Healthy Life Ad
Q & A

ခရမ်းလွန်ရောင်ခြည်နှင့် အရေပြား

—၊ ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) ၊—

Q. ခရမ်းလွန်ရောင်ခြည်အကြောင်း ရှင်းပြပေးပါ ဆရာ။

A. နေရောင်ခြည်လို့သာ ခြုံငုံပြီး ခေါ်နေကြပေမယ့် အဲဒီရောင်ခြည်ထဲမှာ လူတွေရဲ့ မျက်စိနဲ့မြင်ရတဲ့ ရောင်ခြည်တွေနဲ့အတူ မမြင်နိုင်တဲ့ ရောင်စဉ်ရောင်တန်းတွေလည်း အများကြီးပါဝင်ပါတယ်။ အဲဒီ မမြင်နိုင်တဲ့ အရာတွေထဲမှာ ခရမ်းလွန်ရောင်ခြည်ဆိုတာလည်း ပါတာပေါ့။

Q. ခရမ်းလွန်ရောင်ခြည် ဘယ်နှမျိုးရှိပါသလဲ ဆရာ။

A. ရောင်ခြည်ကို လှိုင်းရဲ့အကျယ်ပေါ်မူတည်ပြီး သုံးမျိုးသုံးစား ခွဲခြားထားပါတယ်။ အဲဒီအကျယ်ကိုလည်း နာနိုမီတာဆိုတဲ့ ယူနစ်နဲ့ တိုင်းတာပါတယ်။ ပြောရရင် တစ်နာနိုမီတာဆိုတာ တစ်မီတာရဲ့တစ်ဘီလျံပုံ တစ်ပုံသာ ရှိပါတယ်။ ခရမ်းလွန်ရောင်ခြည် သုံးမျိုးထဲမှာ အေအမျိုးအစားဟာ လှိုင်းအရှည်ဆုံးပါ။ ၃၁၅ ကနေ ၄၀၀ နာနိုမီတာရှိပြီး စီအမျိုးအစားကတော့ အတိုဆုံးပါ။ လှိုင်းအရှည် ၂၇၀ ကနေ ၂၉၀ နာနိုမီတာအတွင်းမှာ ရှိပါတယ်။ တကယ်တော့ အာကာသထဲက အိုဇုန်းလွှာကြီးက စုပ်ယူကာကွယ်လိုက်လို့ ခရမ်းလွန်ရောင်ခြည်စီဟာ မြေပြင်ကို လုံးဝမရောက်သလောက်ပါပဲ။ ဒီရောင်ခြည်က အတော်အန္တရာယ် ပေးနိုင်တာမို့ အိုဇုန်းလွှာကို ကျေးဇူးတင်ရမှာပါ။ နောက်ပြီး ခရမ်းလွန်ရောင်ခြည်ဘီရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကိုလည်း စုပ်ယူပေးပါတယ်။ ခရမ်းလွန်ရောင်ခြည်ဘီဟာလည်း အသားအရေကို အတော်ပျက်စီးစေတာကြောင့် နည်းနည်းလေးပဲ မြေပြင်ရောက်လာတာမို့ တော်ပါသေးတယ်။ ဒါပေမဲ့ လှိုင်းရှည်တဲ့ ခရမ်းလွန်ရောင်ခြည်အေကိုတော့ အိုဇုန်းလွှာက မတားဆီးနိုင်ပါဘူး။ ဒီတော့ ခြုံပြောရရင် လူသားတွေရဲ့ ထိတွေ့မှုအများဆုံးက ခရမ်းလွန်ရောင်ခြည်အေ ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်ဘီနဲ့ ထိတွေ့မှုက နည်းတယ်လို့ ဆိုနိုင်ပါတယ်။

