Healthy Life Ad
Q & A

အာရုံကြောငယ်များ၏ ပြင်ပအကာလွှာမှ ဖြစ်လာသော အဖုအကျိတ်ရောဂါ (Neurofibroma)

—–၊ ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. Neurofibroma အကြောင်း ရှင်းပြပေးပါဆရာ။

A. အာရုံကြောအမျိုးအစားတစ်မျိုး Peripheral Nerve မှာရှိတဲ့ အကျိတ်တစ်မျိုးကို Neurofibroma လို့ ခေါ်ပါတယ်။ အများအားဖြင့် အာရုံကြောအကာက ဖြစ်တာဖြစ်ပြီး တစ်ခါတလေ နာ့ဗ်တစ်သျှူး (Nerve Tissue)က စပြီး အကျိတ်ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာ Central Nerve (ဦးနှောက်ကထွက်တဲ့ အာရုံကြော)နဲ့ Peripheral Nerve (ဆက်ဖြာထွက်တဲ့ အာရုံကြော)ဆိုပြီး အမျိုးအစားနှစ်မျိုး ရှိတဲ့အနက် Peripheral Nerve ကနေ ဖြစ်တာများပါတယ်။

Q. Neurofibroma က ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေမှာ ဖြစ်တတ်ပါသလဲ ဆရာ။

A. Neurofibroma က တစ်ကိုယ်လုံးမှာ ဖြစ်တတ်ပါတယ်။ ရင်ဘတ်၊ လက်၊ ကျော၊ တင်ပါး စတဲ့ အာရုံကြောရှိတဲ့နေရာတိုင်းမှာ ဖြစ်တတ်ပါတယ်။ အကျိတ်ဖြစ်လာရင် အရေပြားအောက်မှာ အလုံးလေးတွေကို စမ်းမိနိုင်ပါတယ်။ အာရုံကြောဆိုတာ ဗိုက်ထဲမှာလည်းရှိသလို ကလီစာတွေထဲမှာလည်း ရှိတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ လူအများစု သိတာကတော့ မြင်နေ၊ တွေ့နေရတဲ့ လက်၊ ခြေ၊ ဗိုက်၊ ကျော စတာတွေမှာရှိတဲ့ အာရုံကြောအကျိတ်တွေကိုပဲ သိကြပါတယ်။ လက်တွေ၊ ခြေထောက်တွေမှာဖြစ်ရင် လက်တွေ၊ ခြေထောက်တွေက ကြီးနေတတ်ပါတယ်။

Q. Neurofibroma ဖြစ်ရင် အကျိတ်က တစ်လုံးတည်းဖြစ်တာလား၊ အများကြီးဖြစ်တာလား ဆရာ။

A. Neurofibroma က အကျိတ်တစ်လုံးတည်းလည်း ဖြစ်နိုင်သလို အကျိတ်တွေအများကြီးလည်း ဖြစ်နိုင်ပါတယ်။ အကျိတ်တစ်ခုတည်းဆိုရင်တော့ အဆီကျိတ်နဲ့ ရောနေတတ်ပါတယ်။ အကျိတ်က အလုံးတွေအများကြီးဆိုရင်တော့ Neurofibroma ဆိုတာကို သိနိုင်ပါတယ်။ အကျိတ်အများကြီးဖြစ်တဲ့ အခြေအနေကို Neurofibromatosis လို့ ခေါ်ပါတယ်။ အထူးသဖြင့် အကျိတ်က ခြောက်လုံးထက်ကျော်ရင် အဲဒီလို ခေါ်ဝေါ်လေ့ရှိပါတယ်။

Q. Neurofibroma က ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

A. ဖြစ်ရတဲ့အကြောင်းရင်းက အတိအကျတော့ မရှိပါဘူး။ မျိုးရိုးလိုက်တဲ့ သဘောမျိုးတော့ ရှိပါတယ်။ ရာနှုန်းပြည့် မျိုးရိုးလိုက်တာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ မျိုးရိုးဗီဇနဲ့ဆက်စပ်မှုတော့ ရှိပါတယ်။

