Healthy Life Ad
Q & A

မျက်စိကတစ်ဆင့် သိနိုင်သည့် ခန္ဓာကိုယ်ကျန်းမာရေး

—–၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. မျက်မြှေးကိုကြည့်ပြီး လူတစ်ယောက်မှာ ဘယ်လိုရောဂါတွေကို သိနိုင်ပါသလဲ ဆရာ။

A. လူတစ်ယောက် သွေးအားနည်းရောဂါ ရှိ၊ မရှိဆိုတာ သိဖို့ဆိုရင် မျက်မြှေး(Conjunctiva)ကို လှန်ကြည့်လေ့ရှိပါတယ်။ သွေးအားနည်းနေရင် သွေးကြောတွေမှာ သွေးစီးဆင်းမှုက နည်းနေတတ်တဲ့အတွက် မျက်ခမ်းက ဖျော့နေတတ်တယ်။ ကြည့်ရအလွယ်ဆုံးက Mucosa ရှိတဲ့ လျှာမှာ ကြည့်ရအလွယ်ဆုံးပဲ။ ပြီးတော့ မျက်မြှေးမှာရှိတဲ့ သွေးကြောတွေကို ကြည့်ပြီး သွေးအားနည်းနေသလား၊ မနည်းဘူးလားဆိုတာ ဆုံးဖြတ်ရလွယ်ပါတယ်။ ဒါက အရှင်းဆုံး ဥပမာပါပဲ။

အသားဝါရောဂါ(Jaundice) ရှိ၊ မရှိဆိုတာ သိဖို့ဆိုရင်လည်း ခန္ဓာကိုယ်က ၀ါနေသလားဆိုတာ သိနိုင်ဖို့ ကြည့်ရအလွယ်ဆုံးက မျက်လုံးရဲ့မျက်မြှေးမှာ ကြည့်ရတာ အလွယ်ဆုံးပါပဲ။ အများဆုံး ပြောလေ့ရှိကြတာကတော့ Connective Tissue Disorder တွေမှာ သိနိုင်တယ်။ ရူမတွိုက်လေးဖက်နာ ဖြစ်တယ်၊ အဆစ်အမျက်ကိုက်တယ်၊ မျက်လုံးကို အုပ်ထားတဲ့ မျက်ဖြူလွှာ(Sclera)နဲ့ မျက်ကြည်လွှာ(Cornea)ရောက ကော်လာဂျင်တစ်သျှူးတွေနဲ့ တည်ဆောက်ထားတော့ ဒီလိုအဆစ်ရောင်နာ၊ လေးဖက်နာရောဂါတွေရှိရင် မျက်ဖြူလွှာရောင်တာ(Scleritis)ဖြစ်တတ်တယ်၊ မျက်ကြည်လွှာရောင်တာ (Keratitis) ဖြစ်တတ်ပါတယ်။

Q. မျက်စိကိုကြည့်ရင် တခြားဘယ်လိုရောဂါဝေဒနာတွေ ဖြစ်နေတယ်လို့ သိနိုင်ပါသေးသလဲ ဆရာ။

A. Endocrine နဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်တဲ့ ဆီးချိုသွေးချိုရောဂါဖြစ်ရင် အရင် Microangiopathy ရပြီး နောက်ဆုံးမှာ Retinopathy ၀င်တယ်။ Microangiopathy က မျက်စိနဲ့ ကျောက်ကပ်မှာ ဖြစ်နိုင်တယ်။ မျက်လုံးနဲ့ ကျောက်ကပ်မှာရှိတဲ့ သွေးကြောတွေဆီမှာ သက်ရောက်မှုရှိတာကြောင့် မျက်လုံးမှာရှိတဲ့ မျက်စိအာရုံခံလွှာ(Retina)မှာ အာရုံခံလွှာရောင်ရမ်းမှု (Retinopathy) ဖြစ်ရတာ ဖြစ်ပါတယ်။ အဲဒီလိုပဲ သိုင်းရွိုက်ပြဿနာ ဖြစ်လာရင် မျက်စိမှာ သက်ရောက်မှုရှိပါတယ်။ ဥပမာ-သိုင်းရွိုက်ဟော်မုန်းများတဲ့ Hyperthyroid ဖြစ်လာပြီဆိုရင် မျက်ဆန် (Eyeball)နဲ့ Orbit ကြားမှာရှိတဲ့ အဆီလွှာက ရောင်လာတယ်။ အဲဒီအခါ မျက်စိက ပြူးထွက်လာတယ်။ ဒါကို Proptosis လို့ ခေါ်ပါတယ်။ သိုင်းရွိုက်ဖြစ်တဲ့သူတွေက မျက်စိက မသိမသာ ပြူးထွက်နေတတ်ပါတယ်။