Q. ခရမ်းလွန်ရောင်ခြည်က အရေပြားကို ဘယ်လိုဆိုးကျိုးတွေ ပေးနိုင်ပါသလဲ ဆရာ။

A. ခရမ်းလွန်ရောင်ခြည် အေနဲ့ဘီဟာ အရေပြားကို ထိခိုက်ပြောင်းလဲမှုတွေ ဖြစ်စေတာမှန်ပေမယ့် တချို့ကိစ္စတွေမှာ အေကြောင့်ဖြစ်ရသလို တချို့ကိစ္စတွေမှာ ဘီကြောင့်ပဲဖြစ်တာပါ။ ဒုက္ခပေးပုံပေးနည်း မတူညီပါဘူး။ ဒါပေမဲ့ ရှုပ်ထွေးသွားမှာမို့ ခြုံငုံပြီးတော့ပဲ ပြောပါရစေ။ နီရဲပြီး နေလောင်တာ၊ အဖုအပိမ့်အင်ပျဉ်တွေထွက်ပြီး ယားတာ၊ အသားအရေ ညိုမည်းတာ၊ ရင့်ရော်ပြီး အိုစာတဲ့အသွင်ပေါက်စေတာ၊ အရေပြားရဲ့ ကိုယ်ခံအားကျစေတာ၊ အရေပြားကင်ဆာဖြစ်စေတာ စသဖြင့် စုံလို့ပါ။ တချို့အရေပြားရောဂါ (ဥပမာ-အေတိုးပစ်နှင်းခူ၊ ဆိုရီယေးစစ်၊ ၀က်ခြံ၊ အရေပြားလေးဖက်နာ)ဟာလည်း ခရမ်းလွန်ရောင်ခြည်ကြောင့် ပိုဆိုးစေပါတယ်။

“ အရိပ်ရသစ်ပင်တွေက ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးသလို အသီးအနှံတွေကလည်း အဲဒီရောင်ခြည်ကို ခုခံကာကွယ်ပေးဖို့ တစ်နည်းတစ်ဖုံ အထောက်အကူပြုပါတယ်။ သစ်သီးသစ်ဥတွေမှာ ပါဝင်တဲ့ အာဟာရတွေဟာ ခရမ်းလွန်ရောင်ခြည်ကို အနည်းအကျဉ်း ကာကွယ်ပေးနိုင်ပါတယ်။”

နောက်ပြီး တချို့စားဆေးသောက်ဆေး(ဥပမာ အဆီကျဆေးတချို့၊ ၀က်ခြံပျောက်ဆေးတချို့၊ အနာကြီးရောဂါပျောက်ဆေးတချို့)တွေဟာလည်း သုံးစွဲသူကို ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများတဲ့အခါ ယားတာ၊ အသားရောင်ရင့်တာ၊ ရဲတာ စသဖြင့် ဒုက္ခပေးတတ်ပါတယ်။ ဒါပေမဲ့လည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်စီကိုတော့ ခရမ်းလွန်ရောင်ခြည်နဲ့ အရေပြားထိတွေ့ပါမှ အရေပြားထဲက ထုတ်ပေးတာပါ။ လူတစ်ယောက်ဟာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်ဒီကို ရရှိဖို့ နေရောင်ခြည်နဲ့ အနည်းဆုံးနာရီဝက်လောက် ထိတွေ့ဖို့တော့ လိုပါတယ်။