Q. Neurofibroma ကို စဖြစ်ဖြစ်ချင်း ကုသမှုမခံယူဘဲ ထားလိုက်ရင် နောက်ဆက်တွဲအနေနဲ့ ဘာဖြစ်တတ်ပါသလဲ ဆရာ။

A. Neurofibroma က စဖြစ်ဖြစ်ချင်း အလုံးသေးကနေ တဖြည်းဖြည်း ကြီးလာတတ်ပါတယ်။ ပုံမှန်အားဖြင့် ဒီအကျိတ်က ကင်ဆာမဟုတ်ပါဘူး။ ရိုးရိုး Benign အကျိတ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ခွဲစိတ်ကုသမှု မခံယူဘဲ အတော်လေး ကြာသွားရင်တော့ ကင်ဆာအဖြစ် ပြောင်းသွားနိုင်ပါတယ်။ ဒါပေမဲ့ ကင်ဆာဖြစ်နှုန်းကတော့ သိပ်မများပါဘူး။ အလုံးရဲ့ ကြီးနှုန်းကလည်း ချက်ချင်းမဟုတ်ပါဘူး။ ဖြည်းဖြည်းချင်း ကြီးလာတဲ့သဘောပဲ ဖြစ်ပါတယ်။

“ Neurofibroma အကျိတ်ဖြစ်ရင် သိပ်ကြီးအောင် မထားသင့်ပါဘူး။ အကျိတ်အလုံးအများကြီး ဖြစ်လာရင်လည်း ဘယ်အလုံးက ပိုကြီးလာသလဲဆိုတာကို သတိထားစောင့်ကြည့်ပြီး ခွဲစိတ်ထုတ်ပစ်သင့်ပါတယ်” . . .

Q. Neurofibroma ဖြစ်ရင် ဘယ်လိုပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာ။

A. ရုပ်ပျက်ဆင်းပျက်ဖြစ်တတ်တဲ့ သဘောရှိတော့ အလှအပဆိုင်ရာ တင့်တယ်မှုကို ထိခိုက်စေပါတယ်။ ဗိုက်၊ မျက်နှာနဲ့ လည်ပင်းတွေမှာဖြစ်ရင် အလုံးအကျိတ်တွေအများကြီး ဖြစ်နေတတ်ပါတယ်။ အဲဒီတော့ ကြည့်ရရုပ်ဆိုးပါတယ်။ ဒါက ပထမပြဿနာပါ။ ဒုတိယပြဿနာက Neurofibroma အကျိတ်က အာရုံကြောတွေမှာ သွားဖိနေတတ်ပါတယ်။ ဥပမာပြောရရင် ခါးတွေမှာ အကျိတ်ဖြစ်ရင် Spinal Cord (နာ့ကျောရိုး)မှာ သွားပိတာမျိုး ဖြစ်တတ်ပါတယ်။ တကယ်လို့ နားကိုသွားတဲ့ အာရုံကြောမှာ သွားပိနေရင် နားလေးသွားတတ်ပါတယ်။ ဗိုက်ထဲ၊ အူထဲက နာ့ဗ်အမျှင်တွေမှာ Neurofibroma အကျိတ်ဖြစ်နေရင် အစာအိမ်ထဲ သွေးထွက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါက အဖြစ်နည်းတဲ့ အခြေအနေပါ။ အရိုးမှာ အလုံးတွေများနေရင် ခါးကုန်းတာ၊ ခါးစောင်းတာတွေ ဖြစ်တတ်ပါတယ်။

အဓိက ပြဿနာကတော့ Sarcoma အဖြစ် ပြောင်းသွားတာပဲ ဖြစ်ပါတယ်။ Neurofibroma ကနေ Sarcoma အဖြစ် ပြောင်းနိုင်ခြေက ၅-၁၅ ရာခိုင်နှုန်း ရှိပါတယ်။ ဒါကလည်း ချက်ချင်းပြောင်းတာမျိုးတော့ မဟုတ်ပါဘူး။ ဒါတွေအားလုံးထဲမှာ လူတွေအတွက် ဆိုးဝါးတယ်လို့ထင်တဲ့ ပြဿနာက အလှပျက်တာပဲ ဖြစ်ပါတယ်။