“ ဆေးပညာမှာ တစ်ခုနဲ့တစ်ခုက ဆက်နွှယ်နေတာပါပဲ။ ကျန်းမာရေးစောင့်ရှောက်မှု ပေးတယ်ဆိုကတည်းက ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ Social Wellbeing ဆိုပြီး အားလုံးကို စောင့်ရှောက်မှုပေးရတာပါ။ ဒါကြောင့် ဇက်ကြောတက်၊ ခေါင်းကိုက်တယ်ဆိုပြီး ဆရာတို့ဆီကို မျက်မှန်စမ်းဖို့ လူနာတွေ ရောက်လာတဲ့အခါ မျက်မှန်လည်းမလိုဘူး၊ မျက်စိရောဂါတွေလည်း မရှိဘူး၊ မျက်စိကြွက်သားတွေကလည်း” …

Q. မျက်စိစစ်လိုက်ရင် သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေ ရှိ၊ မရှိကိုကော သိနိုင်ပါသလား ဆရာ။

A. သွေးနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာ (Haematological Disorder) တွေကြောင့်လည်း မျက်စိမှာ ထိခိုက်မှုရှိနိုင်တယ်။ လူကေးမီးယားရောဂါ(Leukaemia)ကြောင့်လည်း မျက်စိအာရုံခံလွှာမှာ ထိခိုက်မှုဖြစ်နိုင်ပါတယ်။ သွေးကြောမှာ သွေးခဲတဲ့အခြေအနေ (Clotting Factor)တွေ ရှိပါတယ်။ သွေးခဲမှုဆိုင်ရာ ပုံမမှန်အခြေအနေ ဥပမာ-Haemophilia ကြောင့်လည်း မျက်စိမှာရှိတဲ့ သွေးကြောတွေ ထိခိုက်မှုဖြစ်နိုင်ပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေမှာ သွေးခဲမှုဖြစ်ရင် မျက်စိမှာရှိတဲ့ သွေးကြောတွေကိုလည်း ထိခိုက်နိုင်ပါတယ်။ နောက်တစ်ခုက Sickle Cell Anaemia ကြောင့်လည်း မျက်စိမှာ သွေးအားနည်းတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။

Q. မျက်စိကျန်းမာရေး ပြဿနာတွေရှိရင် နှလုံးနဲ့ သွေးကြောဆိုင်ရာ ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါသလဲ။

A. နှလုံးသွေးကြောစနစ်မှာဆိုရင် နှလုံးမှာပိုးဝင်ပြီး ရောင်တဲ့အခြေအနေ (Infective Endocarditis) ဖြစ်ရင် အဲဒီကနေ Emboli လေးတွေဟာ မျက်လုံးမှာရှိတဲ့ သွေးကြောလေးတွေကို လာပိတ်တတ်ပါတယ်။ အဲဒီအခါ မျက်လုံးက ၀ါးသွားတတ်ပါတယ်။ နောက်တစ်ချက်က သွေးတိုးရောဂါကြောင့် သွေးကြောတွေကျဉ်းတာ (Atherosclerosis) ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်ရင် မျက်စိမှာရှိတဲ့ အာရုံခံလွှာသွေးကြော(Retinal Vessels)တွေက ကျဉ်းလာတတ်ပါတယ်။ သွေးကြောကျဉ်းပြီး ပိတ်သွားရင် မမြင်တော့တာမျိုး (Central Retinal Artery Occlusion) ဖြစ်တတ်ပါတယ်။