Q. ခရမ်းလွန်ရောင်ခြည်ကို အရေပြားပေါ် မကျရောက်အောင် ဘယ်လိုတားဆီးနိုင်ပါသလဲ ဆရာ။

A. ခရမ်းလွန်ရောင်ခြည်တွေကို လူတွေထိတွေ့မှုနည်းအောင် သဘာဝကဖန်တီးပေးတဲ့ အခုအခံတွေလည်း ရှိပါတယ်။ ဥပမာ မိုးတိမ်တွေပေါ့။ တိမ်တွေသိပ်ထူနေရင် ခရမ်းလွန်ရောင်ခြည်ဟာ ၃၁ ရာခိုင်နှုန်းပဲ မြေပြင်ကို ကျရောက်နိုင်ပါတယ်။ တိမ်ပါးရင်တော့ ၈၉ ရာခိုင်နှုန်းလောက်အထိ အောက်ကိုဆင်းလာပြီး တိမ်လုံးဝကင်းစင်နေတဲ့ နေ့ဆိုရင်တော့ ရာနှုန်းပြည့်ကို မြေပြင်ပေါ် ရောက်လာနိုင်ပါတယ်။ မီးခိုးတွေ၊ ဖုန်တွေ၊ ပြာမှုန့်တွေကြောင့် ဖြစ်ရတဲ့ လေထုညစ်ညမ်းမှုဟာ တစ်ဖက်တစ်လမ်းကကြည့်ရင် ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်ပေးထားနိုင်တယ်လို့ ဆိုပါတယ်။ အဆိုးထဲက အကောင်းလို့တောင် ပြောရမှာပါ။ နောက်ထပ် သဘာဝအတားအဆီး တစ်ခုကတော့ သစ်ရိပ်ဝါးရိပ်ပါ။ သစ်ပင်တစ်ပင်ရဲ့အရိပ်အာဝါသပေးနိုင်မှု အတိုင်းအတာပေါ် မူတည်ပြီး နေရောင်ခံနိုင်စွမ်းအား (Sun Protection Factor) အဆင့် ၄ ကနေ အဆင့် ၅၀ အထက်တောင် ရှိနိုင်ပါတယ်။ ဥပမာပေးရရင် အရိပ်ကောင်းတဲ့ ညောင်ပင်ကြီးတွေ၊ မန်ကျည်းပင်ကြီးတွေ၊ ဗာဒံပင်တွေပေါ့။ ဒါကြောင့် သစ်တောသစ်ပင်တွေဟာ ခရမ်းလွန်ရောင်ခြည်ကာကွယ်ရေးမှာ အတော်အရေးပါပါတယ်။ တိတိကျကျပြောရရင် အရိပ်ကောင်းကောင်းမှာနေရင် ခရမ်းလွန်ရောင်ခြည်ရဲ့ ၅၀ ရာခိုင်နှုန်းကို ကာကွယ်နိုင်ပါတယ်။ ထီးမိုး၊ ထီးဆောင်းတာတောင် နေရောင်ခြည်ကို အနည်းငယ်ပဲ အကာအကွယ်ပေးနိုင်တာပါ။ သဘာဝအရိပ်ကို ဘယ်လိုမှမမီပါဘူး။

Q. သဘာဝအတားအဆီးတွေအပြင် ခန္ဓာကိုယ်ကရော တားဆီးနိုင်ပါသလား ဆရာ။

A. သဘာဝအတားအဆီးတွေကို ဖြတ်ကျော်ဝင် ရောက်လာတဲ့ ခရမ်းလွန်ရောင်ခြည်ကို အရေပြားကလည်း ခံစစ်ကြောင်းနဲ့ ခုခံပေးပါတယ်။ ခရမ်းလွန်ရောင်ခြည်ဘီဟာ အရေပြားရဲ့ အပေါ်လွှာမှာပဲ အဆုံးသတ်သွားပါတယ်။ အောက်အထိ ထဲထဲဝင်ဝင် မသွားနိုင်ပါဘူး။ ဒါပေမဲ့ ခရမ်းလွန်ရောင်ခြည် အေကတော့ အရေပြားရဲ့ အလယ်လွှာထဲအထိ ဖောက်ဝင်နိုင်ပါတယ်။ လူတစ်ယောက်မှာ အရေပြားထူတဲ့ နေရာက ခရမ်းလွန်ရောင်ခြည်ကို ပိုပြီး တားဆီးပေးနိုင်ပြီး ပါးတဲ့နေရာကတော့ အလွယ်တကူ ၀င်ရောက်သွားနိုင်ပါတယ်။ ဥပမာ- လက်ဖျံက မျက်နှာနဲ့လည်ပင်းထက် ပိုပြီး အရေထူတာမို့ ရောင်ခြည်ဒဏ်ကို ပိုပြီး ခံနိုင်ပါတယ်။ နောက်ပြီး အရေပြားထဲမှာ ခရမ်းလွန်ရောင်ခြည်စွမ်းအင်ကို စုပ်ယူဖျက်ဆီးပေးနိုင်တဲ့ ဓာတ်ပစ္စည်းတွေ အမြောက်အမြားရှိပါတယ်။ မယ်လနင် (Melanin)၊ Tryptophan Tyrosine၊ Dineucleotide စတဲ့ ပရိုတင်းဓာတ်တွေပါ။

