Healthy Life Ad
Health Tips

ကျန်းမာအောင်နေထိုင်ခြင်းဖြင့် မကူးစက်နိုင်သော ရောဂါများကို ကာကွယ်ပါ

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. မကူးစက်နိုင်တဲ့ ရောဂါတွေဆိုတာ ဘယ်လိုရောဂါတွေ ပါဝင်ပါသလဲ ဆရာ။

A. မြန်မာနိုင်ငံမှာ ကူးစက်တတ်တဲ့ ရောဂါတွေသာမက မကူးစက်တတ်တဲ့ ရောဂါတွေလည်း များနေပါတယ်။ မကူးစက်တတ်တဲ့ ရောဂါတွေဆိုတာ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အ၀လွန်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း စတာတွေဖြစ်ပါတယ်။ မကူးစက်နိုင်တဲ့ ရောဂါဆိုတာ ရောဂါပိုးကြောင့် ဖြစ်တာမဟုတ်ဘဲ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို နေ့တိုင်းစားသောက်ခြင်း၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုပုံစံအတိုင်း နေထိုင်ခြင်းနဲ့ အဲဒီလို ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို ကြာရှည်စွာထိတွေ့ခြင်းကြောင့်ဖြစ်တဲ့ ရောဂါအစုအဝေးကို ဆိုလိုပါတယ်။ ကမ္ဘာပေါ်မှာ ကူးစက်ရောဂါဖြစ်နှုန်းက ၃၀ ရာခိုင်နှုန်းရှိပြီး မကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်နှုန်းက ၇၀ ရာခိုင်နှုန်း ရှိနေပါတယ်။

Q. မကူးစက်နိုင်တဲ့ ရောဂါတွေက ဘာကြောင့်ဖြစ်ရတာပါလဲ ဆရာ။

A. မကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်ရတာက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေစားခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း စတဲ့ အဓိကအကြောင်းရင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်ရင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ ကင်ဆာ၊ နာတာရှည်အဆုတ်ပွရောဂါ ဖြစ်နိုင်ပါတယ်။ အရက်အလွန်အကျွံ တာရှည်သောက်ရင် ကင်ဆာ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါတွေ ဖြစ်နိုင်သလို အသည်းအဆီဖုံးရောဂါကနေ ဆီးချိုသွေးချိုရောဂါအထိ ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ စားသောက်တာ၊ ကိုယ်လက်လှုပ်ရှားမှု မလုပ်တာတွေကြောင့် ကင်ဆာ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ စတာတွေ ဖြစ်နိုင်ပါတယ်။ အခုနောက်ပိုင်းမှာ ဆရာတို့အတွေ့အကြုံအရ ဆီးချိုဖြစ်သူတွေ၊ သွေးတိုးဖြစ်သူတွေ၊ ကင်ဆာဖြစ်သူတွေက ပိုများလာသလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အဖြစ်များလာတာကို တွေ့ရတယ်။ ဘာဖြစ်လို့ ပိုများလာရသလဲဆိုတော့ ကမ္ဘာ့ရွာဖြစ်လာလို့ပါ။ ကမ္ဘာ့ရွာဖြစ်လာတော့ အနောက်နိုင်ငံနဲ့ တခြားအာရှနိုင်ငံတွေက အစားအသောက်တွေဟာ မြန်မာနိုင်ငံကို ရောက်လာပါတယ်။

“ ဒီနေ့ ကွမ်းစားတာနဲ့ နောက်နေ့ကင်ဆာဖြစ်တာတော့ မဟုတ်ပါဘူး။ ဒီနေ့ ကွမ်းစားရင် နောက်နေ့မှာ ခံတွင်းကင်ဆာဖြစ်နိုင်တဲ့ ရာခိုင်နှုန်းတော့ မြင့်မားလာပါတယ်။ ၀ရင် မကူးစက်နိုင်တဲ့ ရောဂါဖြစ်နှုန်း မြင့်တက်လာတဲ့အတွက် ကိုယ်အလေးချိန်ကို လျှော့ချသင့်ပါတယ်” . . .

ဘယ်လိုအစားအသောက်တွေလဲဆိုတော့ ကိုရီးယားကင်၊ ယိုးဒယားကြော်၊ ကြက်ကြော်၊ အချိုရည်၊ ဟမ်ဘာဂါ၊ ဟော့ဒေါ့ စတာတွေ ၀င်လာတယ်၊ ပြီးတော့ နံပါတ် (၂) အနေနဲ့ လူနေမှုပုံစံ ကူးစက်လာတယ်၊ ကိုရီးယားမိန်းကလေးတွေဆို ဂျူသောက်တယ်၊ အနောက်နိုင်ငံက မိန်းကလေးတွေ ၀ိုင်သောက်တယ်ဆိုတော့ လိုက်သောက်ကြတယ်။ ပြောရရင် မကောင်းတဲ့လူနေမှုပုံစံနဲ့ အစားအသောက်ပုံစံတွေ ကူးလူးယှက်နွယ်လာတော့ ကူးစက်မဟုတ်တဲ့ရောဂါတွေ ဖြစ်နှုန်းများလာတယ်။ နံပါတ် (၃) အနေနဲ့ စက်ရုံတွေများလာတော့ အဆုတ်ကျန်းမာရေးထိခိုက်ပြီး နာတာရှည်အဆုတ်ပွရောဂါဖြစ်နှုန်း များလာပါတယ်။

