Healthy Life Ad
Q & A

ဆီးချိုရှိသူများ ဘီယာဝိုင်းထိုင်မယ်ဆိုရင် . .

—၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. ဆီးချိုရှိသူတစ်ဦးက ဘီယာဝိုင်းမှာ ထိုင်တဲ့အခါ အယ်လ်ကိုဟောကို ဘယ်လောက်ပမာဏ သောက်လို့ရပါသလဲ ဆရာ။

A. ဆီးချိုသမားတွေ အရက်သောက်လို့ရလားဆိုပြီး ခဏခဏ မေးကြပါတယ်။ မသောက်ရင်တော့ အကောင်းဆုံးပေါ့။ အရက်ကို မသောက်ရမနေနိုင်လို့ သောက်ဖြစ်တယ်ဆိုသူတွေကိုလည်း အရက်ကို အလွန်အကျွံ မသောက်သုံးအောင် တိုက်တွန်းလိုပါတယ်။ အရက်ကို အလွန်အကျွံမဖြစ်အောင် သောက်သုံးတယ်ဆိုတာက အမျိုးသားတစ်ယောက်က တစ်နေ့ကို ၂ ယူနစ်၊ အမျိုးသမီးက ၁ ယူနစ်ထက် မကျော်ရဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုထားပါတယ်။ ၁ ယူနစ်ဆိုတာ ဘီယာတစ်ဘူးလောက်၊ ၀ီစကီတစ်ပက်လောက်၊ ၀ိုက်တစ်ခွက်လောက်နဲ့ သွားညီပါတယ်။ ဒီ့ထက်ပိုမသောက်သင့်ပါဘူး။ ဒါက သာမန်လူတွေအတွက် ညွှန်ထားတာ။ ဆီးချိုသမားတွေဆို ပိုတောင်သတိထားရပါမယ်။ သောက်ပါလို့ဆိုလိုတာ မဟုတ်ပါဘူး။ သောက်တတ်သူတွေ ထိန်းသောက်ဖို့ သတိပေးတာပါ။

နံပါတ်နှစ်က ဆီးချိုသမားတွေက ဆီးချိုဆေးသောက်နေချိန်မှာ ဆီးချိုကကျတတ်တယ်။ ဒီအချိန်မှာ အရက်သေစာ သောက်စားမယ်၊ အစားအသောက်ကို မစားဘူး . .ဒါဆို ဆီးချိုထပ်ကျဖို့ လမ်းများတယ်။ ဒါကြောင့် ကိုယ်သောက်မယ်၊ စားမယ်ဆိုရင် အမြည်းလေးစားပါလို့ တိုက်တွန်းပါတယ်။ အသားတွေ၊ ငါးတွေ၊ အရွက်တွေ များများစားလို့ ရပါတယ်။ ကာဗိုဟိုက်ဒရိတ်လို့ခေါ်တဲ့ ထမင်းတွေ များများစားရင်တော့ ဆီးချိုတက်နိုင်ပါတယ်။ အချိုရည်တွေ အများကြီးသောက်ရင်လည်း ဆီးချိုတက်သွားနိုင်ပါတယ်။ ဒါကိုတော့ ရှောင်ပါ။

Q. ဆီးချိုရှိသူတွေက အရက်သောက်တဲ့အခါ အချိုရည်နဲ့ ရောစပ်ပြီး သောက်သုံးတာမျိုးကကော လုပ်သင့်ပါသလား။

A. ဒါကလည်း မလုပ်သင့်ပါဘူး။ အချိုရည်ထည့်သောက်ရင် ဆီးချိုထိန်းသိမ်းမှုမှာ ဒုက္ခရောက်နိုင်ပါတယ်။ ဒါမျိုးတော့ မသောက်သင့်ပါဘူး။

“ အရက်သေစာသောက်စားမှုကိုယ်တိုင်က အသည်းခြောက်တာ ဖြစ်နိုင်ပါတယ်။ ဆီးချိုသမားတွေကိုယ်တိုင်က အသည်းအဆီဖုံးတာ ရှိနေပြီးသား။ အဲဒါကိုမှ အရက်သေစာသောက်လိုက်ရင် အသည်းကရောင်လာတတ်တယ်။ အသည်းရောင်တာကနေ အသည်းခြောက်တာ ဖြစ်တတ်တယ်။ နောက်ဆက်တွဲအနေနဲ့ အသည်းကင်ဆာအထိ ဖြစ်နိုင်တာကြောင့် သတိထားရမှာ ဖြစ်ပါတယ်” . . .

Q. ဆီးချိုရှိသူက ဘယ်လိုအခြေအနေမျိုးမှာ အရက်ကို လုံးဝရှောင်သင့်ပါသလဲ ဆရာ။

A. တချို့ဆီးချိုသမားတွေက ဆီးချိုခဏခဏကျနေတဲ့ အခြေအနေရှိတယ်။ ဥပမာဆိုပါစို့-ကျောက်ကပ်ထိနေတာကြောင့် ဆီးချိုက ခဏခဏ ကျနေတာ။ တချို့ဆီးချိုသမားတွေကျတော့ အသည်းနဲ့ အများကြီး တွဲတယ်။ ဆီးချိုသမားနဲ့ အသည်းခြောက်တာ၊ ဆီးချိုသမားနဲ့ ဘီပိုး၊ စီပိုးတွဲတာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ အသည်းက ဆီးချိုထိန်းသိမ်းရေးအတွက် အင်မတန်အရေးကြီးတယ်။ ခန္ဓာကိုယ်က ဆီးချိုထိန်းဖို့အတွက် သကြားဓာတ်ကို သုံးတယ်။ ပိုနေတဲ့ သကြားဓာတ်တွေ အကုန်လုံးကို အသည်းထဲထည့်လိုက်တယ်။ အသည်းကနေ တစ်ညလုံး သကြားဓာတ်တွေ စိမ့်ထွက်လာပြီး လောင်စာအနေနဲ့ ပေးတယ်။ ဆီးချိုသမား အသည်းထိသွားရင် လုံးဝလုံးဝ အရက်မသောက်ဖို့ ပြောပါရစေ။ ဆီးချိုခဏခဏ ကျနေသူတွေမှာလည်း အရက်သေစာသောက်သုံးမှုကို လုံးဝမလုပ်သင့်ကြောင်း ပြောချင်ပါတယ်။

