Healthy Life Ad
Q & A

အတွင်းတိမ်က ကျောက်ဖြစ်နေပြီဆိုတာ . . .

—၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. တချို့ လူနာတွေက အတွင်းတိမ်က ကျောက်ဖြစ်နေတဲ့ အခြေအနေလို့ ပြောကြတယ်။

A. မျက်လုံးအတွင်းတိမ်က နုရာကနေ ရင့်လာတယ်။ အဲဒီလို ရင့်တဲ့အခြေအနေမှာ တချို့ က တအားကြီးရင့်ပြီး ခဲနေတယ်။ ခဲရာကနေ မာကျောနေတယ်။ အဲဒီလိုမျိုး အခြေအနေကို လူနာနားလည်အောင် “အမေ့မျက်လုံးအတွင်းတိမ်က သိပ်ကိုရင့်ပြီး မာကျောနေပြီ၊ ကျောက်လောက်တောင်ဖြစ်နေပြီ”လို့ လူနာက နားလည်မှုလွဲမှားပြီး ကျောက်ဖြစ်သွားတယ်လို့ထင်တာ ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ ကျောက်ဖြစ်သွားတယ်ဆိုတာ ခရစ္စတယ်ဖြစ်သွားတာမျိုးပါ။ တစ်ခါတလေကျတော့ ဆေးဝေါဟာရ အခေါ်အဝေါ်ကို လူအများနားလည်အောင် ပြောဖို့က ခက်ခဲတော့ ‘အတွင်းတိမ်က ခဲပြီးမာကျောလို့ ကျောက်လိုတောင် ဖြစ်နေပြီ’လို့ ပြောတာကို ကျောက်ဖြစ်သွားပြီလို့ မှားထင်တာ ဖြစ်ပါလိမ့်မယ်။

Q. အတွင်းတိမ်က မာပြီးရင့်နေတဲ့ အခြေအနေဆိုရင် ဘယ်လိုကုသမှုပေးပါသလဲ ဆရာ။

A. အတွင်းတိမ်က မာကျောပြီး ရင့်နေတဲ့အဆင့်မှာဆိုရင် လက်နဲ့ပဲ ခွဲစိတ်ကုသမှု ပေးပါတယ်။ အတွင်းတိမ်ကတော့ အကုန်ကုလို့ ရပါတယ်။ ဒါပေမဲ့ ခွဲစိတ်ကုသဖို့လိုပါတယ်။ တစ်ခါတလေ အတွင်းတိမ်က ရင့်ပြီး ရေတိမ်ဝင်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ရေတိမ်ဝင်သွားရင် လူနာက မျက်စိနီပြီး ကိုက်တဲ့လက္ခဏာပြတဲ့အခါ ဆရာဝန်ဆီ လာပြကြတယ်။ အဲဒီလို ရေတိမ်ဝင်ပြီးမှ အတွင်းတိမ်ကို ခွဲစိတ်ကုသလိုက်ရင်တော့ အမြင်က သိပ်ပြီးမကောင်းနိုင်တော့ပါဘူး။

Q. အတွင်းတိမ်ကို ခွဲစိတ်ကုသလို့ မရတဲ့အခြေအနေ ရှိပါသလား ဆရာ။

A. မျက်စိတစ်ခုကို မခွဲခင်မှာ အရင်ဆုံး Visual Potential ရှိလားဆိုတာ အရင်စမ်းသပ်ရပါတယ်။ လူနာတစ်ယောက်ရဲ့  မျက်လုံးကို မီးထိုးလိုက်လို့ မီးရောင်ကို မြင်ရတယ်ဆိုရင် (Light Perception ရှိတယ်ဆိုရင်) ခွဲလို့ဖြစ်နိုင်သေးတယ်။ တကယ်လို့ မီးရောင်ကိုတောင် မမြင်ရတော့ဘူးဆိုရင် ခွဲဖို့မဖြစ်နိုင်တော့ပါဘူး။ အတွင်းတိမ်ဖြစ်ရင် နောက်က မျက်စိအာရုံခံလွှာ(Retina) ကောင်းဖို့တော့ လိုပါတယ်။ မျက်စိအာရုံခံလွှာ မကောင်းတော့ဘူးဆိုရင် ခွဲဖို့မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ဒါက အတွင်းတိမ်ကြောင့် မမြင်တာ မဟုတ်ပါဘူး။ မျက်စိအာရုံခံလွှာ မကောင်းလို့ မမြင်တာဖြစ်ပါတယ်။ အတွင်းတိမ်ကိုခွဲလို့ အကျိုးမရှိရင် မခွဲပါဘူး။

“အမေ့မျက်လုံးအတွင်းတိမ်က သိပ်ကိုရင့်ပြီး မာကျောနေပြီ၊ ကျောက်လောက်တောင်ဖြစ်နေပြီ”လို့ လူနာက နားလည်မှုလွဲမှားပြီး ကျောက်ဖြစ်သွားတယ်လို့ထင်တာ ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ ကျောက်ဖြစ်သွားတယ်ဆိုတာ ခရစ္စတယ်ဖြစ်သွားတာမျိုးပါ။ တစ်ခါတလေကျတော့ ဆေးဝေါဟာရ အခေါ်အဝေါ်ကို လူအများနားလည်အောင် ပြောဖို့က ခက်ခဲတော့ ‘အတွင်းတိမ်ကခဲပြီး မာကျောလို့ . . .

