Healthy Life Ad
Health Tips

မိန်းကလေးခြေထောက်တွေ၊ ဖိနပ်တွေကို စွဲလန်းနေလို့ပါ(သို့မဟုတ်) အစွဲအလန်းကြီးရောဂါ

—၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။ ၊—

Q. ကျွန်တော်တစ်ခုလောက် သိချင်လို့ပါ။ မိန်းကလေးခြေထောက်တွေ၊ ဖိနပ်တွေကို စွဲလန်းတာက စိတ်ရောဂါလို့ ပြောလို့ရပါသလား။ google မှာရှာကြည့်တာကျတော့ ပုံမှန်မဟုတ်တဲ့စိတ်လို့ ရေးထားတာ တွေ့လို့ပါ။ ဘယ်လိုလုပ်ရင် ပျောက်နိုင်မလဲ။ အဲ့လိုဖြစ်တဲ့သူတွေရော ရှိပါသလား။ ကျွန်တော်တစ်ယောက်တည်း ဖြစ်နေတာလား။ မိန်းကလေးခြေထောက်တွေကို လိုက်ကြည့်မိပြီး တခါတလေ နမ်းချင်တာ၊ သူတို့ဖိနပ်တွေကို ကိုင်ချင်တာ၊ နမ်းချင်တာတို့ ဖြစ်လာလို့ပါ။ အဲဒီစိတ်ကို ဘယ်လိုဖြေဖျောက်ရမလဲ ဆရာ။ တခါတလေ စိတ်ဓာတ်တွေလည်း ကျမိပါတယ်။ ကြိုးစားပြီး ဖြေဖျောက်တယ်၊ တခြားဟာတွေ လျှောက်လုပ်တယ်။ မရပါဘူး။ ကူညီပေးပါဦး။
NN(FB)

A. ဒီမေးခွန်းကို ချင့်ချိန်စဉ်းစားကြည့်တော့ “ အစွဲအလန်းကြီး ထပ်တလဲလဲပြုမူရောဂါ” ( Obsessive Compulsive Disorder)(OCD)လို့ ယူဆမိပါတယ်။ ရှင်းပြပါမယ်။ OCD ရောဂါရဲ့ အဓိကလက္ခဏာကတော့ အတွေးတစ်ခုခုက စိတ်ထဲမှာ အလိုအလျောက် ထပ်တလဲလဲ ဖြစ်ပေါ်နေခြင်းပါ။ OCD အတွေးမှာ တွေ့ရှိရတဲ့ သင်္ကေတလက္ခဏာတွေ ရှိပါတယ်။

(က) အတွေးတွေက ကာယကံရှင် လိုလိုလားလား စတင်တွေးတောလို့ ပေါ်ပေါက်လာတာ မဟုတ်ဘူး။ ထောင့်တစ်နေရာက ထိုးထွင်းပေါ်ထွက်လာတာမျိုး ဖြစ်တယ်။

(ခ) ကာယကံရှင်က မတွေးချင်ပေမယ့် ဖြစ်ပေါ်လာတဲ့ အတွေးစိတ်က ကာယကံရှင်ရဲ့စိတ်၊ ကာယကံရှင်ရဲ့ အတွေးဆိုတာ သိတယ်။

(ဂ) အဲလိုအလိုအလျောက် ဖြစ်ပေါ်လာတဲ့ အတွေးကို ကာယကံရှင်က လက်မခံချင်ဘူး။ ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ အောင်မြင်မှုမရှိဘူး။ အတွေးတွေက ပင်လယ်ပြင်ဘက်ကလာတဲ့ ရေလှိုင်းတွေလိုပဲ။ ရှေ့ကအတွေးပျောက်သွားရင် အလားတူအတွေးက နောက်ကထပ်ပြီး လိုက်လာမယ်။

(ဃ) OCD အတွေးလှိုင်းတွေ ရိုက်ခတ်ခံရတော့ ကာယကံရှင်က စိတ်ဖိစီးမှု ခံစားရမယ်။ စိတ်တင်းကျပ်လာမယ်။ အနေရအထိုင်ရ ခက်လာမယ်။ တစ်ခုခုလုပ်လိုက်ရမှ အတွေးက ခေတ္တပျောက်သွားပြီး စိတ်ပေါ့ပါးသွားသလို ရှိတယ်။