ဒီပစ္စည်းတွေထဲမှာ အရေးကြီးဆုံးအဓိက ဇာတ်ကောင်ကတော့ မယ်လနင်ဓာတ်ပါပဲ။ မယ်လနင်ဆိုတာ ညိုညစ်ညစ်အရောင်ရှိတဲ့ အရေပြားဆိုးဆေးပါ။ သူက အရေပြားကလာပ်စည်း တစ်ခုချင်းစီကို ထီးလိုမိုးပေးပြီး ရောင်ခြည်ကို ကာကွယ်ပေးထားတာပါ။ မယ်လနင်များများရှိလေ၊ ခရမ်းလွန်ရောင်ခြည်ကို ပိုပြီးကာကွယ်ပေးလေလေပါ။ ရှင်းအောင်ပြောရရင် အသားမည်း၊ အသားညိုတဲ့သူတွေက နေရောင်ခြည်ကို ပိုပြီးခံနိုင်ပေမယ့် အသားဖြူသူတွေကတော့ မခံနိုင်ရှာပါဘူး။ နေနည်းနည်းထိတာနဲ့ အသားလောင်ပါလေရော။ ဒီတော့ အသားဖြူတိုင်းလည်း မကောင်းဘူးဆိုတာ သတိချပ်ရမှာပါ။

Q. ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ အသီးအနှံတွေကော ရှိပါသလား ဆရာ။

A. အရိပ်ရသစ်ပင်တွေက ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးသလို အသီးအနှံတွေကလည်း အဲဒီရောင်ခြည်ကို ခုခံကာကွယ်ပေးဖို့ တစ်နည်းတစ်ဖုံ အထောက်အကူပြုပါတယ်။ သစ်သီးသစ်ဥတွေမှာ ပါဝင်တဲ့ အာဟာရတွေဟာ ခရမ်းလွန်ရောင်ခြည်ကို အနည်းအကျဉ်း ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာ ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပင်း(Lycopene)ဟာ နေရောင်ခြည်ကို ကာကွယ်နိုင်စွမ်းအား SPF (Sun Protection Factor) အဆင့်သုံးတောင် ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုပါပဲ။ မုန်လာဥအနီ၊ ငရုတ်ပွသီး၊ သင်္ဘောသီးတို့မှာ အဓိကပါတဲ့ ဘီတာကယ်ရိုတင်း (Beta Carotene) ဓာတ်ဟာလည်း ခရမ်းလွန်ရောင်ခြည်ကို ခုခံစုပ်ယူပေးနိုင်ပါတယ်။ နောက်ပြီး အသီးအနှံတွေမှာပါတဲ့ လူတင် (Lutein)၊ ဇီယာဇံသင် (Zeaxanthin)၊ ပေါ်လီဖီနော (Polyphenol) စတဲ့ အာဟာရတွေဟာလည်း နေရောင်ခြည်ကို ခုခံပေးနိုင်ကြပါတယ်။ ဒါကြောင့် နေပူနဲ့ မကင်းသူတွေဟာ အသီးအနှံတွေ များများစားသင့်သလို အဲဒီအာဟာရတွေ ပါဝင်တဲ့ အားဆေးတွေကိုလည်း မှီဝဲသင့်ပါတယ်။ ပေါ်လီဖီနောဓာတ်ဟာ ပျားရည်၊ ၀ိုင်နီ၊ ချောကလက်၊ လက်ဖက်စိမ်း(Green Tea)စတဲ့ စားသောက်ဖွယ်ရာတွေမှာလည်း များများစားစား ပါဝင်ပါတယ်။ ပြောရရင် ရေနွေးကြမ်းသောက်တာဟာ နေရောင်ခြည်ကို တစ်ဖက်တလမ်းက ကာကွယ်ပေးတယ်လို့တောင် ပြောနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top