Healthy Life Ad
Health Tips

အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ရောဂါ (IBS)

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ရောဂါ (IBS) ရောဂါဆိုတာ ဘာကိုခေါ်ပါသလဲ ဆရာ။

A. အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ရောဂါ (IBS-Irritable Bowel Syndrome)ဆိုတာက ၀မ်းပျက်လိုက်၊ ၀မ်းချုပ်လိုက်၊ ဗိုက်အောင့်လိုက် မကြာခဏ ဖြစ်ပေါ်နေတာကို IBS လို့ခေါ်ပါတယ်။

Q. အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ရောဂါ (IBS) ရောဂါရဲ့ လက္ခဏာတွေကို သိပါရစေ ဆရာ။

A. IBS လက္ခဏာတွေအနေနဲ့ ၀မ်းသွားတယ်၊ ၀မ်းအရည်တွေ ခဏခဏသွားတယ်၊ နောက်တစ်မျိုးက ၀မ်းချုပ်တတ်တယ်။ ၀မ်းသွားလိုက်-၀မ်းချုပ်လိုက် တလှည့်စီဖြစ်တာလည်း ရှိတယ်။ များသောအားဖြင့် ဗိုက်နာရင် ဒီရောဂါက ချက်ရဲ့အောက်ပိုင်းမှာ နာတတ်ပါတယ်။ အစာစားပြီးရင် ဗိုက်နာလာပြီး ၀မ်းသွားချင်စိတ် ပေါ်တတ်ပါတယ်။ ၀မ်းသွားပြီးရင်တော့ ဒီလက္ခဏာက သက်သာသွားတတ်ပါတယ်။ ဒါကြောင့် သူတို့က အိမ်သာကို ခဏခဏ သွားနေရပါတယ်။ တချို့တွေမှာဆိုရင် ဒီလိုအခြေအနေကြောင့် ကိုယ့်လုပ်ငန်းခွင်မှာတောင် အခက်အခဲတွေ့ရတဲ့အထိ ဖြစ်တတ်တယ်။ တချို့တွေကျတော့ လေပွတာ၊ ရင်ပြည့်တာလောက်ပဲ ခံစားရတာ ရှိပါတယ်။

Q. အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ရောဂါ (IBS) ရောဂါက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။

A. IBS ရောဂါ ဘာကြောင့်ဖြစ်ရသလဲဆိုတာ တိတိကျကျ မသိသေးပါဘူး။ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းကို လေ့လာထားချက်အရ တွေ့ရတာကတော့ IBS ရောဂါရှိသူရဲ့ အူမကြီးဟာ ပုံမှန်ထက် တုံ့ပြန်မှု လွန်ကဲနေတယ်၊ ဆိုလိုတာက သူ့ဝမ်းဗိုက်ထဲကို အစာရောက်လာရင် သာမန်အားဖြင့်တော့ အူတွေက ပုံမှန်ညှစ်ညှစ်ပြီး အစာကို အစာဟောင်းအိမ်ဆီရောက်အောင် ရွှေ့သွားပါတယ်။ ဒါပေမဲ့ IBS လူနာတွေမှာတော့ အပူအစပ်လေးပါသွားရင် အူက လှုပ်ရှားမှုမြန်ပြီး ဗိုက်လည်းအောင့်လာတယ်၊ ၀မ်းကလည်း လှုပ်ရှားမှုမြန်တော့ စုပ်ယူချိန်မရတဲ့အတွက် ၀မ်းအရည်တွေ သွားပါတယ်။

နောက်တစ်ခုက အူလှုပ်ရှားမှုကို ထိန်းသိမ်းတာက အာရုံကြောစနစ်ကြောင့် ဖြစ်တယ်၊ အာရုံကြောစနစ်နဲ့ အူလှုပ်ရှားမှုရဲ့ ကြားထဲမှာ အခက်အခဲပြဿနာလေးတွေ၊ ဓာတုပစ္စည်းဆိုင်ရာ ကူးလူးဆက်နွယ်မှု အပြောင်းအလဲတွေ ရှိတဲ့အခါ ၀မ်းသွားတာမမှန်ဘဲ ဖြစ်တတ်ပါတယ်။ ဦးနှောက်နဲ့ အစာခြေလမ်းကြောင်း ချိတ်ဆက်နေတဲ့ အာရုံကြောမှာ ပြဿနာရှိရင်လည်း IBS ရောဂါဖြစ်တတ်ပါတယ်။ နောက်တစ်ခုက အူတွေထဲမှာ သာမန်နေတဲ့ ဘက်တီးရီးယားပိုးတွေက အကြောင်းအမျိုးမျိုးကြောင့် များလာရင်လည်း အူလှုပ်ရှားမှုမမှန်တာ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက IBS ရောဂါဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်လို့ တွေ့ရတာကြောင့် ဟော်မုန်းတွေကလည်း IBS ရောဂါနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ မှန်းဆထားကြပါတယ်။ ဒီအကြောင်းရင်းလေးခုလုံးက သီအိုရီအနေနဲ့ပဲရှိပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာ အခုထက်ထိ တိတိကျကျ မပြောနိုင်သေးပါဘူး။