(င) ဒါကြောင့် OCD အတွေးပေါ်ပေါက်လာတိုင်း စိတ်သက်သာမှုရရှိအောင် တစ်ခုခုလုပ်နေတာက ထပ်တလဲလဲ ဖြစ်လာပါတယ်။

NN ခံစားနေရတဲ့ “ မိန်းကလေးခြေထောက်ကို နမ်းချင်တာ၊ မိန်းကလေးဖိနပ်ကို ကိုင်ချင်နမ်းချင်တာ” က OCD လက္ခဏာ ဖြစ်နိုင်ပါတယ်။ OCD ရောဂါမှာ ထပ်တလဲလဲ အလိုအလျောက် ပေါ်ပေါက်လာတဲ့ အတွေးအမျိုးအစား (၄) မျိုးရှိတယ်။

(၁) တစ်ခုခု အန္တရာယ်ဖြစ်မှာကြောက်စိတ် (Fear)။ ဥပမာ-လက်တွေက မသန့်ရှင်းဘူး၊ ညစ်ပတ်ပေကျံနေတယ်။ ရောဂါရတော့မယ်ဆိုတဲ့ အတွေးမျိုး။ ဒါကြောင့် မကြာခဏ လက်ဆေးတဲ့အပြုအမူ ဖြစ်ပေါ်လာမယ်။

(၂) မသေချာမရေရာစိတ်၊ မဝေခွဲနိုင်စိတ်၊ လုပ်သင့်တာ မလုပ်မိခဲ့လို့ အန္တရာယ်ဖြစ်တော့မယ်လို့ ထင်မြင်လာတဲ့ သံသယစိတ် (Doubts)။ ဥပမာ- အိမ်တံခါးသော့ မခတ်မိဖူးလို့ သံသယစိတ်ဝင်လာတာမျိုး။ ဒါကြောင့် သော့ခတ်ပြီးပေမယ့် စိတ်ထဲမှာ မသေချာလို့ အကြိမ်ကြိမ်ပြန်ပြီး စစ်ဆေးရတာ ရှိမယ်။

(၃) စည်းကမ်းကျကျ၊ အစီအစဉ်အတိုင်း တသွေမတိမ်း အသေးစိတ်လုပ်ခြင်း (Need For Oderliness)က တတိယအမျိုးအစား OCD ပါ။ ဒါကြောင့် ကာယကံရှင် ဘာပဲလုပ်လုပ် အလွန်နှေးကွေးမယ်။ အလုပ်မတွင်ကျယ်တော့ဘူး။

(၄) စတုတ္ထ OCD လက္ခဏာအမျိုးအစားကတော့ တစ်ခုခုကို လိုက်လိုက်ချင်တဲ့ စိတ်ဆန္ဒစေ့ဆော်မှု A ဖြစ်ပါတယ်။ ဥပမာ-ဘာအကြောင်းမှမရှိဘဲ တစ်စုံတစ်ယောက်ကို ရိုက်ချင်စိတ်၊ ဒါမှမဟုတ် ဘုရားတရား ရဟန်းသူတော်စင်ကို ပြစ်မှားပြောဆိုချင်တဲ့ စေ့ဆော်မှု၊ ဒါမှမဟုတ် NN ခံစားနေရသလို လိင်သဘောပါတဲ့ အပြုအမူကို လုပ်ချင်စိတ် စတာတို့ပါ။