Q. Neurofibroma ကို ခွဲစိတ်ထုတ်ပယ်နိုင်ပါသလား ဆရာ။

A. Neurofibroma အမျိုးအစားအနေနဲ့ တစ်လုံးတည်း (Single) ဖြစ်တဲ့ အမျိုးအစားနဲ့ အများကြီး (Multiple) ဖြစ်တဲ့ အမျိုးအစားဆိုပြီး နှစ်မျိုးရှိပါတယ်။ အကျိတ်က အများကြီးဖြစ်တာမျိုးက ပိုများပါတယ်။ တစ်လုံးတည်းဖြစ်တယ်ဆိုရင် ခွဲထုတ်လိုက်ရင် ပြီးသွားပေမယ့် အများကြီးဖြစ်ရင် အကုန်လုံးကို ခွဲထုတ်ဖို့က သိပ်မလွယ်ပါဘူး။ တစ်လုံးတည်းမှာတောင် Sarcoma အဖြစ် ပြောင်းသွားရင် ဒီအကျိတ်က အာရုံကြောတွေမှာ သွားတွယ်နေတဲ့အတွက် အကုန်မထုတ်နိုင်ရင် ပြန်ဖြစ်နိုင်ခြေ ရှိပါတယ်။

Q. Neurofibroma ကို ဆေးနဲ့ကုသရင် ကျုံ့သွားနိုင်ပါသလား ဆရာ။

A. ဆေးနဲ့ကုသလို့ မပျောက်ပါဘူး။ ခွဲစိတ်ပြီး ဖယ်ထုတ်မှပဲ သက်သာပါတယ်။

Q. Neurofibroma နဲ့ ဆက်စပ်နေတဲ့ ရောဂါတွေရှိရင် သိပါရစေ ဆရာ။

A. Neurofibroma နဲ့ ဆက်စပ်နေတဲ့ ရောဂါတွေရှိပါတယ်။ Neurofibroma ဖြစ်ရင် အဒရီနယ်ဂလင်းမှာလည်း အကျိတ်ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ သွေးတိုးတတ်ပါတယ်။ ပြီးတော့ နားအာရုံကြောမှာ အကျိတ်ဖြစ်တတ်ပါတယ်။ ဦးနှောက်မှာ Meningioma အလုံးတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါ နောက်ဆက်တွဲအနေနဲ့ နားလေးသွားတတ်ပါတယ်။ ဥာဏ်ရည်နည်းနည်း လျော့ကျသွားတတ်ပါတယ်။

Q. Neurofibroma က မွေးရာပါဖြစ်တာလား၊ ကြီးမှဖြစ်တာလား ဆရာ။

A. မွေးရာပါဖြစ်နိုင်ပေမယ့် ကြီးမှဖြစ်တာ များပါတယ်။ များသောအားဖြင့် ဆရာ့အတွေ့အကြုံအရ လူလတ်ပိုင်းလောက်မှာ ဖြစ်တာများပါတယ်။ အသက် ၁၄ -၁၅ နှစ်ကျော်ရင် စဖြစ်တတ်ပါတယ်။ ၁၄-၁၅ နှစ်ကနေ အသက် ၄၀ အတွင်းဖြစ်တာ များပါတယ်။

Q. Neurofibroma နဲ့ ပတ်သက်ပြီး ထူးထူးခြားခြား လူနာမျိုး တွေ့ဖူးရင် ပြောပြပေးပါ ဆရာ။

A. ဆရာ ရန်ကုန်ဆေးရုံသစ်ကြီးမှာ တာဝန်ထမ်းဆောင်စဉ်က Neurofibroma ဖြစ်တဲ့ ထူးထူးခြားခြား လူနာတစ်ဦးကို တွေ့ခဲ့ဖူးပါတယ်။ သူ့ကျောပေါ် မှာ Neurofibroma အကျိတ်ကြီးက ကြီးလွန်းလို့ ရုတ်တရက်ကြည့်လိုက်ရင် ကျောပိုးအိတ်ကြီး လွယ်ထားသလိုတောင် ထင်ရပါတယ်။ Neurofibroma အကျိတ်က အာရုံကြောတစ်ခုတည်းကနေ ဖြစ်တာရှိသလို အာရုံကြောတွေ အများကြီးပူးပြီး ဖြစ်တာမျိုးလည်း ရှိပါတယ်။ အပေါ်က အရေပြားလေးဖောင်းလာရင် အဲဒါကို Plexi­form ဖြစ်တယ်လို့ ဆရာတို့ ခေါ်ပါတယ်။ အဲဒီလိုဖြစ်ရင် အကျိတ်က အကြီးကြီးဖြစ်ပြီး ပါးမှာဖြစ်တဲ့အခါ ပါးကတွဲကျနေတတ်ပါတယ်။ အခု ကျောပိုးအိတ်လွယ်ထားတယ်လို့ ထင်ရတဲ့ လူနာဆိုရင်လည်း အာရုံကြောတွေ အများကြီးပူးပြီး ဖြစ်တာဆိုတော့ အရေပြားတွေထူပြီး ကျောပိုးအိတ်လွယ်ထားသလို ဖြစ်နေပါတယ်။