Q. အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ရောဂါ (IBS) ရောဂါလို့ ဘယ်လိုအခြေအနေမှာ သတ်မှတ်လေ့ ရှိပါသလဲ ဆရာ။

A. IBS ရောဂါက အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ ရောဂါမဟုတ်ဘူး၊ ဒါပေမဲ့ အလုပ်ပျက်အကိုင်ပျက်ဖြစ်ပြီး နေ့စဉ်ဘ၀မှာ အနှောင့်အယှက်ပေးတာတော့ ရှိပါတယ်။ IBS ရောဂါလက္ခဏာတွေကို ကြည့်မယ်ဆိုရင် အန္တရာယ်ရှိတဲ့ ရောဂါတွေရဲ့ လက္ခဏာတချို့နဲ့ ဆင်နေပါတယ်။ ဒါကြောင့် IBS လို့ သတ်မှတ်မယ်ဆိုရင်တော့ သူနဲ့လက္ခဏာဆင်တူတဲ့ ရောဂါတွေမဟုတ်ကြောင်းကို အရင်စစ်ဆေးဖို့ လိုပါတယ်။ ဥပမာပြောရရင် ၀မ်းခဏခဏ သွားတယ်ဆိုရင် ဒါက အစာနဲ့ဓာတ်မတည့်တာ (Food Allergy)လား၊ တချို့ဆိုရင် ကြက်သွန်စားပြီးရင် ဗိုက်ရစ်ရစ်ပြီးနာတယ်၊ ၀မ်းသွားတယ်၊ အပူအစပ်စားပြီးရင် ဗိုက်ရစ်နာပြီး ၀မ်း ၄-၅-၆ ခါ သွားတယ်။

တချို့အစာအိမ်နဲ့ဆိုင်တဲ့ ဆေးတွေစားပြီးရင် ၀မ်းသွားတတ်တဲ့ သူတွေကလည်း ဆေးကြောင့် လားဆန်းစစ်ဖို့ လိုတယ်။ တခါတလေ ၀မ်းသွားတာက အစာခြေအင်ဇိုင်းထုတ်လုပ် မှုအားနည်းပြီး ဖြစ်တာလား ဒါမှမဟုတ် အူသိမ်နဲ့ အူမကြီး ရောင်ရမ်းပြီး ဖြစ်တာလား စစ်ဆေးပေးဖို့ လိုပါတယ်။ ဒီရောဂါတွေ မဟုတ်ဘူးဆိုရင် နောက်ဆုံးအနေနဲ့ IBS ရောဂါကြောင့် ဖြစ်နိုင်တယ်ဆိုတာကို သတ်မှတ်ပေးဖို့ လိုပါတယ်။ ဒီရောဂါတွေ မဟုတ်ကြောင်း ပြသဖို့ဆိုရင် သွေးစစ်ဆေးမှုခံယူဖို့ လိုသလို ၀မ်းလည်း စစ်ပေးရပါမယ်။ အသက်အရွယ်ရတဲ့ သူတွေမှာ အစာအိမ်နဲ့ အူမကြီး မှန်ပြောင်းကြည့်ရှုစစ်ဆေးတဲ့အထိ လုပ်ဖို့လိုပါတယ်။ အားလုံးစစ်ပြီးတော့ ဘာအခြေခံရောဂါမှ မရှိဘူးဆိုရင် IBS ရောဂါဖြစ်နိုင်တယ်လို့ သတ်မှတ်ပြီး ကုသမှုကို ဆက်လက်စဉ်းစားရပါမယ်။