OCD ရောဂါက တစ်သက်တာအတွင်း လူတစ်ရာမှာ ၂ ယောက်နှုန်း ဖြစ်ပွားတယ်။ လိင်ကိစ္စစေ့ဆော်မှု လက္ခဏာကို OCD ရောဂါရှိသူ ၂၆ ရာခိုင်နှုန်းခန့်မှာ တွေ့ရှိရတယ်။ NN ရဲ့ ဝေဒနာက လိင်သွေဖည်ရောဂါတစ်မျိုးဖြစ်တဲ့ “ သက်မဲ့ပစ္စည်းချစ်ရောဂါ” (Fetishism)နဲ့ မှားနိုင်တယ်။ အဲဒီရောဂါမှာ မိန်းမသုံးပစ္စည်း (အတွင်းခံဘောင်းဘီ၊ ဘရာစီယာ၊ ဖိနပ်) တစ်ခုခုက ကာယကံရှင်ကို လိင်ဆန္ဒတက်ကြွစေတယ်။ အဲဒီလိုပစ္စည်းကို အသုံးပြုပြီး ကာယကံရှင်က မိမိဘာသာ လိင်စိတ်ဖြေဖျောက်တတ်ပါတယ်။ မိန်းမဖိနပ်နမ်းချင်စိတ်ကို NN က လက်မခံဘူး။ လိင်ဆန္ဒဖြေဖျောက်ချင်တဲ့ စိတ်ဆန္ဒနဲ့ နမ်းချင်တာမဟုတ်ဘူး။ ဒီတော့ လိင်သွေဖည်ရောဂါတော့ ဟုတ်မယ်မထင်ပါဘူး။

OCD လက္ခဏာက တခြားစိတ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်တယ်။ ဥပမာ-စိတ်ကျရောဂါ၊ စိတ်ကစဥ့်ကလျားရောဂါတွေမှာ OCD လက္ခဏာ ပူးတွဲဖြစ်ပွားတာ တွေ့ရမယ်။ ဥပမာ-စိတ်ကစဥ့်ကလျားရောဂါမှာ လူနာရဲ့စိတ်ကို ပြင်ပတန်ခိုးရှင် ဒါမှမဟုတ် စွမ်းအင်တစ်ခုခုက လွှမ်းမိုးကြိုးကိုင်ထားတယ်လို့ ခံစားရတယ်။ ဒါကြောင့် လူနာက မတွေးပေမယ့် စေ့ဆောမှုတစ်ခုခု ခံစားရတယ်။ တစ်စုံတစ်ယောက်ကို ထရိုက်လိုတဲ့ စေ့ဆော်မှု၊ လမ်းမှာတွေ့တဲ့ မိန်းကလေးကို ဗလက္ကာရပြုချင်တဲ့စိတ် စတာတွေကို စွမ်းအင် (Impulse) လို့ခေါ်တယ်။ ဒါပေမဲ့ အဲဒီလို စေ့ဆော်မှုကို လူနာက လက်ခံတယ်။ ဖျောက်ဖျက်ပစ်ဖို့ မကြိုးစားဘူး။ NN စိတ်ဓာတ်ကျလာတာက OCD ရောဂါရဲ့ဒဏ်ကြောင့် ဖြစ်မယ်။ စိတ်ကျရောဂါကြောင့် OCD လက္ခဏာရှိတာ ဟုတ်မယ်မထင်ဘူး။ ဒါပေမဲ့ ဘယ်ရောဂါက ရှေးဦးဖြစ်ပွားတာဖြစ်ဖြစ် စိတ်ကျရောဂါ လက္ခဏာတွေ ပိုမိုများပြားလာရင် ပူးတွဲကုသဖို့တော့ လိုလိမ့်မယ်။

ဒီတော့ NN ဘာလုပ်သင့်သလဲ။ ပထမဆုံး လုပ်သင့်တာက ဆရာဝန်နဲ့ စစ်ဆေးရမယ်။ OCD ရောဂါက ခန္ဓာကိုယ်ရောဂါ တစ်ခုခုကြောင့် ဖြစ်ပွားနိုင်တယ်။ ဥပမာ-အဆစ်ရောင်ဖျားနာ (Rheumatic Fever)ကြောင့် ဦးနှောက်ထိခိုက်ရင် အကြောဆွဲရောဂါတစ်မျိုး (Sydenham’s Chorea) ဖြစ်ပွားတတ်တယ်။ အဲဒီရောဂါမှာ OCD လက္ခဏာ တွေ့ရှိရတယ်။
ဆရာဝန်နဲ့ စမ်းသပ်ကုသခံဖို့ လိုတဲ့အကြောင်းရင်း တစ်ခုရှိသေးတယ်။ စိတ်ရောဂါကုသဆေးသောက်ဖို့ လိုလို့ပါ။ OCD ရောဂါကို ကုသရင် စိတ်ကျရောဂါကုသဆေးနဲ့ စိတ်ကုထုံး ပူးတွဲကုသပေးရတယ်။ Serotonin အာနိသင်များတဲ့ စိတ်ကျရောဂါ ကုသဆေး (ဥပမာ-SSRI အနွှယ်ဝင်၊ Fluoxetine၊ Sertraline,Fluvoxamine ဆေးမျိုးနဲ့ Clomipramine ဆေး)ကို အသုံးပြုတယ်။ ဆေးကြောင့် OCD ရောဂါလက္ခဏာ ၅၀ ရာခိုင်နှုန်း သက်သာပျောက်ကင်းတာ တွေ့ရှိရတယ်။