Q. ကိုယ်ဝန်ဆောင်သည်တွေမှာဆိုရင်ကော မျက်စိနဲ့ ဘယ်လိုဆက်စပ်မှု ရှိပါသလဲ ဆရာ။

A. တချို့ကိုယ်ဝန်ဆောင်တွေမှာဆိုရင် ကိုယ်ဝန်ဆိပ်တက်တဲ့ အခြေအနေ(Eclampsia)ကြောင့် သွေးဖိအားက တအားမြင့်တက်လာပြီး သွေးကြောတွေကျဉ်းပြီး ပိတ်သွားတဲ့အတွက် မမြင်တော့ဘူး။ ဒါမျိုးက ဖြစ်ခဲတယ်ဆိုပေမယ့် ဖြစ်တော့ဖြစ်တတ်ပါတယ်။ မျက်လုံးကလည်း ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းပဲဖြစ်တော့ ခန္ဓာကိုယ်မှာ ထိခိုက်မှုတစ်ခုခုဖြစ်ရင် မျက်လုံးမှာလည်း သက်ရောက်မှုရှိတာပါပဲ။ ခန္ဓာကိုယ်က ကော်လာဂျင်တွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ ကော်လာဂျင်ထိခိုက်မှုဖြစ်ရင် မျက်လုံးမှာရှိတဲ့ ကော်လာဂျင်တွေကိုလည်း ထိခိုက်မှု ဖြစ်စေနိုင်တာပါပဲ။ မျက်လုံးမှာဆိုရင် မျက်ကြည်လွှာနဲ့ မျက်ဖြူလွှာက ကော်လာဂျင်နဲ့ တည်ဆောက်ထားတော့ ခန္ဓာကိုယ်က ကော်လာဂျင်တွေ ထိခိုက်မှုဖြစ်တဲ့အခါတိုင်း အဲဒီနေရာတွေမှာ လာပြပါတယ်။ နောက်တစ်ခုက ခန္ဓာကိုယ်က သွေးကြောတွေမှာ ဖြစ်နိုင်တဲ့ ထိခိုက်မှုအားလုံးက အာရုံခံလွှာမှာ လာပြပါတယ်။ ဒီလိုပဲ သွေးမှာလာတဲ့ ပုံမမှန်မှုအားလုံးကို မျက်စိသွေးကြောတွေကို ကြည့်ပြီးသိနိုင်ပါတယ်။ မျက်စိကိုကြည့်ပြီး ခန္ဓာကိုယ်မှာ ရောဂါရှိ၊ မရှိ သိနိုင်သလို ခန္ဓာကိုယ်က ရောဂါတွေကို ကြည့်ပြီးတော့လည်း မျက်စိမှာ ထိခိုက်မှုဖြစ်နေတာကို သိနိုင်ပါတယ်။

Q. မျက်စိကိုစစ်ဆေးပြီး ခန္ဓာကိုယ်ရောဂါဝေဒနာကို သိနိုင်တဲ့အကြောင်း အတွေ့အကြုံရှိရင် သိပါရစေဆရာ။

A. ဆရာ့အတွေ့အကြုံအရ လူနာက ဆီးချိုသွေးချိုရောဂါ ရှိနေမှန်း လုံးဝမသိဘူး။ မျက်စိမှုန်တယ်ဆိုပြီး မျက်စိဆရာဝန်ဆီ လာစမ်းသပ်တဲ့အခါမှာ ဆရာဝန်က မျက်စိကိုစမ်းသပ်ပြီး Retinopathy ဖြစ်နေတာတွေ့လို့ ဆီးချိုသွေးချိုရောဂါလို့ သံသယ၀င်ပြီး အထွေထွေအထူးကုသမားတော်နဲ့ လွှဲပေးရတာမျိုး ရှိပါတယ်။ ဆေးပညာမှာ တစ်ခုနဲ့တစ်ခုက ဆက်နွှယ်နေတာပါပဲ။ ကျန်းမာရေးစောင့်ရှောက်မှု ပေးတယ်ဆိုကတည်းက ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ Social Wellbeing ဆိုပြီး အားလုံးကို စောင့်ရှောက်မှုပေးရတာပါ။ ဒါကြောင့် ဇက်ကြောတက်၊ ခေါင်းကိုက်တယ်ဆိုပြီး ဆရာတို့ဆီကို မျက်မှန်စမ်းဖို့ လူနာတွေ ရောက်လာတဲ့အခါ မျက်မှန်လည်းမလိုဘူး၊ မျက်စိရောဂါတွေလည်း မရှိဘူး၊ မျက်စိကြွက်သားတွေကလည်း အားကောင်းတယ်၊ အမြင်အာရုံကလည်း ကောင်းနေတယ်ဆိုရင် သမားတော်နဲ့ ခန္ဓာကိုယ်ကျန်းမာရေး စစ်ဆေးမှုကို ခံယူပါလို့ လွှဲပေးရပါတယ်။ ဒါတွေအားလုံးက ဆက်နွှယ်နေလို့ပါ။

Most Popular

Healthy Life Ad
To Top