Q. အတွင်းတိမ်နဲ့ ရေတိမ်ရောတဲ့ အခြေအနေကိုလည်း ရှင်းပြပေးပါ ဆရာ။

A. အတွင်းတိမ်နဲ့ ရေတိမ်ရောတဲ့ အခြေအနေဖြစ်နိုင်ပါတယ်။ အဲဒါက နှစ်မျိုးရှိပါတယ်။ အတွင်းတိမ်က မှည့်သွားရင် ရေတိမ်ဝင်တတ်ပါတယ်။ အစကတည်းက ရေတိမ်ရှိတာကို မသိတော့ အတွင်းတိမ်ထပ်ဝင်လာတယ်။ ဒီလိုအခြေအနေမျိုးလည်း ရှိပါတယ်။ ဒီနှစ်ခုစလုံးက ခွဲစိတ်ကုသလို့ ရပါတယ်။ ဒါပေမဲ့ ရေတိမ်ဝင်သွားရင် ရေတိမ်က အာရုံကြောကိုထိခိုက်စေတဲ့အတွက် အာရုံကြောကို ဘယ်လောက်ထိခိုက်သလဲဆိုတဲ့ အချက်ပေါ် မူတည်ပြီး မျက်စိပြန်မြင်နိုင်၊ မမြင်နိုင်ဆိုတာ ပြောင်းလဲသွားပါတယ်။ အာရုံကြောက သိပ်ပျက်စီးထိခိုက်နေရင်တော့ ပုံမှန်အတိုင်း မမြင်နိုင်ဘူး၊ သိပ်မပျက်စီးရင်တော့ မြင်နိုင်ခြေများပါတယ်။ ဘာပဲဖြစ်ဖြစ် ခွဲတာတော့ ခွဲရတာပါပဲ။

Q. မျက်စိအတွင်းတိမ်နဲ့ ရေတိမ်နှစ်ခုစလုံး တွဲဖြစ်နေတဲ့ အခြေအနေဆိုရင် ဘယ်ဟာကို အရင်ကုသရပါသလဲ ဆရာ။

A. ဒါက လူနာရဲ့  အခြေအနေနဲ့ ဆရာဝန်ရဲ့  သဘောထားပေါ် မူတည်ပါတယ်။

(၁) ရေတိမ်ကိုခွဲတယ်၊ ပြီးမှ အတွင်းတိမ်ခွဲတယ်။

(၂) ရေတိမ်နဲ့ အတွင်းတိမ်ပေါင်းခွဲတယ်၊

(၃) အတွင်းတိမ်ကို အရင်ခွဲတယ်။

အရင်ခေတ်တုန်းကတော့ ရေတိမ်ကို အရင်ခွဲတယ်။ ပြီးမှ စောင့်ပြီးတော့ အတွင်းတိမ်ကို ခွဲတယ်။ နောက်ပိုင်းကျတော့ ရေတိမ်နဲ့ အတွင်းတိမ်ကို ပေါင်းခွဲတယ်။ ဒါက တစ်ကြိမ်ပဲ ခွဲရပေမယ့် ရောင်ရမ်းမှုက သိပ်များတဲ့အတွက် နောက်ပိုင်းကျတော့ အတွင်းတိမ်ကို အရင်ခွဲလိုက်တယ်။ ကမ္ဘာပေါ်က လေ့လာမှုတွေအရ အတွင်းတိမ်နဲ့ ရေတိမ်ရောနေတဲ့ အခြေအနေမှာ အတွင်းတိမ်ကို ခွဲလိုက်ရင် ရေဖိအားက ၉၀ ရာခိုင်နှုန်း ကျသွားတဲ့အတွက် နောက်ပိုင်းထပ်ခွဲစရာမလိုတော့တာကို တွေ့ရှိရတယ်။ ကံမကောင်းလို့ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းထဲမှာ ပါရင်တော့ ရေတိမ်ကို ထပ်ခွဲရပါတယ်။

ဒါကြောင့် ဆရာကတော့ ဒီလို အခြေအနေနှစ်မျိုးတွဲနေတဲ့ လူနာတွေမှာ အတွင်းတိမ်ကို အရင်ခွဲလေ့ရှိပါတယ်။ ကုသမှုကတော့ ဆရာဝန်တစ်ဦးနဲ့တစ်ဦး မတူပါဘူး။ ဆရာဝန်နဲ့ လူနာပေါင်းပြီး အကောင်းဆုံးရလဒ်ရဖို့ ကုသမှုပေးကြတာပါပဲ။ အများအားဖြင့် ကုသနည်းသုံးမျိုးကို ရှင်းပြပြီး လူနာကို ရွေးချယ်ခိုင်းလေ့ရှိပါတယ်။ ဒါပေမဲ့ လူနာတွေကတော့ ဆရာဝန်ကိုပဲ ပြန်ဆုံးဖြတ်ခိုင်းတာ များပါတယ်။