Q. IBS ရောဂါဖြစ်ရင် ဘယ်လိုကုသသင့်ပါသလဲ။ ဘာဆေးသောက်ရမလဲ ဆရာ။

A. IBS ရောဂါဖြစ်နေလို့ ဒီဆေးသောက်၊ ပျောက်မယ်ဆိုတဲ့ ဆေးမျိုး မရှိပါဘူး။ ရောဂါလက္ခဏာနဲ့ ရောဂါဖြစ်စေတဲ့ အကြောင်းတရားတွေပေါ် မူတည်ပြီး ကုသမှုပေးရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန်တစ်ယောက်တည်း ကုသလို့ မရပါဘူး။ ဆရာဝန်နဲ့ လူနာပူးပေါင်းပြီး ပေါ်လာတဲ့ လက္ခဏာတွေက ဘယ်အကြောင်းအရာတွေကြောင့်လဲ၊ ဘယ်အစားအသောက်တွေကြောင့်လဲဆိုတာ ဆန်းစစ်ပြီး ရှောင်ရှားမှသာ သက်သာမှာ ဖြစ်ပါတယ်။

Q. အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ရောဂါ (IBS) ရောဂါဖြစ်ရင် ဘယ်လိုအစားအသောက်တွေ စားပြီး ဘယ်လိုအစားအသောက်တွေကို ရှောင်သင့်ပါသလဲ ဆရာ။

A. အထူးသဖြင့် အစားအသောက်တွေထဲမှာဆိုရင် ကဖင်း (ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ)က အူလှုပ်ရှားမှု မြန်စေဖို့ ဆင်ခြင်ရမယ်။ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းကိုလည်း ရှောင်သင့်ပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို လျှော့ချသင့်ပါတယ်။ ငရုတ်ကောင်း၊ ကြက်သွန်နီ၊ ၀ိုင်နီ၊ ဂျုံ၊ နွားနို့တွေက IBS ရောဂါရှိသူ အတော်များများကို ပိုဆိုးစေလို့ သတိထားရပါမယ်။ စားသောက်သင့်တာတွေကတော့ အသီးအရွက်၊ အသီးအနှံ၊ အစေ့အဆန်၊ အခွံမာသီး စားပေးသင့်ပါတယ်။ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်၊ တိုဟူး၊ ဒိန်ချဉ်၊ ပေါင်မုန့်တွေကို စားလို့ရပါတယ်။

ရေကို တစ်နေ့ဖန်ခွက်နဲ့ လေးခွက်လောက် သောက်ပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားဖို့နဲ့ စိတ်အေးအေးထားဖို့ လိုပါတယ်။ အားကစားတစ်ခုခု လုပ်တာက စိတ်ဖိစီးမှု လျော့ကျစေလို့ လိုက်နာသင့်ပါတယ်။ ဆေးဝါးအနေနဲ့ ကိုယ်ခံစားရတဲ့ လက္ခဏာအလိုက် ဥပမာ-၀မ်းလျှောတဲ့လက္ခဏာ အဖြစ်များရင် အူလှုပ်ရှားမှု နည်းစေမယ့်ဆေးတွေ၊ ၀မ်းလျှောသက်သာစေမယ့် ဆေးတွေ ပေးပြီး ကုသပါတယ်။ ဗိုက်အောင့်ရင်လည်း အူညှစ်တာကို သက်သာစေတဲ့ ဆေးတွေ၊ အူလှုပ်ရှားမှုလျော့စေတဲ့ ဆေးတွေအပြင် စိတ်ကျရောဂါမှာပေးတဲ့ ဆေးတချို့ကိုလည်း ပေးရပါတယ်။ သက်ဆိုင်ရာ ကိုယ်ခံစားရတဲ့ လက္ခဏာတွေအလိုက် ဆေးတွေကို ပေးရမှာ ဖြစ်ပါတယ်။

Q. IBS ရောဂါနဲ့ ပတ်သက်ပြီး ထပ်မံပြောကြားလိုတာရှိရင် ပြောပြပေးပါ ဆရာ။

A. IBS ရောဂါနဲ့ ပတ်သက်ပြီး ဘာကြောင့်ဖြစ်လဲရှာပြီး အဲဒါကို ရှောင်ရပါမယ်။ ကိုယ်ဝမ်းတစ်ခါ သွားတာနဲ့ ဘာဆေးသောက်ရမလဲဆိုတာကို မစဉ်းစားဘဲနဲ့ ဘာကြောင့် ၀မ်းသွားတာလဲ၊ ဘာစားမိလို့လဲဆိုတာ ဆန်းစစ်ပြီး ဆင်ခြင်ရပါမယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ရောဂါသတ်မှတ်ဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top