စိတ်ကျန်းမာရေးဆရာဝန်နဲ့ ကုသဖို့ လိုသလားလို့ NN သိချင်လိမ့်မယ်။ သြစတြေးလျနိုင်ငံမှာတော့ OCD ရောဂါကို စိတ်ကျန်းမာရေးဌာနမှာ ပမာဏ ကုသခံပါတယ်။ OCD နဲ့ ပူးတွဲဖြစ်ပွားတဲ့ တခြားစိတ်ရောဂါရှိ၊ မရှိကိုပါ စစ်ဆေးစမ်းသပ်ခွင့်ရမယ်။ OCD ရောဂါရှိရင် ၆၇ ရာခိုင်နှုန်းမှာ စိတ်ကျရောဂါရှိတယ်။ ၂၅ ရာခိုင်နှုန်းက လူကြောက်လူရှောင်ရောဂါ (Social Phobia) ရှိတတ်တယ်။ စိတ်ကုထုံးနဲ့ ကုသဖို့အတွက် စိတ်ကျန်းမာရေးဆရာဝန် ဒါမှမဟုတ် စိတ်ပညာရှင်ရဲ့ ညွှန်ကြားပြသမှုလည်း လိုအပ်ပါတယ်။ OCD ရောဂါမှာ အသုံးပြုတဲ့ စိတ်ကုထုံးကုနည်း တချို့ကို ပြောပြမယ်။

(က) Exposure and Response Prevention- OCD စိတ်ပွားများလာအောင်လုပ်-ထပ်တလဲလဲ အပြုအမူကို ထိန်းချုပ်ထား” ဆိုတဲ့ ကုထုံးရှိတယ်။ လက်တွေ ညစ်ပေနေတယ်ထင်လို့ မကြာခဏ လက်ဆေးတဲ့ OCD ရောဂါအတွက် အသုံးပြုတာများတယ်။ လက်ကို ပိုမိုညစ်ပတ်ပေကျံလာအောင် မသန့်ရှင်းတဲ့ အ၀တ်နဲ့ ပွတ်တိုက်ပေးပြီး လက်မဆေးဘဲ တင်းခံနေရတဲ့နည်း ဖြစ်ပါတယ်။ NN ခံစားနေရတဲ့ OCD လက္ခဏာဆိုရင် ဘာလုပ်နိုင်သလဲ။ NN ရဲ့ ဝေဒနာမှာ ထပ်တလဲလဲပြုလုပ်တဲ့ အပြုအမူတွေတော့ မရှိဘူး။ အဲလိုဆိုတော့ ဘယ်လိုလေ့ကျင့်မလဲ။ မိန်းကလေးဖိနပ်ကို စိုက်ကြည့်နေ၊ နမ်းချင်တဲ့ စေ့ဆော်မှုတွေ ပေါ်လာလိမ့်မယ်။ ရှောင်မပြေးနဲ့။ စိတ်တင်းကျပ်လာလိမ့်မယ်။ တခြားလွှဲပြီး ဘာမှမလုပ်နဲ့။ ဖိနပ်ကိုစိုက်ကြည့်ပြီး တစ်နာရီကျော်- ၂ နာရီကြာတဲ့အထိ လေ့ကျင့်ရမယ်။ ကြာလာရင် ဘာဖြစ်လာမလဲ။ တင်းကျပ်နေတဲ့စိတ်တွေ လျော့ကျ သွားလိမ့်မယ်။ ဖိနပ်ကိုနမ်းချင်တဲ့ စေ့ဆော်မှု သက်သာလာလိမ့်မယ်။ လေ့ကျင့်ဖန်များရင် ဖိနပ်ကိုနမ်းချင်တဲ့ စိတ်လျော့နည်းလာနိုင်ပါတယ်။ နည်းစနစ်မှန်အောင် ပညာရှင်က ကြပ်မတ်ပေးဖို့တော့ လိုလိမ့်မယ်။

