Healthy Life Ad
Q & A

ကင်ဆာဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလျှော့ချဖို့ ဆေးလိပ်၊ အရက်နဲ့ ကွမ်းဖြတ်ကြစို့

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အတွင်းရေးမှူး၊ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. ကင်ဆာမဖြစ်အောင် ဘယ်လောက်ရာခိုင်နှုန်း ကာကွယ်လို့ရပါသလဲ ဆရာ။

A. ကင်ဆာရောဂါဖြစ်ပွားမှုကို ရာနှုန်းပြည့် မကာကွယ်နိုင်ပေမယ့်လည်း ကင်ဆာအားလုံးဖြစ်ပွားမှုရဲ့  ၃၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်နိုင်ပါတယ်။ ကင်ဆာရောဂါကာကွယ်ရေးအတွက် အရေးကြီးဆုံးမှာ အသည်းရောင်အသားဝါဘီပိုးကြောင့်ဖြစ်တဲ့ အသည်းကင်ဆာကို ကာကွယ်ဖို့ ဘီပိုးကာကွယ်ဆေး ထိုးနှံခြင်း၊ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကာကွယ်ဆေး ထိုးနှံခြင်းနဲ့အတူ ဆေးလိပ်၊ အရက်နဲ့ ကွမ်းတို့ကို ရှောင်ကြဉ်ခြင်းဖြစ်ပါတယ်။

Q. ဆေးလိပ်နဲ့ ကင်ဆာဆက်စပ်ပုံကိုလည်း ပြောပြပေးပါဦးဆရာ။

A. ဆေးလိပ်မှာပါဝင်တဲ့ ဆေးရွက်ကြီးက ကမ္ဘာပေါ် မှာ ရှောင်ရှားနိုင်တဲ့ ကင်ဆာဖြစ်စေတဲ့ တစ်ခုတည်းသော အကြောင်းတရားဖြစ်တဲ့အပြင် အရွယ်မတိုင်မီ သေဆုံးမှုကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်ပါတယ်။ ဆေးလိပ်မသောက်သူတွေထက် သေဆုံးမှုနှုန်း ၃ ဆခန့်မြင့်တက်ပြီး သာမန်လူတွေထက် ၁၀ နှစ်စောကာ သေဆုံးစေနိုင်ကြောင်း လေ့လာတွေ့ ရှိထားပါတယ်။ ၂၀ ရာစုမှာ ဆေးလိပ်ကြောင့် လူပေါင်းသန်း ၁၀၀ ကျော် သေဆုံးပြီး ၂၁ ရာစုမှာ ဆေးလိပ်ကြောင့် လူပေါင်း သန်း ၁၀၀၀ ကျော် သေဆုံးလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။

ဆေးရွက်ကြီးမှာ နီကိုတင်း၊ နိုက်ထရိုစမင်း၊ ကတ္တရာနဲ့ တခြားအန္တရာယ်ဖြစ်စေတဲ့ ဒြပ်ပေါင်း ၂၀၀ ကျော်ပါဝင်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ ရောဂါပေါင်း ၄၀ ကျော်ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ အင်္ဂါရပ်တိုင်းကို ထိခိုက်စေပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖြစ်ပွားတဲ့ ကင်ဆာရောဂါ စုစုပေါင်းရဲ့  ၃၀ ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တာပါ။ အဓိက အဆုတ်ကင်ဆာအပြင် ခံတွင်း၊ အစာအိမ်၊ အူမကြီး၊ ရင်သား၊ သားအိမ်ခေါင်း၊ ပန်ကရိယကင်ဆာအပြင် ကင်ဆာအမျိုးအစားပေါင်း (၁၅) မျိုးကျော် ဖြစ်ပွားစေနိုင်ပါတယ်။