Q. မကူးစက်နိုင်တဲ့ ရောဂါတွေ မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

A. ဘာကြောင့်ဖြစ်သလဲဆိုတာ ရှာဖွေပြီး မဖြစ်အောင် ကာကွယ်ရပါမယ်။ ဘယ်လိုကာကွယ်မလဲဆိုတော့ ကျန်းမာအောင် နေထိုင်စားသောက်တဲ့နည်းနဲ့ ကာကွယ်ရပါမယ်။ ထိခိုက်ဒဏ်ရာမရအောင် ကိုယ်ရဲ့သွားလာလှုပ်ရှားမှုကို သတိနဲ့ ဂရုစိုက်ရပါမယ်။ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးကို ဆောင်ရွက်ရပါမယ်။ ဒီအထဲမှာ ကာကွယ်လို့ရတဲ့ ရောဂါတွေရှိသလို ကာကွယ်လို့မရတဲ့ ရောဂါတွေလည်း ရှိနေပါတယ်။ ဥပမာ သွေးတိုးရောဂါဆိုရင် အသက်ကြီးလေ သွေးတိုးဖို့ပိုများလေ။ အသက်ကြီးတာကိုတော့ ကာကွယ်လို့မရပါဘူး။ နောက်တစ်ခုက မျိုးရိုးဗီဇအရ အဖေမှာ ကင်ဆာဖြစ်တယ်၊ အမေမှာလည်း ကင်ဆာဖြစ်တယ်ဆိုရင် သားသမီးမှာလည်း ကင်ဆာဖြစ်နိုင်ခြေများတယ်။ ဒါက ဖျောက်လို့မရဘူး။ ဒီတော့ ကိုယ်လုပ်နိုင်တဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ ရှောင်ကြဉ်တာ၊ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ဆောင်တာ၊ ဆေးလိပ်၊ အရက်ရှောင်တာ စတာတွေကို လုပ်ဆောင်သင့်ပါတယ်။ အသက်ကြီးလာရင် အစားကို လျှော့စားပြီး ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသင့်ပါတယ်။ ဒီနေ့ ကွမ်းစားတာနဲ့ နောက်နေ့ ကင်ဆာဖြစ်တာတော့ မဟုတ်ပါဘူး။ ဒီနေ့ ကွမ်းစားရင် နောက်နေ့မှာ ခံတွင်းကင်ဆာဖြစ်နိုင်တဲ့ ရာခိုင်နှုန်းတော့ မြင့်မားလာပါတယ်။ ၀ရင် မကူးစက်နိုင်တဲ့ ရောဂါဖြစ်နှုန်း မြင့်တက်လာတဲ့အတွက် ကိုယ်အလေးချိန်ကို လျှော့ချသင့်ပါတယ်။ ဆီးချိုဖြစ်နှုန်းက တောနဲ့မြို့ယှဉ်ကြည့်ရင် မြို့နေလူထုမှာ ပိုအဖြစ်များပါတယ်။

Q. ကူးစက်မဟုတ်တဲ့ ရောဂါတွေ ကင်းဝေးဖို့ နေ့စဉ်လိုက်နာသင့်တဲ့ အမူအကျင့်တွေကို ပြောပြပေးပါ ဆရာ။

A. နေ့တိုင်း ရေများများသောက်မယ်၊ လေကောင်းလေသန့် ဂျင်များများရှူပေးမယ်၊ အသီးအရွက်/အသီးအနှံ များများစားမယ်၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်မယ်၊ အကောင်းမြင်ဝါဒ လက်ကိုင်ထားမယ်၊ ဆေးလိပ်၊ အရက်၊ ကွမ်းရှောင်မယ်၊ အချို၊ အဆီနဲ့ ဆားကိုလျှော့စားမယ်၊ စိတ်ဖိစီးမှုလျှော့ချမယ် .. ဒီလိုအမူအကျင့်တွေကို လိုက်နာမယ်ဆိုရင် မကူးစက်တတ်တဲ့ ရောဂါတွေဖြစ်နှုန်း လျော့ကျစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို ဒီနေ့ကစပြီး လိုက်နာကြပါလို့ အကြံပြုလိုပါတယ်။

Most Popular

Healthy Life Ad
To Top