Q. ဆီးချိုရှိသူက အရက်အလွန်အကျွံ သောက်မိတဲ့အခါ နောက်ဆက်တွဲ ဘာဖြစ်နိုင်ပါသလဲ ဆရာ။

A. အရက်သေစာသောက်စားမှုကိုယ်တိုင်က အသည်းခြောက်တာ ဖြစ်နိုင်ပါတယ်။ ဆီးချိုသမားတွေ ကိုယ်တိုင်က အသည်းအဆီဖုံးတာ ရှိနေပြီးသား။ အဲဒါကိုမှ အရက်သေစာ သောက်လိုက်ရင် အသည်းက ရောင်လာတတ်တယ်။ အသည်းရောင်တာကနေ အသည်းခြောက်တာ ဖြစ်တတ်တယ်။ နောက်ဆက်တွဲအနေနဲ့ အသည်းကင်ဆာအထိ ဖြစ်နိုင်တာကြောင့် သတိထားရမှာ ဖြစ်ပါတယ်။ သာမန်လူတွေနဲ့ မတူတာက ၀တဲ့ဆီးချိုသမားတိုင်း အသည်းအဆီဖုံးရောဂါက နဂိုကတည်းက ရှိနေပြီးသားဖြစ်လို့ အရက်သောက်ရင် ပိုဆိုးနိုင်ပါတယ်။ သုတေသန တွေ့ရှိချက်တွေအရ ဆီးချိုသွေးချိုရောဂါသမားတွေက အသည်းရောင်အသားဝါ စီပိုးနဲ့ အများကြီး တွဲနေတတ်ပါတယ်။ စီပိုးလည်းရှိတယ်၊ ဆီးချိုရောဂါလည်း ရှိတယ်ဆိုတဲ့သူတွေ အရက်သောက်တာကို လုံးဝမလုပ်သင့်ပါဘူး။ သောက်လိုက်ရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ အသည်းခြောက်တာ၊ အသည်းရောင်တာ၊ အသည်းကင်ဆာတို့ ဖြစ်နိုင်ခြေများလို့ ဒီလိုလူမျိုးတွေမှာ အရက်ကို လုံးဝမသောက်သင့်ပါဘူးလို့ ပြောချင်ပါတယ်။

Q. ဆီးချိုသမားတွေအနေနဲ့ ဘီယာဝိုင်းမှာ အကင်တွေစားရင်ကော ဘာဖြစ်တတ်ပါသလဲ ဆရာ။

A. အကင်မှာသုတ်ထားတဲ့ အရည်တွေက ချိုတဲ့အရည်တွေဆိုရင် ဆီးချိုတက်နိုင်ပါတယ်။ ဒီ့ထက်ပိုဆိုးတာက အကင်တွေကို တူးအောင်ကင်လိုက်တဲ့အခါ နိုက်ထရိုစမင်းဓာတ် ထွက်လာတယ်။ အဲဒီဓာတ်က ကင်ဆာအားပေးတယ်။ ဆီးချိုသမားကိုယ်တိုင်က ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းများတယ်။ ဒီလိုအကင်တွေမှာ မီးကျွမ်းနေတဲ့ အကင်တွေစားလိုက်ရင် နိုက်ထရိုစမင်းဓာတ် ရစေတယ်။ မီးနဲ့ထိတွေ့ချိန် ကြာလေလေ၊ မီးကျွမ်းလေလေ၊ ဒုက္ခပေးလေလေပဲ။ ဆီတွေကျပြီး မီးတွေထတောက်တဲ့အထိကင်ရင် နိုက်ထရိုစမင်းဓာတ် အရမ်းများတယ်။ အကင်စားမယ်ဆိုရင် ကျွမ်းနေတဲ့အပိုင်း၊ မီးတူးနေတဲ့အပိုင်းတွေကို ဖယ်စားမှ ဖြစ်ပါမယ်။

Q. ဆီးချိုသမားတွေအနေနဲ့ အရက်ကို အန္တရာယ်ကင်းကင်းနဲ့ ဘယ်လောက်အထိ သောက်လို့ရပါသလဲ ဆရာ။

A. (၁) အရက်ကမသောက်တာ အကောင်းဆုံးပါ။ မသောက်ရမနေနိုင်ရင် သာမန်ဆီးချိုသမား အမျိုးသားဆိုရင် နှစ်ယူနစ်ထက်ပိုတဲ့ အရက်ပမာဏကို မသောက်သင့်ပါဘူး။

(၂) ဆီးချိုသမား ဘီယာဝိုင်းထိုင်ရင် အစားအသောက်စားပေးပါ။ အဓိကအားဖြင့် အရွက်တွေ၊ အသားတွေ၊ ငါးတွေစားပေးပါ။ ဒါမှ သွေးတွင်းသကြားဓာတ်ကျတာ မဖြစ်အောင် ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ အသားကင်နဲ့စာရင် အရွက်ကင်တွေက ပိုပြီးစိတ်ချရပါတယ်။

Most Popular

Healthy Life Ad
To Top