လူမှုအဖွဲ့အစည်းမှာ အကာကွယ်နိုင်ဆုံး ကင်ဆာတစ်မျိုးက အဆုတ်ကင်ဆာပါ။ အဆုတ်ကင်ဆာ ဖြစ်ပွားသူတွေရဲ့  ၉၀ ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်တာကြောင့် ဖြစ်ပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့  ရှူရှိုက်ရခြင်းကြောင့်လည်း အထက်ပါကင်ဆာတွေရဲ့  ဖြစ်ပွားမှုနှုန်း မြင့်တက်စေပါတယ်။ အငွေ့မထွက်တဲ့ ဆေးလိပ်သောက်သုံးခြင်းကလည်း ကင်ဆာရောဂါ ဖြစ်စေတာကြောင့် အန္တရာယ်ကင်းတဲ့ ဆေးလိပ်သောက်ခြင်းမျိုး မဟုတ်ပါဘူး။

“ ဆေးလိပ်၊ အရက်၊ ကွမ်းယာသုံးစွဲဖြစ်ရခြင်း အကြောင်းရင်းတွေကို လေ့လာတဲ့အခါ (၁) လွယ်လွယ်ကူကူ ရရှိခြင်း၊ (၂) ဈေးသက်သက်သာသာနဲ့ ၀ယ်ယူနိုင်ခြင်း၊ (၃) လူအများက လက်ခံခြင်း၊ (၄) မိမိပတ်ဝန်းကျင်ရှိ သူများက သုံးစွဲအောင် တိုက်တွန်းခြင်း၊ (၅) စိတ်ဖိစီးမှုပြေပျောက်ဖို့ ထွက်ပေါက်အဖြစ် အသုံးချခြင်းတို့ဖြစ်ကြောင်း တွေ့ရှိရပါတယ်။”

ဆေးလိပ်သောက်သူတစ်ဦးကို ဆေးလိပ်ဖြတ်ဖို့ အကြံပေးလိုတယ်ဆိုရင် လမ်းညွှန်ချက် (၅) ချက် ကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ဆေးလိပ်ပြတ်အောင် အကူအညီပေးနိုင်ပါတယ်။

(၁) ဆေးလိပ်သောက်သုံးမှု အခြေအနေနဲ့ ဆေးလိပ်သောက်သုံးရခြင်းအကြောင်းကို မေးမြန်းပါ။

(၂) ဆေးလိပ်သောက်ခြင်းရဲ့  အန္တရာယ်တွေကို ရှင်းလင်းပြပြီး ဆေးလိပ်ဖြတ်ဖို့ အကြံပြုတိုက်တွန်းပါ။

(၃) ဆေးလိပ်ပြတ်ဖို့ ကြိုးစားအားထုတ်နေမှုကို စစ်ဆေးပြီး အသိအမှတ်ပြုအားပေးပါ။

(၄) ဆေးလိပ်ဖြတ်နိုင်ဖို့ ကူညီပေးပါ။

(၅) ထပ်မံဆွေးနွေးဖို့ ရက်ချိန်းသတ်မှတ်ပေးပါ။

ဆေးလိပ်ပြတ်ပြီး ၂၄ နာရီအတွင်း သွေးခုန်နှုန်း၊ သွေးဖိအား၊ အောက်ဆီဂျင် ပုံမှန်ဖြစ်လာပြီး ၄၈ နာရီအတွင်း ဆေးလိပ်အနံ့အသက်တွေ ပျောက်ကင်းသွားပါမယ်။ ၃လအတွင်း သွေးလှည့်ပတ်မှုကောင်း မွန်လာပြီး ၁ နှစ်ကြာရင် နှလုံးတိုက်ခိုက်ခံရမှု ထက်ဝက်ခန့် လျော့ကျသွားပါလိမ့်မယ်။ ၁၀ နှစ်ကြာရင် အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်း ထက်ဝက်လျော့ကျပြီး ၁၅ နှစ်ကြာရင် နှလုံးတိုက်ခိုက်ခံရမှုမှာ ဆေးလိပ်မသောက်သူတွေအတိုင်း ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် အသက်ရှည်လိုသူတိုင်း ဆေးလိပ် မသောက်ဖို့နဲ့ ဆေးလိပ်သောက်သူတွေအနေနဲ့ ဆေးလိပ်ပြတ်ဖို့ အလွန်အရေးကြီးပါတယ်။

