Healthy Life Ad
Q & A

အိပ်ရာထဲ အကြာကြီးနေရင်း အဆစ်ခိုင်သွားခြင်း (Joint Contracture)

—–၊ ပါမောက္ခဦးနေ၀င်း (အရိုးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. အဆစ်ခိုင်တယ်၊ အဆစ်ကွေးတယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ ဆရာ။

A. အိပ်ရာထဲ အကြာကြီးနေနေရတဲ့ လူနာတွေ၊ အောက်ပိုင်းသေသွားတဲ့ လူနာတွေနဲ့ လေဖြတ်ထားတဲ့ လူနာတွေ . . သူတို့က ပုံမှန်မလှုပ်ရှားနိုင်လို့ အိပ်ရာထဲမှာ နားနေတဲ့အခါမှာ ခြေထောက်တွေ၊ လက်တွေကို ကွေးပြီး နားနေရာက ကြာလာတဲ့အခါ ခြေထောက်တွေ၊ လက်တွေက မဆန့်နိုင်တော့တဲ့ အခြေအနေကို Joint Contracture လို့ခေါ်ပါတယ်။

Q. ဒီလို ခြေထောက်တွေ၊ လက်တွေ မဆန့်နိုင်တော့ဘဲ ကွေးနေတာက အဆစ်တွေကွေးသွားလို့ ဖြစ်တာမျိုးလား ဆရာ။

A. အဆစ်က ကွေးသွားတာပါ။ အဆစ်တွေ ကွေးသွားအောင်ဆိုရင် ကြွက်သားတွေပေါ်မှာလည်း မူတည်နေပါတယ်။ တံတောင်ဆစ်ဆိုရင် ကွေးတဲ့ကြွက်သားက ပိုပြီးအားကောင်းပါတယ်။ ပေါင်တို့၊ ဒူးတို့ဆိုရင်လည်း ကွေးတဲ့ကြွက်သားက ပိုပြီးအားကောင်းတယ်။ အားကောင်းတဲ့ ကြွက်သားတွေက ဆွဲတော့ အချိန်ကြာလာတဲ့အခါ ကွေးသွားပါတယ်။ အဲဒီလိုပဲ ကြာတဲ့အခါ အဆစ်ကို ထိန်းထားတဲ့ အရွတ်တွေက ကျုံ့သွားပါတယ်။ အဲဒီလိုကျုံ့သွားပြီးရင် ပြန်ဆန့်လို့ မရတော့ပါဘူး။ နောက်ပိုင်းမှာ သွေးကြောတွေ၊ အာရုံကြောတွေပါ ကျုံ့သွားပါတယ်။ ဒီအခြေအနေမျိုးဆိုရင် ပြန်ဆန့်ဖို့က သိပ်ခက်သွားပါတယ်။

Q. အဲဒီလိုအဆစ်မခိုင်အောင် အိပ်ရာထဲလဲသွားတဲ့ သူတွေက ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။

A. လေဖြတ်ထားတဲ့သူ၊ အောက်ပိုင်းသေသွားတဲ့သူ၊ အကြောင်းကြောင်းကြောင့် အိပ်ရာထဲ လဲနေတဲ့သူတွေမှာ အဆစ်တွေ၊ ကြွက်သားတွေ ကွေးနေပြီဆိုရင် Physiotherapy လို့ခေါ်တဲ့ ပြန်လည်သန်စွမ်းရေးဆိုင်ရာ လေ့ကျင့်ခန်းတွေ လုပ်ပေးရပါတယ်။ တစ်နေ့အနည်းဆုံး နှစ်ကြိမ်၊ မနက်တစ်ကြိမ်-ညတစ်ကြိမ် လှုပ်ရှားမှုလုပ်ပေးရပါတယ်။ အဲဒီလိုပုံ မှန်လှုပ်ရှားမှု မလုပ်ပေးရင် ပုံပျက်တာ(Deformity) ရသွားတတ်ပါတယ်။ ဒီလိုမဖြစ်အောင် လက်တွေ၊ ခြေတွေကို ဆန့်ထားရပါတယ်။

