Healthy Life Ad
Q & A

မက်ကူလာ ဖောရောင်ခြင်း (Macular Edema)

—၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. မက်ကူလာဖောရောင်မှုအကြောင်း သိပါရစေ ဆရာ။

A. မက်ကူလာဆိုတာ မျက်စိအာရုံခံလွှာရဲ့  အလယ်အစိတ်အပိုင်း (Central Part of Retina)ကို ခေါ်ပါတယ်။ သူမှာ ဖောရောင်မှု (Edema) ဖြစ်လာရင် အရည်တွေ ပြည့်လာပါတယ်။ Optic Disc ကနေ မျက်စိအာရုံခံလွှာ သွေးကြောတွေ ထွက်လာပါတယ်။ အဲဒီသွေးကြောတွေရဲ့  ဆံချည်မျှင်သွေးကြောတွေ စိမ့်ထွက်မှု(Capillary Permeability) လာတဲ့အခါ မက်ကူလာဖောရောင်မှု ဖြစ်တတ်ပါတယ်။

Q. ဘယ်လိုအခြေအနေတွေမှာ မက်ကူလာဖောရောင်မှု ဖြစ်တတ်ပါသလဲ ဆရာ။

A. မျက်စိအာရုံခံလွှာ သွေးကြောတွေကို ထိခိုက်စေတဲ့ အခြေအနေအားလုံးဟာ မက်ကူလာဖောရောင်မှု ဖြစ်စေနိုင်ပါတယ်။ ဥပမာပြောရရင် ဆီးချိုကြောင့် မျက်စိအာရုံခံလွှာ ထိခိုက်မှု(Diabetic Retinopathy)၊ သွေးတိုးကြောင့် မျက်စိအာရုံခံလွှာထိခိုက်မှု (Hypertensive Retinopathy)၊ မျက်စိအာရုံခံလွှာ သွေးပြန်ကြောပိတ်ဆို့မှု (Central Retinal Vein Occulusion)၊ မျက်စိအာရုံခံလွှာသွေးကြောတွေ ရောင်ရမ်းမှု(Retinal Vasculitis)တွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါက ရူမတွိုက် (Rheumatoid) ရောဂါတွေနဲ့ သွေးနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာ (Haematological Disorder)တွေကြောင့် မျက်စိအာရုံခံလွှာ ရောင်ရမ်းရတာပါ။

အဲဒီအချက်တွေအနက် အဖြစ်အများဆုံးကတော့ ဆီးချိုကြောင့် မျက်စိအာရုံခံလွှာ ထိခိုက်မှုနဲ့ သွေးတိုးကြောင့် မျက်စိအာရုံခံလွှာ ထိခိုက်မှုကြောင့် မက်ကူလာဖောရောင်မှုက အဖြစ်များပါတယ်။

Q. ဘယ်လိုလက္ခဏာတွေ ပြသတတ်ပါသလဲ ဆရာ။

A. လူနာက မက်ကူလာဖောရောင်ရင် လူတစ်ယောက်ကို ကြည့်တဲ့အခါ နှာခေါင်းတွေက ၀ါးနေပြီး နားရွက်တွေကိုတော့ မြင်နေရတယ်.. အဲဒီလို လက္ခဏာတွေနဲ့ လာပြတတ်ပါတယ်။ အမြင်အာရုံက ကျသွားပါတယ်။ ပြီးတော့ ပုံရိပ်တွေကို ကြည့်လိုက်ရင် Distortion ဖြစ်နေတယ်..ဆိုလိုတာက ဖြောင့်နေတဲ့ အရာဝတ္တုတစ်ခုကို ကြည့်လိုက်ရင် ကောက်နေတဲ့ပုံစံမျိုး မြင်ရတတ်တယ်။ နောက်တစ်ခုက ပုံရိပ်ရဲ့ အရွယ်အစားကလည်း ပြောင်းလဲသွားပါတယ်။ ဘယ်လိုပြောင်းသွားသလဲဆိုတော့ ပုံရိပ်တွေက ကြီးရင်ကြီးမယ် (Macropsia) ဒါမှမဟုတ် ပုံရိပ်တွေက သေးရင်သေးနေမယ် (Micropsia).. အဲဒီလို ပြောင်းလဲသွားပါတယ်။

