကျတာကြောင့်လား . .ဒါက ပိုဖြစ်နိုင်ခြေများတယ်။ ဒါပေမဲ့ ကိုဗစ်နဲ့ ပန်းသေပန်းညှိုးဆက်စပ်မှုရှိ၊ မရှိကတော့ လေ့လာမှုတွေ မဖတ်ဖူးသေးပါဘူး။

Q. ဒါဆို ကိုဗစ်ပျောက်ကင်းပြီးသူတွေအနေနဲ့ ကိုယ့်ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ထိန်းသိမ်းဖို့ လိုပါသလဲ ဆရာ။

A. ကိုဗစ်ပျောက်ကင်းပြီးချိန်မှာ မိမိခန္ဓာကိုယ် ခံစားရတဲ့ ဝေဒနာတွေပေါ် မူတည်ပြီးတော့ ကိုယ်တွင်းအင်္ဂါ ထိခိုက်မှုတွေကို စစ်ဆေးဖို့ လိုပါတယ်။ ပိုကောင်းတာက ကိုဗစ်ဖြစ်ပြီး ၃လကြာချိန်မှာ ကိုယ်တွင်းအင်္ဂါတွေရဲ့  စွမ်းဆောင်ရည်ကို စစ်ဆေးခြင်းအားဖြင့် ကိုဗစ်ရဲ့  နောက်ဆက်တွဲဝေဒနာတွေကို ကြိုတင်သိရှိပြီး ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ကိုဗစ်ဖြစ်ဖူးပေမယ့်လည်း ပဋိပစ္စည်း (Antibodies)က ဘယ်လောက်ရှိလဲမသိတဲ့အတွက် ကာကွယ်နည်းတွေကိုတော့ တခြားသာမန်လူတွေလိုပဲ ဆက်လက်လိုက်နာနေရဦးမှာ ဖြစ်ပါ တယ်။

Most Popular

Healthy Life Ad
To Top