Q. အရက်ကြောင့် ဘယ်လိုကင်ဆာတွေ ဖြစ်စေနိုင်ပါသလဲ ဆရာ။

A. အရက်ဆိုတာ သကြားနဲ့ ကစီဓာတ်ကို တစေးနဲ့ဖောက်ပြီး ရရှိလာတဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ ဘီယာမှာ ၃ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်း၊ ၀ိုင်မှာ ၉ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းနဲ့ ၀ီစကီ၊ ရမ် စတဲ့ အရက်ပြင်းတွေမှာ ၃၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ အရက်(Alcohol)ပမာဏ ပါဝင်ပါတယ်။

အရက်တစ်ယူနစ်မှာ ဘီယာ ၃၅၅ မီလီလီတာ (ဘီယာတစ်ဘူးကျော်ကျော်ခန့်)၊ ၀ိုင် ၁၄၈ လီတာ (၀ိုင်တစ်ခွက်)၊ ၀ီစကီရမ် ၄၄ မီလီလီတာ (အရက်ပြင်းတစ်ဝက်) သတ်မှတ်ပြီး အရက်အယ်လ်ကိုဟော ၁၀ ဂရမ်ပါဝင်ပါတယ်။ အမျိုးသမီးတွေ တစ်ပတ်မှာ အရက် ၁၄ ယူနစ်၊ အမျိုးသားတွေ တစ်ပတ်မှာ အရက် ၂၁ ယူနစ်ထက် ပိုမိုသောက်သုံးပါက ကျန်းမာရေးထိခိုက်နိုင်ပါတယ်။
အရက်ကြောင့် အဓိက အသည်းထိခိုက်ပြီး အသည်းအဆီဖုံး၊ အသည်းခြောက်ခြင်းမှ အသည်းကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အရက်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကြောင့် အသည်း၊ ခံတွင်း၊ အစာရေမျိုပြွန်၊ လည်ချောင်း၊ အာခေါင်ကင်ဆာတွေကို ပိုမိုဖြစ်စေပြီး ရင်သားနဲ့ အူမကြီးကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်တက်စေပါတယ်။ အရက်နဲ့ ဆေးလိပ် (ဆေးရွက်ကြီး) ၂ မျိုးစလုံးသုံးစွဲပါက ကင်ဆာဖြစ်ပွားမှု ၂ ဆမှ ၃ ဆအထိ မြင့်တက်စေနိုင်ပါတယ်။

ဒါကြောင့် အရက်လုံးဝမသောက်သုံးခြင်းဖြင့် အရက်ကြောင့်ဖြစ်ပွားတဲ့ ကင်ဆာတွေကို ကာကွယ်နိုင်မှာဖြစ်ပြီး သောက်သုံးနေသူတွေအနေနဲ့ အမျိုးသားဆိုရင် တစ်ပတ်မှာ၂၁ ယူနစ်၊ အမျိုးသမီးတွေဆိုရင် တစ်ပတ်မှာ ၁၄ ယူနစ်ထက် မကျော်ဘဲ သောက်သုံးသင့်ပါတယ်။

Q. ကွမ်းယာနဲ့ ကင်ဆာဆက်စပ်ပုံကိုလည်း ပြောပြပေးပါဦးဆရာ။

A. ကွမ်းယာမှာ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံးတို့အပြင် တခြားဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ခံတွင်းကင်ဆာ ဖြစ်စေပါတယ်။ ကမ္ဘာပေါ်မှာ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံသားတွေက ကွမ်းယာအများဆုံး စားသုံးကြပြီး ခံတွင်းကင်ဆာအဖြစ်အများဆုံး နိုင်ငံတွေ ဖြစ်ကြပါတယ်။