“ လူနာက မက်ကူလာဖောရောင်ရင် လူတစ်ယောက်ကို ကြည့်တဲ့အခါ နှာခေါင်းတွေက ၀ါးနေပြီး နားရွက်တွေကိုတော့ မြင်နေရတယ်..အဲဒီလို လက္ခဏာတွေနဲ့ လာပြတတ်ပါတယ်။ အမြင်အာရုံက ကျသွားပါတယ်။ ပြီးတော့ ပုံရိပ်တွေကိုကြည့်လိုက်ရင် Distortion ဖြစ်နေတယ်” …

Q. မက်ကူလာဖောရောင်မှုဖြစ်မှန်း သေချာအောင် ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ရပါသေးသလဲ ဆရာ။

A. Fundusကို ကြည့်လိုက်ရင် မက်ကူလာရဲ့ အထူက ရေအိတ်တည်တာကြောင့် ကြီးနေတတ်ပါတယ်။ ဒါကို OCT (Optical Coherent Tomography) နဲ့ အတိအကျတိုင်းလို့ ရပါတယ်။ အဲဒီအခါ မက်ကူလာက ဘယ်လောက်မိုက်ခရိုမီတာ ထူလာသလဲဆိုတာ တိုင်းလို့ရပါတယ်။

Q. ဒီရောဂါဖြစ်မှန်း သိသွားပြီဆိုရင် ဘယ်လိုကုသမှု ပေးရပါသလဲ ဆရာ။

A. ဖြစ်ရတဲ့အကြောင်းရင်း (Secondary Causes) ကိုရှာရပါမယ်။ ဥပမာ- ဆီးချိုရောဂါကြောင့် ဖြစ်တာလား၊ သွေးတိုးရောဂါကြောင့် ဖြစ်တာလားဆိုတဲ့ အကြောင်းရင်းကိုရှာပြီး တွေ့တဲ့အကြောင်းရင်းကို ကုသမှုပေးရပါတယ်။ အဓိကအားဖြင့်တော့ ဖြစ်နေတဲ့ လက္ခဏာတွေ သက်သာသွားအောင် ကုသရပါတယ်။ NSAID မျက်စဉ်းဆေးတွေကို ပေးလို့ရပါတယ်။ ရောင်ရမ်းမှုကျအောင် Diamox ကို တစ်နေ့နှစ်ကြိမ် ပေးရပါတယ်။ တစ်ခါတလေ ဒီလိုပေးလိုက်ရုံနဲ့ သက်သာသွားတတ်ပါတယ်။ တကယ်လို့ မသက်သာဘူးဆိုရင် လိုအပ်တဲ့အခါ လေဆာနည်းနဲ့ ကုသမှုပေးရပါတယ်။

Q. ကုသလိုက်ရင် လုံးဝပျောက်ကင်းသွားနိုင်ပါသလား ဆရာ။

A. ပြောရခက်ပါတယ်။ ကုသမှုက ကောင်းသွားတာလည်း ရှိပါတယ်။ တစ်ခါတလေကျရင် လျော့သွားတာရှိတယ်။ အများအားဖြင့် လျော့သွားတာက များပါတယ်။

Q. လေဆာနဲ့ ကုသရင်ကော လုံးဝပြန်ကောင်းနိုင်ပါသလား ဆရာ။

A. လေဆာပစ်တယ်ဆိုတာကလည်း မက်ကူလာကိုလာတဲ့ မျက်စိအာရုံခံလွှာသွေးကြောတွေကို ပိတ်ဆို့လိုက်တာပါ။ အဲဒီအခါ သွေးကြောကိုလာတဲ့ ရေကနည်းသွားပေမယ့် အမာရွတ်(Scar) ထင်သွားတာကြောင့် မြင်ကွင်း (Field of Vision) က ကျဉ်းသွားတာမျိုးတောင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် မလွှဲသာမရှောင်သာ အခြေအနေမျိုးမှာမှ လူနာကို သေချာရှင်းပြပြီး လူနာက ဆန္ဒရှိမှသာ လေဆာနည်းနဲ့ ကုသလေ့ရှိပါတယ်။

Most Popular

Healthy Life Ad
To Top