Q. အတွင်းတိမ်နဲ့ ရေတိမ်ဘာကြောင့် တွဲဖြစ်ရပါသလဲ ဆရာ။

A. အတွင်းတိမ်နဲ့ ရေတိမ်တွဲဖြစ်နေတဲ့ လူနာတွေလည်း များပါတယ်။ အရင်က ရေတိမ်၊ အတွင်းတိမ်က အသက် ၆၀ ကျော်မှ ဖြစ်တာများပေမယ့် အခုနောက်ပိုင်း အသက် ၃၀၊ ၄၀ အရွယ်လောက်မှာလည်း ရေတိမ်၊ အတွင်းတိမ် ဖြစ်နေတာကို တွေ့ ရပါ တယ်။ ဘာကြောင့်လဲဆိုတာကိုတော့ မပြောနိုင်ပါဘူး။ အတွင်းတိမ်က အမှည့်လွန်သွားရင် ရေထွက်လမ်းကြောင်းမှာ သွားပိတ်တယ်။ ဒါက အတွင်းတိမ်ကနေ ရေတိမ်ဝင်တဲ့ အခြေအနေပါ။ တချို့ ကျတော့ ရေတိမ်ဖြစ်လို့ လာပြတယ်၊ စစ်ဆေးလိုက်တော့ အတွင်းတိမ်ပါ ၀င်နေတယ်။ ရေတိမ်ဖြစ်ပြီး မျက်စိက နီရဲပြီး ကိုက်နေရင် လူနာကံကောင်းတယ်လို့ ဆိုရမယ်။ တချို့ ကျတော့ လက္ခဏာမပြဘဲ အတွင်းမှာလှိုက်စားပြီး တဖြည်းဖြည်း ပိုဆိုးလာတာမျိုးရှိတယ်။ ဒါက ကင်ဆာရောဂါတွေလိုပဲ။ လက္ခဏာမပြဘဲ အဆိုးဆုံးအဆင့်ကျမှ တွေ့ရတာမျိုးလည်း ဖြစ်တတ်တယ်။ ဘယ်ရောဂါမဆို လက္ခဏာကို စောစောပြရင် ကံကောင်းတယ်လို့ ဆိုရမယ်။ လက္ခဏာမပြဘဲ နောက်ပိုင်းကျမှတွေ့ရရင် မကောင်းပါဘူး။

Q. အများပြည်သူကို ပြောလိုတာရှိရင် ပြောကြားပေးပါ ဆရာ။

A. ရေတိမ်ဆိုရင် အရင်ကနီတယ်၊ ကိုက်တယ်၊ မှုန်တယ်ဆိုတဲ့ လက္ခဏာတွေ ပြတတ်တယ်။ အခုနောက်ပိုင်း ဒီလို နီ၊ ကိုက်၊ မှုန်ဆိုတဲ့ လက္ခဏာတွေက မပြတော့တာမျိုးလည်း ဖြစ်လာတယ်။ တဖြည်းဖြည်း မြင်ကွင်းကျဉ်းပြီး ရောက်လာတာမျိုး ဖြစ်တယ်။ တလောက ဆရာတို့ဆီကို ထိုင်းက ရေတိမ်ခွဲစိတ်ဆရာဝန်ကြီး ရောက်လာတယ်။ သူကလည်းပြောတယ်။ သူတို့ဆီမှာ လက္ခဏာမပြတဲ့ ရေတိမ်တွေ ဖြစ်လာတယ်။ ဒါကြောင့် အခုနောက်ပိုင်း ဘယ်သူ့မှာ လက္ခဏာပြသလဲ၊ မပြဘူးလဲဆိုတာ မပြောနိုင်တော့ပါဘူး။ ဒါကြောင့် လက္ခဏာပြရင်လည်း မျက်စိဆေးရုံကိုလာပါ၊ လက္ခဏာမပြရင်လည်း တစ်နှစ်တစ်ခါတော့ မျက်စိဆေးရုံကို လာပါလို့ မှာရပါတယ်။ လူနာတွေက မျက်စိစမ်းသပ်ဖို့ထက် မျက်မှန်တပ်ဖို့ပဲ အာရုံထားနေကြပါတယ်။ မျက်စိစမ်းသပ်ဖို့ နာရီဝက်လောက် စောင့်နေရတာကိုလည်း သိပ်သဘောမကျကြပါဘူး။ ဒီခေတ်ကြီးကလည်း အလုပ်ချိန်က လုနေရတော့ မျက်စိကို စနစ်တကျ သေချာစစ်ဆေးဖို့ အချိန်မပေးနိုင်ကြပါဘူး။ တကယ်တော့ မျက်စိကို တစ်နှစ်တစ်ခါ ပုံမှန်စမ်းသပ်စစ်ဆေးဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top