ကွမ်းယာစားသုံးတာကြောင့် ငွေကုန်ကျခြင်း၊ ရုပ်ရည်သွင်ပြင် ထိခိုက်စေရုံသာမက ရင်တုန်ခြင်း၊ ချွေးစေးပြန်ခြင်း၊ ခေါင်းမူးခြင်းတို့ ခံစားရနိုင်ပြီး ကြာရှည်စားသုံးပါက ခံတွင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ကြာရှည်စားသုံးပါက ပါးစောင်နံရံမှာ အဖြူဖတ်၊ အနီဖတ်လေးတွေ ကပ်နေသလို စတင်တွေ့ရှိရပြီး ခံတွင်းကင်ဆာအကြို ပြောင်းလဲမှုဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကွမ်းယာစားသုံးမှု ရပ်လိုက်ပါက ခံတွင်းကင်ဆာအဖြစ် မရောက်ရှိစေဖို့ ကာကွယ်နိုင်ပါတယ်။ ဆက်လက်စားသုံးရင် ခံတွင်းကင်ဆာ ဖြစ်နိုင်ပါတယ်။

Q. ဆေးလိပ်၊ အရက်၊ ကွမ်းယာပြတ်အောင် ဘယ်လိုအမူအကျင့်တွေကို ပြောင်းလဲသင့်ပါသလဲ ဆရာ။

A. ဆေးလိပ်၊ အရက်၊ ကွမ်းယာတွေက စွဲလမ်းစေတတ်တဲ့ သတ္တိရှိလို့ အစမပြုမိဖို့ လိုပါတယ်။ သုံးစွဲနေသူတွေအနေနဲ့လည်း ကိုယ့်ကျန်းမာရေးအတွက် မကောင်းတဲ့အမူအကျင့်ဆိုပြီး သတ်မှတ်ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

ဆေးလိပ်၊ အရက်၊ ကွမ်းယာ သုံးစွဲဖြစ်ရခြင်း အကြောင်းရင်းတွေကို လေ့လာတဲ့အခါ (၁) လွယ်လွယ်ကူကူရရှိခြင်း၊ (၂) ဈေးသက်သက်သာသာနဲ့ ၀ယ်ယူနိုင်ခြင်း၊ (၃) လူအများကလက်ခံခြင်း၊ (၄) မိမိပတ်ဝန်းကျင်ရှိသူများက သုံးစွဲအောင်တိုက်တွန်း ခြင်း၊ (၅) စိတ်ဖိစီးမှု ပြေပျောက်ဖို့ ထွက်ပေါက်အဖြစ် အသုံးချခြင်းတို့ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဆေးလိပ်၊ အရက်၊ ကွမ်းယာ သုံးစွဲနေသူတွေအဖို့ ကျန်းမာရေးကောင်းမွန်အောင်၊ ကင်ဆာအန္တရာယ်မှ ကင်းဝေးအောင်၊ စွဲလမ်းခြင်းကို ရပ်တန့်ဖို့ အတွက် မိမိရဲ့ စိတ်သာ အဓိကဖြစ်ပါတယ်။ ကင်ဆာအန္တရာယ်ကင်းဝေးအောင် ဆေးလိပ်၊ အရက်၊ ကွမ်းယာတို့ကို မသုံးစွဲတော့ပါလို့ စိတ်ဆုံးဖြတ်ချက်ချပြီး ရှောင်ကြဉ်ရင် အမှန်တကယ်ဖြတ်နိုင်တာကို တွေ့ရှိရပါတယ်။ လိုအပ်ပါက အထွေထွေဆရာဝန်များ၊ စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ တိုင်ပင်ပြီး နှစ်သိမ့်ဆွေးနွေးအကြံပြုမှုတွေ ရယူခြင်းဖြင့် မကောင်းတဲ့အမူအကျင့်တွေ ရှောင်ကြဉ်ဖို့အတွက် အကျိုးရှိပါတယ်။

မိမိစိတ်ကိုနိုင်မှ ဘ၀ကိုနိုင်မှာဖြစ်လို့ ဆေးလိပ်၊ အရက်၊ ကွမ်းယာစားသုံးတဲ့ မကောင်းတဲ့အမူအကျင့်တွေကို ရှောင်ကြဉ်ရင်းနဲ့ ဆက်စပ်ကင်ဆာရောဂါများစွာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top