“ အိပ်ရာထဲလှဲပြီး လှုပ်ရှားမှုမရှိဘဲ ကွေးကွေးလေးနေရင် ရက်ပိုင်းအတွင်းမှာတောင် အဆစ်တွေ ခိုင်သွားနိုင်ပါတယ်။ အရင်ကတည်းက လူတွေရဲ့ သဘောသဘာဝက မိုးလင်းလာရင် အစာစားပြီး အမဲလိုက်တာမျိုး လှုပ်ရှားရတယ်။ ညဘက်မှောင်လာရင် အိပ်ရာဝင်ရတယ်။ ဒါက လူ့သဘာဝပါပဲ။ ဒီလိုနေမှသာ ကျန်းမာပါတယ်။ ဒီလိုမဟုတ်ဘဲ” . . .

Q. အဆစ်တွေ ခိုင်နေ၊ ကွေးနေတဲ့ အနေအထားက ကြာပြီဆိုရင်ကော ပုံမှန်အတိုင်း ပြန်ကောင်းအောင် လုပ်ဆောင်နိုင်ပါသလားဆရာ။

A. အဆစ်တွေ ခိုင်နေ၊ ကွေးနေတဲ့ အနေအထားက ၁၀ နှစ်- ၁၅ နှစ်လောက် ကြာနေပြီဆိုရင် ပြန်ကောင်းအောင် လုပ်ဖို့က အချိန်အများကြီး ပေးရတယ်။ ငွေကုန်ကြေးကျများပါတယ်။ ကုသရတာလည်း အင်မတန် ခက်ခဲပါတယ်။ အဆစ်တွေ ပုံမှန်ပြန်ဖြစ်ဖို့ ခွဲစိတ်ကုသရတယ်။ အဲဒီအခါ အထဲက သွေးကြောတွေ၊ အာရုံကြောတွေကလည်း ကမောက်ကမဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ လူနာကလည်း တကယ်လုပ်ချင်တဲ့ အာသိသရှိဖို့ လိုပါတယ်။ တဖြည်းဖြည်း အဆင့်အလိုက် ကုသရပါတယ်။ တချို့လူနာတွေဆိုရင် ပုံပျက်နေတဲ့ အရိုးတွေကို ခွဲစိတ်ဖြတ်တောက်ရတာမျိုးတွေလည်း ရှိပါတယ်။

Q. အကြောင်းကြောင်းကြောင့် အိပ်ရာထဲ လှဲနေရတဲ့ လူနာတွေအနေနဲ့ အဆစ်တွေခိုင်မသွားအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ ဆရာ။

A. အောက်ပိုင်းသေတဲ့အခါ၊ လေဖြတ်ထားတဲ့အခါ အိပ်ရာထဲလှဲနေရင်း အနေအထားတစ်မျိုးတည်းနဲ့ နေရာက အဆစ်တွေ ခိုင်သွားတတ်ပါတယ်။ အဲဒီလို မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် ကွေးနေတဲ့ အနေအထားမျိုးနဲ့ အကြာကြီးမနေသင့်ပါဘူး။ ခြေဆန့်၊ လက်ဆန့်လုပ်ပေးသင့်ပါတယ်။ ကိုယ်ခန္ဓာကို လှုပ်လှုပ်ရှားရှား နေပေးသင့်ပါတယ်။

