Healthy Life Ad
Q & A

မိမိဘာသာ အောက်ဆီဂျင်တိုင်းတာခြင်းနှင့် ပတ်သက်၍ အများသိလိုသည့် အကြောင်းများ

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

Q. အခုချိန်မှာ ကိုဗစ်ကာလဖြစ်တဲ့အတွက် Pulse Oximeter စက်လေးတွေနဲ့ အောက်ဆီဂျင်ကို တိုင်းလေ့ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး ဆရာ။

A. SpO2 ဆိုတာ Oxygen Saturation ကိုသုံးတာပါ။ သွေးထဲမှာ သွေးနီဥကနေ အောက်ဆီဂျင်ကို သယ်ဆောင်တာဖြစ်ပါတယ်။ အသက်ရှူသွင်းလိုက်တဲ့အထဲမှာပါတဲ့ အောက်ဆီဂျင်တွေက အဆုတ်ထဲမှာ Gas Exchange ဖြစ်တယ်။ (လေထုထဲက အောက်ဆီဂျင်စုပ်ယူပြီး တစ်ကိုယ်လုံးက စွန့်ပစ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို လေ ပြွန်ထဲကနေ စွန့်ထုတ်တဲ့နည်းနဲ့ အဆုတ်မှာ Gas Exchange လုပ်တာကို ဆိုလိုပါတယ်) ဒီလိုမျိုး သွေးနီဥကနေ အောက်ဆီဂျင်သယ်ဆောင်မှုကို သိဖို့ Pulse Oximeter စက်နဲ့ တိုင်းတာက လုပ်သင့်တယ်လို့ ပြောရပါမယ်။

Q. Pulse Oximeter မှာပါတဲ့ SpO2 98 % တို့၊ 99 % တို့ဆိုတာ ဘာကိုဆိုလိုပါသလဲ။

A. SpO2 98 % တို့၊ 99 % တို့ဆိုတာ သွေးနီဥထဲမှာပါတဲ့ ဟေမိုဂလိုဘင်က အောက်ဆီဂျင်အပြည့် သယ်ဆောင်လာတယ်ဆိုရင် ၁၀ဝ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်းက မသယ်ဘဲ ၉၅ ရာခိုင်နှုန်းပဲ သယ်ဆောင်တယ်ဆိုရင် ၉၅ ရာခိုင်နှုန်းလို့ပဲ ပြပါတယ်။ Oximeter နဲ့ တိုင်းတဲ့အခါ ပေါ်တဲ့အတိုင်းအတာက မှန်းဆပြီး သိတာပါ။ အတိအကျသိချင်ရင် သွေးလွှတ်ကြောထဲမှာရှိတဲ့ သွေးကိုဖောက်ပြီးတော့မှ အောက်ဆီဂျင်ဘယ်လောက် သယ်ဆောင်သလဲဆိုတာကို ဓာတ်ခွဲခန်းမှာ စစ်ဆေးလို့ရပါတယ်။ ဒါကတော့ အတိအကျ အသေချာဆုံးပါပဲ။ အခုအပြင်မှာ သုံးနေတဲ့ Oximeter စက်လေးတွေကတော့ အနီးစပ်ဆုံး မှန်းဆနိုင်ပါတယ်။

Q. SpO2 က ဘယ်လောက်ဆိုရင် ပုံမှန်လို့ သတ်မှတ်ထားပါသလဲ ဆရာ။

A. SpO2 က ၉၅ နဲ့ ၁၀ဝ % ကြားဆိုရင် ပုံမှန်လို့ သတ်မှတ်ထားပါတယ်။ ၉၅ ရာခိုင်နှုန်းအောက် ရှိနေရင်တော့ လိုအပ်ချက်ရှိနိုင်ပါတယ်။ ၉၂ ရာခိုင်နှုန်းအောက်ရှိနေရင်တော့ အောက်ဆီဂျင်လိုအပ်မှု ရှိတာကြောင့် ဆရာဝန်နဲ့ စမ်းသပ်တိုင်ပင်စစ်ဆေးဖို့ လိုပါတယ်။ ဒါပေမဲ့ တစ်ခုပြောစရာရှိတာက Pulse Oximeter တွေက ကုမ္ပဏီပေါင်းစုံထုတ်တဲ့အတွက် ထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ သုံးစွဲတဲ့အချိန် ကြာမြင့်လို့ပဲဖြစ်ဖြစ် မှန်ကန်မှုလျော့ကျတာ ရှိတတ်ပါတယ်။ ဒါကြောင့် ပေါ်လာတဲ့ ဂဏန်းတစ်ခုတည်းကို အတည်မယူဘဲ ခံစားရတဲ့ လက္ခဏာတွေကိုပါ ထည့်တွက်သင့်ပါတယ်။