ဒီလူနာကို ဆရာတို့အဖွဲ့ နှစ်ခါလောက်တောင် ခွဲခဲ့ရတယ်။ ခွဲရတာလည်း နည်းနည်းခက်ပါတယ်။ အဲဒီလူနာက ဒီအကျိတ်ကြောင့် အထိုင်၊ အထတောင် သိပ်မလုပ်နိုင်ပါဘူး။ အသက်က ၁၈- ၁၉ အရွယ် မိန်းကလေးပါ။ အကြောင်းအမျိုးမျိုးကြောင့် စောစောစီးစီး လာမကုနိုင်ခဲ့ပါဘူး။ သူ့လိုပဲ အကျိတ်ကြီးတဲ့ နောက်တစ်ယောက်ကျတော့ စောစောမခွဲတဲ့အတွက် ကင်ဆာအဖြစ်ကို ပြောင်းသွားပါတယ်။

Q. Neurofibroma နဲ့ လွဲမှားတတ်တဲ့ တခြားအကျိတ်တွေရှိရင် သိပါရစေ ဆရာ။

A. တစ်လုံးတည်းဆိုရင် အဆီကျိတ် (Lipoma) နဲ့ မှားတတ်ပါတယ်။ အမျှင်ကျိတ်တွေနဲ့လည်း လွဲတတ်ပါတယ်။ Neurofibroma က အလုံးတွေအများကြီးဆိုရင်တော့ သိသာပါတယ်။ အရေပြားမှာ အလုံးတင်မက အညိုကွက်၊ အနီကွက် စတဲ့ အစက်အစက်လေးတွေ ပေါ်လာပါတယ်။ အဲဒီအခြေအနေမှာ မမှားတော့ပါဘူး။ Neurofibroma ပဲ ဖြစ်ပါတယ်။

Q. Neurofibroma မှန်းသိအောင် ဘယ်လိုရှာဖွေနိုင်ပါသလဲ ဆရာ။

A. Neurofibroma အကျိတ်ကို ခွဲစိတ်ဖယ်ထုတ်ပြီး အသားစယူစစ်ဆေးမှု (Biopsy) ပြုလုပ်သင့်ပါတယ်။ အလုံးအများကြီးရှိလည်း တစ်လုံးတော့ထုတ်ပြီး အသားစယူစစ်ဆေးသင့်ပါတယ်။ နိုင်ငံခြားတွေမှာတော့ ခေတ်မီတဲ့အတွက် မျိုးဗီဇကို စစ်ကြည့်လိုက်ရင် သိနိုင်ပါတယ်။ မျိုးဗီဇမှာ နှစ်မျိုးရှိတယ်။ Type 1 ဆိုရင် ခရိုမိုဇုမ်းနံပါတ် ၁၇ မှာ ဖြစ်တာများပါတယ်။ Type 2 ဆိုရင် ခရိုမိုဇုမ်း နံပါတ် ၂၂ မှာ ဖြစ်တာများပါတယ်။ အဲဒါကို စစ်လိုက်ရင် ကြိုသိနိုင်ပါတယ်။

Q. Neurofibroma နဲ့ ပတ်သက်ပြီး ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။

A. Neurofibroma အကျိတ်ဖြစ်ရင် သိပ်ကြီးအောင် မထားသင့်ပါဘူး။ အကျိတ်အလုံးအများကြီး ဖြစ်လာရင်လည်း ဘယ်အလုံးက ပိုကြီးလာသလဲဆိုတာကို သတိထားစောင့်ကြည့်ပြီး ခွဲစိတ်ထုတ်ပစ်သင့်ပါတယ်။ သွေးတိုးတတ်ပြီး လေဖြတ်နိုင်တဲ့ အန္တရာယ်ရှိတဲ့အတွက် သတိထားသင့်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဖြစ်တာရှိပါတယ်။ ဒါပေမဲ့ လူအတော်များများက ဘာပြဿနာမှ မရှိတဲ့အတွက် သိပ်အလေးမထားတတ်ကြပါဘူး။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Most Popular

Healthy Life Ad
To Top