(ခ) OCD အတွေး(Obessions)သာရှိပြီး ထပ်တလဲလဲပြုမူခြင်း (Compulsion) မရှိတဲ့ OCD ရောဂါအတွက် ကုသနည်းတစ်မျိုးကို အတွေးရပ်ပစ်လေ့ကျင့်ခန်း (Thought Stopping)လို့ခေါ်တယ်။ အဲဒီနည်းက ဒီလိုပါ။ OCD အတွေးတစ်ခု ဒါမှမဟုတ် စိတ်ဆန္ဒစေ့ဆော်မှု(ဖိနပ်ကိုနမ်းချင်စိတ်)ပေါ်လာရင် “ ရပ်လိုက်” လို့ ပါးစပ်က အော်ပြောရမယ်။ တစ်ချိန်တည်းမှာ လက်ကောက်ဝတ်မှာ ၀တ်ထားတဲ့ ရာဘာကွင်းကို ဆွဲဆန့်ပြီး ဖျတ်ခနဲရိုက်လိုက်ရတယ်။ အသားနာကျင်တာကြောင့် OCD အတွေး ခေတ္တပျောက်ကွယ်သွားလိမ့်မယ်။ အကျင့်ရလာရင် ရာဘာကွင်းမသုံးတော့ဘဲ OCD အတွေးပေါ်လာတိုင်း ရပ်လိုက်လို့ တိုးတိုးလေး ပြောလိုက်တာနဲ့ အတွေးရပ်သွားလိမ့်မယ်။ ပိုပြီး ကျင့်သားရလာရင် ပါးစပ်က မပြောဘဲ စိတ်ထဲမှာ ရပ်လိုက်လို့ အမိန့်ပေးလိုက်ရုံနဲ့ OCD အတွေးရပ်သွားတာ တွေ့ရမယ်။ ဒီလိုနည်းနဲ့ OCD အတွေး ဒါမှမဟုတ် စိတ်ဆန္ဒစေ့ဆော်မှုကို ထိန်းချုပ်နိုင်တယ်။ နည်းလမ်းမှန်ရမယ်။ ဇွဲရှိရှိနဲ့ လေ့ကျင့်ဖို့တော့ လိုအပ်ပါတယ်။

(မှတ်ချက်။ တစ်ယောက်တည်းထိုင်ပြီး မိန်းမဖိနပ်ကို စိုက်ကြည့်နေရင်၊ ဒါမှမဟုတ် တစ်ယောက်တည်း “ ရပ်လိုက်” ၊ “ ရပ်လိုက်” လို့ အကြိမ်ကြိမ် အော်ဟစ်နေရင် အိမ်သားတွေက စိတ်ဖောက်ပြန်သွားပြီလို့ အထင်မလွဲမိအောင် ကြိုတင်ဆွေးနွေးထားပေါ့)

(ဂ) သတိပဌာန်နဲ့ တရားထိုင်နည်းနဲ့ OCD စိတ်ကို ထိန်းချုပ်နိုင်တာလည်း ရှိပါတယ်။ တစ်စုံတစ်ခုကိုသာ အာရုံစိုက်ပြီး တရားထိုင်နေတဲ့အချိန်မှာ OCD အတွေးတွေက အနှောင့်အယှက်ပေးလိမ့်မယ်။ အဲဒါကို ရှိတယ်လို့ သိလိုက်။

Most Popular

Healthy Life Ad
To Top