Healthy Life Ad
Q & A

ကလေးများ ပြင်ပပစ္စည်း မျိုချလျှင်

—–၊ ပါမောက္ခဦးနေ၀င်း (အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—–

Q. ကလေးတွေရဲ့ ခန္ဓာကိုယ်ထဲ ပြင်ပပစ္စည်းဝင်တာနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။
NNW(FB)

A. များသောအားဖြင့် ကလေးတွေမှာ တစ်ခါတလေကျရင် ခန္ဓာကိုယ်ထဲကို မလိုလားဘဲနဲ့ ပစ္စည်းတွေ ရောက်တတ်ပါတယ်။ ကလေးအရွယ်တွေဟာ စူးစမ်းတတ်တဲ့ အရွယ်တွေဖြစ်တဲ့အတွက် ပစ္စည်းသေးသေးလေးတွေကို နှာခေါင်းထဲထည့်တယ်၊ နားရွက်ထဲထည့်တယ်၊ နောက်ပြီး ပါးစပ်ထဲထည့်ပြီး မျိုချတယ်. . အစရှိတာတွေ လုပ်တတ်ပါတယ်။ အရင်တုန်းကဆိုရင် အစေ့သေးသေးလေးတွေကို လျှောက်ထည့်တာ၊ မျိုချတာတွေ လုပ်တတ်ကြပါတယ်။ အခုခေတ်ဆိုရင်လည်း ဓာတ်ခဲသေးသေးလေးတွေ ထည့်တယ်၊ အကြွေစေ့လေးတွေကို မျိုချတာတွေ လုပ်တတ်ကြပါတယ်။

အများအားဖြင့် ပါးစပ်က မျိုချလိုက်တာက ပြဿနာသိပ်မပေးတတ်ပါဘူး။ ဒါပေမဲ့ အပ်တို့၊ ချိတ်တို့ကို မျိုချလိုက်ရင်တော့ ဗိုက်ထဲမှာ စူးတာ၊ ချိတ်မိတာ၊ ငြိတာတွေဖြစ်ပြီးတော့ ပြဿနာတွေပေးနိုင်ပါတယ်။ ဓာတ်ခဲသေးသေးလေးတွေကို မျိုချလိုက်တာမျိုးကလည်း သူ့ဘာသာ မျိုချလိုက်ပြီး ပြန်ထွက်သွားရင် ဘာပြဿနာမှ မရှိပါဘူး။ ဓာတ်ခဲက ပြန်မထွက်သေးဘဲ ဗိုက်ထဲမှာ ပေါက်သွားခဲ့ရင် ပြဿနာပေးနိုင်ပါတယ်။ ဓာတုပစ္စည်းတွေ ထွက်လာပြီး လူကို အဆိပ်အတောက် ဖြစ်တတ်ပါတယ်။

တစ်ခါတလေ တချို့ပြင်ပပစ္စည်းတွေကလည်း လည်ချောင်းထဲမှာ တစ်နေတာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ ပိတ်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီလို ပြင်ပပစ္စည်းဝင်တာမျိုးက အပေါကြီးတော့ မဟုတ်ပေမယ့် မကြာခဏ တွေ့ရတတ်ပါတယ်။ ဆရာဝန်က အရေးပေါ် အခြေအနေလား၊ အရေးပေါ်အခြေအနေ မဟုတ်ဘူးလားဆိုတဲ့ အချက်ကိုကြည့်ပြီး လိုအပ်သလို ကုသမှုပေးရပါတယ်။

ခန္ဓာကိုယ်ထဲ ပြင်ပပစ္စည်းတွေဝင်တာကို သိပြီးတဲ့အခါမှာ ပထမအချက်အနေနဲ့ ပြင်ပပစ္စည်းတိုင်းက ထုတ်ဖို့ မလိုဘူးဆိုတဲ့ ယူဆချက်ကို သိထားဖို့ လိုပါတယ်။ တချို့ပစ္စည်းတွေဆို ဆေးကုသမှုအတွက် တမင်ထည့်ထားတာတွေလည်း ရှိတဲ့အတွက် ဖြစ်ပါတယ်။ တချို့ပစ္စည်းတွေက ဘာမှပြဿနာ မပေးဘူးဆိုရင်လည်း ထုတ်ဖို့မလိုပါဘူး။ တချို့ကျတော့ လူနာကိုယ်တိုင်က အတင်းထုတ်ချင်လို့ လာပြောတာလည်း ရှိပါတယ်။ အဲဒါမျိုးမှာလည်း လူနာက ထုတ်ချင်နေတဲ့အတွက် ထုတ်ပေးရပါတော့တယ်။

တကယ်တော့ ပြင်ပပစ္စည်းကို ထုတ်ပေးရတာက အင်မတန်ခက်ပါတယ်။ ဆရာတို့က ပြင်ပပစ္စည်းတစ်ခုခုကို ထုတ်ပေးတော့မယ်ဆိုရင် လွယ်လွယ်ကူကူ မတွေးရဘူး။ ပေါ့ပေါ့တန်တန် မတွေးရပါဘူး။ လွယ်လွယ်နဲ့တွေးပြီး ထုတ်လိုက်ရင် ထုတ်လို့မရဘဲ နာမည်ပျက်သွားနိုင်ပါတယ်။ ဥပမာပြောရရင် လက်တွေနဲ့ ခြေထောက်တွေမှာ အပ်တွေဝင်သွားတယ်။ စမ်းကြည့်လိုက်တော့လည်း စမ်းလို့ရနေပါသေးတယ်။ အဲဒါနဲ့ လွယ်ပါတယ်၊ ထုံဆေးလေးပေးပြီး ခွဲထုတ်လိုက်ရင် ရပါတယ်လို့ထင်နေကြတယ်။ ထုံဆေးထိုးလိုက်တာနဲ့ အဲဒီပစ္စည်းက ပျောက်သွားပြီး ရှာလို့မရတာမျိုးတွေ ရှိပါတယ်။ ဒါတွေက အရေးပေါ်လုပ်ရတဲ့ အခြေအနေတွေလည်း မဟုတ်ဘူးဆိုတာ ဆရာဝန်တွေအနေနဲ့ သိထားဖို့လည်း လိုပါတယ်။

လူနာက ချက်ချင်းဖြစ်တာနဲ့ ရောက်လာပြီးလောတော့ ဆရာဝန်ကပါ လောပြီး ချက်ချင်းထလုပ်ရင် အဆင်မပြေတာတွေ ကြုံသွားတတ်ပါတယ်။ ရုပ်ရှင်တွေထဲမှာ ဇာတ်လိုက်တွေ ကျည်ဆံထိသွားတဲ့အခါမျိုးမှာ အရက်တွေသောက်ပြီး ကိုယ့်ဘာသာကိုယ် ချက်ချင်းထုတ်လိုက်ပြီး အသက်ရှင်သွားတယ် ဆိုတာမျိုးက ရုပ်ရှင်ထဲမှာပဲရတာပါ။ အပြင်မှာတော့ ဒီလိုထုတ်လို့ မရနိုင်ဘူးလို့ပဲ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top