Q. အိပ်ရာထဲလှဲနေရတဲ့ လူနာတွေမှာ အချိန်ဘယ်လောက်အတွင်းမှာ အဆစ်တွေ ကွေးသွား၊ ခိုင်သွားတာမျိုး ဖြစ်တတ်ပါသလဲ ဆရာ။

A. သိပ်မကြာပါဘူး။ အိပ်ရာထဲလှဲပြီး လှုပ်ရှားမှုမရှိဘဲ ကွေးကွေးလေးနေရင် ရက်ပိုင်းအတွင်းမှာတောင် အဆစ်တွေ ခိုင်သွားနိုင်ပါတယ်။ အရင်ကတည်းက လူတွေရဲ့သဘောသဘာဝက မိုးလင်းလာရင် အစာစားပြီး အမဲလိုက်တာမျိုး လှုပ်ရှားရတယ်။ ညဘက်မှောင်လာရင် အိပ်ရာဝင်ရတယ်။ ဒါက လူ့သဘာဝပါပဲ။ ဒီလိုနေမှသာ ကျန်းမာပါတယ်။ ဒီလိုမဟုတ်ဘဲ အကြောင်းတစ်ခုခုကြောင့် နေ့ခင်းဘက်မှာလည်း အိပ်နေမယ်၊ ညဘက်မှာလည်း အိပ်နေမယ်ဆိုရင် ဒါက သဘာဝမဟုတ်တော့ပါဘူး။ ဒါဆိုရင် ကျန်းမာရေးပြဿနာတွေ ၀င်လာနိုင်ပါတယ်။ တချို့လူတွေမှာဆိုရင် အရိုးကျိုးလို့ ဘာမှမဖြစ်ပေမယ့် အိပ်ရာထဲ လှဲနေရတာကြာပြီး မလှုပ်နိုင်၊ မရှားနိုင် ဖြစ်နေတာကြောင့် တခြားကျန်းမာရေးပြဿနာတွေ ၀င်လာနိုင်ပါတယ်။ ဥပမာ-အသက်ကြီးတဲ့သူတွေ ပေါင်အဆစ်ရိုးတွေ ကျိုးပြီဆိုရင် တင်ပါးမှာ အနာဖြစ်တာ၊ နောက်ကျောတွေမှာ အနာဖြစ်တာ၊ ဆီးပိုးဝင်တာ၊ ကြွက်သားတွေ သိမ်လာတာ၊ ဆိုင်းလာတာ၊ အဆစ်တွေကွေးလာတာ၊ အိပ်ရာထဲမှာ ငြိမ်နေတာကြာလာလို့ သွေးခဲပြီး ခြေထောက်တွေ ရောင်ကိုင်းလာတာ စတဲ့ ပြဿနာတွေ ၀င်လာတတ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲ လှဲနေရပြီဆိုရင် တတ်နိုင်သမျှ မြန်မြန်ကုပြီး မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာ စတဲ့ လှုပ်ရှားမှုတွေကို လုပ်ပေးမှ အကောင်းဆုံးရလဒ်ကို ရရှိမှာ ဖြစ်ပါတယ်။ ဘယ်အရိုးပဲကျိုးကျိုး မြန်မြန်ထိုင်၊ မြန်မြန်ထပြီး မြန်မြန်လမ်းလျှောက်ပေးမယ်ဆိုရင် အကောင်းဆုံးရလဒ်ကို ရရှိမှာပါ။

Q. အဆစ်တွေကွေးသွားရင် အရိုးတွေကို ဘယ်လိုထိခိုက်မှုတွေ ဖြစ်နိုင်ပါသလဲ ဆရာ။

A. လူတစ်ယောက်က အိပ်ရာထဲမှာ လဲနေရင် ခြေထောက်က မထောက်နိုင်တော့ အရိုးတွေထဲမှာ ဖိအားပေးတဲ့ သဘောရှိလို့ အရိုးတွေက ပါးလာတတ်ပါတယ်။ အဲဒါကို Disused Atrophy လို့ခေါ်ပါတယ်။ ဒီလိုဖြစ်ရင် အရိုးတွေပါးတာ (Osteopenia)အပြင် ကြွက်သားတွေပါးတာ (Sarcopenia)လည်း ဖြစ်လာတတ်ပါတယ်။ ဒါတွေအားလုံးက ဆက်စပ်နေပါတယ်။

Q. အကြောင်းအမျိုးမျိုးကြောင့် အိပ်ရာထဲလှဲနေရတဲ့ လူနာတွေအနေနဲ့ အဆစ်တွေကွေးမသွားအောင် အိပ်ရာထဲမှာ ဘယ်လိုနေသင့်ပါသလဲ ဆရာ။

A. လူနာတစ်ယောက်က အိပ်ရာထဲလဲနေရင် ခြေတွေ၊ လက်တွေ ဆန့်နေတဲ့ အနေအထားမျိုးနဲ့ နေရပါမယ်။ ပြီးရင် တတ်နိုင်သမျှ လက်လှုပ်ပေးတာ၊ ခြေထောက်လှုပ်ပေးတာ စတဲ့ လှုပ်ရှားမှုတွေကို လုပ်ပေးဖို့လိုပါတယ်။

Most Popular

Healthy Life Ad
To Top