Healthy Life Ad
Life Style

ဆယ်ကျော်သက်ထိန်းကျောင်းမှုနဲ့ ပတ်သက်ပြီး မိဘတိုင်း သိမှတ်ဖွယ်ရာ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဒီနေ့ခေတ်မှာ အရက်၊ ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေးဝါး၊ အပျော်အပါး၊ ဂိမ်းအလွန်အကျွံဆော့ခြင်း စသဖြင့် စုံလင်တဲ့ မကောင်းတဲ့ဆွဲဆောင်မှုတွေ ရှိနေတာကို ဆယ်ကျော်သက်မိဘတွေ အထူးသတိထားရပါမယ်။ ဆယ်ကျော်သက်တွေအတွက် လူ့အဖွဲ့အစည်းထဲ ၀င်လာချိန်မှာ ဖိအားတွေကလည်း များလှတာကြောင့် မိဘတွေအနေနဲ့ အုပ်ထိန်းနည်းပုံစံ လွဲမှားမှုမဖြစ်အောင် သိထားသင့်တာတွေ ရှိနေပါတယ်။

(၁) နားလည်မှုပေးပါ

ကလေးဘ၀ကနေ ဆယ်ကျော်သက်အရွယ် ရောက်လာချိန်မှာ ဖိစီးမှုများတတ်တာကို နားလည်ပေးပါ။ ဒီအချိန်မှာ သူတို့ရင်ဖွင့်တာကို သေချာနားထောင်ပေးပြီး ကူညီဖြေရှင်းပေးဖို့ လိုပါတယ်။

(၂) အချိန်ပေးပါ

ဒီနေ့ခေတ် ဆယ်ကျော်သက်အရွယ် ကလေးအတွက် မိဘဆီက အလိုအပ်ဆုံးအရာက အချိန်ပါပဲ။ မိဘတွေ အလုပ်များတာကို နားလည်ပါတယ်။ ဒါပေမဲ့လည်း အားတဲ့အချိန်မှာ အဆင်ပြေရင် ပြေသလို သားသမီးအတွက် အချိန်ပေးပြီး စောင့်ရှောက်ပေးပါ။

(၃) သားသမီးကို တန်ဖိုးထားကြောင်း ပြပါ

သားသမီး ကျန်းမာရေးကောင်းသလား၊ အဆင်ပြေသလား၊ အရက်မူးလာသလား၊ ဆေးလိပ်နံ့စွဲနေပြီလား စသဖြင့် ဂရုစိုက်ပေးတာက သူတို့ကို တန်ဖိုးထားကြောင်း ပြသရာ ရောက်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေကို အခါအားလျော်စွာ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးအကြောင်း ပြောပြပေးပါ။

(၄) ပျော်စရာလုံခြုံသောအိမ် ဖန်တီးပါ

ဆယ်ကျော်သက်အရွယ်တွေအတွက် ပျော်စရာ လုံခြုံနွေးထွေး စိတ်ချရတဲ့ အိမ်ဖြစ်အောင် မိဘနှစ်ပါးစလုံးက ဖန်တီးပေးသင့်ပါတယ်။ အိမ်ပြန်လာရင် ယုယုယယ ကြိုဆိုနှုတ်ဆက်မယ့် မိဘတွေရှိတယ်ဆိုတဲ့ အသိဟာ ဆယ်ကျော်သက်တွေအတွက် သိပ်ကိုကြည်နူးစရာပါ။

(၅) သားသမီး၏ အိပ်မက်ကို အားပေးပါ

ဆယ်ကျော်သက်အရွယ်တွေမှာ အိပ်မက်ကိုယ်စီ ရှိကြပါတယ်။ ပန်းချီဆရာ၊ အဆိုတော်၊ စာရေးဆရာ၊ ဆရာဝန်၊ အင်ဂျင်နီယာ စသဖြင့် သူတို့အိပ်မက်နဲ့ မျှော်လင့်ချက်စိတ်ကူးတွေကို အားပေးပါ။

(၆) အကောင်းမြင်ပေးပါ

ဆယ်ကျော်သက်အရွယ်တွေကို ဘာလုပ်လုပ် အပြစ်မြင်တဲ့ မိဘမဖြစ်စေပါနဲ့။ တတ်နိုင်သမျှ အကောင်းမြင်ပြီး ကောင်းတဲ့လမ်းကြောင်းကိုရောက်အောင် တည့်မတ်သွန်သင်ပေးတဲ့ မိဘပဲဖြစ်ပါစေ။

(၇) စံနမူနာပြပေးပါ

ဆေးလိပ်သောက်တဲ့ မိဘရဲ့ သားသမီးက ဆေးလိပ်မသောက်တဲ့ မိဘရဲ့ သားသမီးထက် ဆေးလိပ်သောက်ဖို့ အခွင့်အလမ်းပိုများပါတယ်။ ဆယ်ကျော်သက်အရွယ် သားသမီးအတွက် မိဘက စံပြဖြစ်နေတာကြောင့် ကောင်းတဲ့အပြုအမူတွေနဲ့သာ နေထိုင်သင့်ပါတယ်။

(၈) အရိပ်အကဲနဲ့ အပြောင်းအလဲ အကဲခတ်ပါ

ဆယ်ကျော်သက်အရွယ် သားသမီးက ရုတ်တရက်ပိန်သွားသလား၊ အရက်မူးပြီး အိမ်ပြန်လာတာမျိုးရှိသလား၊ အချိန်တိုင်း ပုံမှန်မဟုတ်ဘဲ ပျော်ရွှင်မြူးထူးနေသလား၊ တစ်နေ့လုံး ဂိမ်းကစားနေသလား စတဲ့ အပြောင်းအလဲကို အကဲခတ်ပေးပါ။

(၉) စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ပါ

ဆယ်ကျော်သက်အရွယ်ဟာ စိတ်ခံစားမှု အတက်အကျမြန်လွန်းတဲ့ အရွယ်ဖြစ်ပေမယ့် ပုံမှန်ထက်လွန်ကဲပြီး စိတ်ဓာတ်ကျနေတာ၊ စိတ်တက်ကြွလွန်းနေတာ၊ မှိုင်တွေနေတာတွေ ရှိ၊ မရှိ ဆန်းစစ်ပါ။ ဒီလိုစိတ်ခံစားမှုတွေ ရှိနေရင် စိတ်ပညာရှင်တွေနဲ့ ဆွေးနွေးဖို့ ခေါ်သွားသင့်ပါတယ်။

(၁၀) ဆရာ၊ ဆရာမတွေနဲ့ တွေ့ဆုံပါ

ဆယ်ကျော်သက်အရွယ်မှာ ကျောင်းမှန်မှန်တက်ရဲ့လား၊ စာလိုက်နိုင်ရဲ့လား စတာတွေကိုသိဖို့ သူရဲ့ဆရာ၊ ဆရာမတွေနဲ့ မကြာခဏ တွေ့ဆုံပြီး မေးမြန်းစုံစမ်းသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top