နောက်တစ်ခုက အသားမည်းတဲ့သူတွေရယ်၊ ခြေဖျားလက်ဖျားအေးပြီး သွေးလျှောက်တာနည်းတဲ့သူတွေ (ဥပမာ-ဆီးချိုရောဂါရှိသူ၊ ဆေးလိပ်တအားသောက်လို့ ခြေလက်သွားတဲ့ သွေးကြောတွေ ကျဉ်းနေသူတွေ)မှာ အောက်ဆီဂျင် သယ်ဆောင်နှုန်းက တိတိကျကျမပေါ်နိုင်ပါဘူး။ ဒီဂဏန်းတစ်ခုတည်းကိုပဲ အတိအကျမသတ်မှတ်ဘဲ တကယ်လို့ အောက်ဆီဂျင်ကျနေရင် သူ့မှာတွဲဖက်ပြီး မောနေသလား၊ အသက်ရှူမဝ/ရင်ဘတ်အောင့်နေသလားဆိုပြီး ကြည့်ရပါမယ်။ အခုချိန်မှာဆိုရင်တော့ ဖျားတယ်၊ ချောင်းဆိုးတာနဲ့ တွဲတယ်ဆိုရင် အောက်ဆီဂျင်ကျတာက မှန်နိုင်ပါတယ်။ နေ့စဉ်တိုင်းနေတဲ့သူဆိုရင် ပုံမှန်တိုင်းတာက ၉၆-၉၈ ရာခိုင်နှုန်းရှိသူက မအီမသာနုံးပြီး အောက်ဆီဂျင်ပမာဏ ၉၀-၉၂ လောက်ဖြစ်သွားပြီဆိုရင် ဒီစက်ကပြတာ မှန်နိုင်ပါတယ်။

နာတာရှည်ရင်ကျပ်ရောဂါရှိသူ၊ နာတာရှည် အဆုတ်ရောင်သူတွေမှာဆိုရင်တော့ နဂိုကတည်းက အောက်ဆီဂျင် သယ်ဆောင်တဲ့ ရာခိုင်နှုန်း လျော့ကျနေတာရှိတတ်ပါတယ်။ ၉၄-၉၆ ရာခိုင်နှုန်းစသဖြင့် ဖြစ်တာက အခြေခံရောဂါကြောင့် ဖြစ်တာပါ။ ဒါပေမဲ့ ၉၂ အောက်ကျပြီဆိုရင် အခြေခံရောဂါကို ကုသမှုခံယူဖို့ လိုပါတယ်။

Q. SpO2 ပုံမှန်က ၉၅ နဲ့ ၁၀ဝ ကြားဆိုတော့ ၉၅ အောက်ရောက်နေတယ်ဆိုရင် ပုံမှန်ပြန်ရောက်အောင် ဘာတွေလိုက်နာနေထိုင်လို့ ရပါသလဲဆရာ။

A. SpO2 က ၉၅ အောက် နည်းနည်းကျသွားတဲ့ ၉၄-၉၃ ဆိုပါစို့။ ဒါဆိုရင် သွေးနီဥထဲက ဟေမိုဂလိုဘင်တွေက Gas Exchange လုံလုံလောက်လောက်မရတာ များလားဆိုပြီး စဉ်းစားရမယ်။ အသက်ရှူနှုန်းနှေးချိန်မှာ အောက်ဆီဂျင်သယ်ဆောင်တဲ့ ရာခိုင်နှုန်း နည်းနည်းကျတတ်ပါတယ်။ အဝလွန်တဲ့သူတွေမှာ ဗိုက်ကြီးက ပူတယ်၊ အသက်ပြင်းပြင်းရှူလို့ ကောင်းကောင်းမရဘူး . .ဒီလိုလူတွေကလည်း အသက်ရှူလေ့ကျင့်ခန်းလေး လုပ်သင့်ပါတယ်။ ပြီးတော့ ဆေးလိပ်သောက်သလား၊ နာတာရှည်အဆုတ်ရောဂါရှိသလား ဆန်းစစ်ပေးပါ။ အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီး ထပ်စစ်လို့ အောက်ဆီဂျင်ပမာဏက ထပ်ကျသွားရင်တော့ အဆုတ်မှာ ပြဿနာတစ်ခုခု ရှိနေတာဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ဆရာဝန်ဆီ သွားပြသင့်ပါတယ်။ လတ်တလောအဖြစ်များနေတဲ့ ကိုဗစ်ရောဂါနဲ့ ဆက်စပ်မှုရှိနိုင်လို့ပါ။

Q. ကလေးတွေမှာဆိုရင်ကော SpO2 က ဘယ်လောက်ဆိုရင် ပုံမှန်လို့ သတ်မှတ်ထားပါသလဲ ဆရာ။

A. ကလေးတွေမှာလည်း လူကြီးတွေလိုပါပဲ။ SpO2 က ၉၅ နဲ့ ၁၀ဝ % ကြားဆိုရင် ပုံမှန်လို့ သတ်မှတ်ထားပါတယ်။ ကလေးနဲ့ လူကြီး သွေးနီဥပမာဏ နည်းနည်းကွာပေမယ့် သွေးနီဥကသယ်ဆောင်တဲ့ အောက်ဆီဂျင်ပမာဏကို စစ်ဆေးတာဖြစ်တဲ့အတွက် သိပ်မကွာဘူးလို့ ထင်ပါတယ်။

Most Popular

Healthy Life Ad
To Top