Healthy Life Ad
Q & A

အသက်ကြီးသူတို့တွင် အဓိကဖြစ်တတ်သည့် မျက်စိခြောက်သွေ့ခြင်း (Dry Eye)

—၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. မျက်စိခြောက်သွေ့ခြင်းအကြောင်း ရှင်းပြပေးပါ ဆရာ။

A. မျက်စိခြောက်သွေ့တယ်ဆိုတာ မျက်စိက မျက်ရည်မထွက်နိုင်တဲ့ အခြေအနေမျိုးကို ခေါ်တာပါ။ မျက်စိမှာရှိတဲ့ အချွဲ(mucin) ထွက်တဲ့ Conjunctival Goblet Cells ရယ်၊ ရေထု (Aqueous Layer) ထွက်တဲ့ Lacrimal Gland ရယ်၊ အဆီ (Lipid Layer) ထွက်တဲ့ Meibomian Gland ရယ် သုံးခုပေါင်းပြီး မျက်ရည်ထွက်တယ်။ မျက်ကြည်လွှာပေါ်မှာ အချွဲ(mucin)က မျက်ကြည်လွှာနဲ့ မျက်ရည်ကပ်အောင် ဆောင်ရွက်ပေးထားတယ်။ ကပ်နေတယ်။ အဲဒါကို Precorneal Tear Film လို့ခေါ်တယ်။ အဲဒီ Film ရှိနေတဲ့အတွက် မျက်ကြည်လွှာက စွတ်စိုနေတယ်။ အဲဒီ Film နဲ့ မျက်ကြည်လွှာပေါင်းပြီး မှန်ဘီလူး (Lens) တစ်ခုဖြစ်လာတယ်။ အဲဒီအခါ ပုံရိပ်ရဲ့ ကြည်လင်ပြတ်သားမှုအား (Image Resolution)က ပိုကောင်းတယ်။ ဒါကြောင့် မျက်ရည်က မျက်ကြည်လွှာပေါ်မှာ ရှိနေတဲ့အခါ မျက်လုံးက နေလို့ပိုကောင်းတယ်။ ကြည့်ရတာ ကြည်လင်ပြတ်သားတယ်။

Q. မျက်ရည်ထဲမှာ ဘာပစ္စည်းတွေ ပါဝင်နေပါသလဲ ဆရာ။

A. မျက်ရည်ထဲမှာ Immunoglobulins နဲ့ ဘက်တီးရီးယားဆန့်ကျင်အင်ဇိုင်း (Antibacterial Enzymes) တွေ ပါဝင်ပါတယ်။

Q. မျက်ရည်မှာ တခြားဘာကောင်းကျိုး ရှိပါသလဲဆရာ။

A. မျက်လုံးထဲအမှိုက်ဝင်ရင် မျက်ရည်က ပိုကျတယ်။ ဖုန့်မှုန်တွေ အဝေးပြေးစေတယ်။ ဒါကြောင့် မျက်ရည်ရှိတာက မျက်လုံးထဲကို ပိုးမွှားဝင်ရောက်မှု နည်းစေတဲ့ ကောင်းကျိုးရှိတယ်။

“ အသက်ကြီးတဲ့သူနဲ့ ငယ်တဲ့သူယှဉ်ရင် အသက်ကြီးတဲ့သူတွေမှာ မျက်စိခြောက်သွေ့မှုနှုန်း ပိုများတယ်။ ဒါပေမဲ့ အသက်ကြီးလို့ ပိုဖြစ်တယ်ဆိုတာမျိုးတော့ အသေအချာပြောလို့ မရပါဘူး။”

Q. မျက်ရည်နည်းပြီး မျက်စိခြောက်သွေ့ရတာက ဘာကြောင့်ပါလဲ ဆရာ။

A. မျက်ရည်နည်းပြီး မျက်စိခြောက်သွေ့ရတာက အကြောင်းရင်းနှစ်မျိုးကြောင့်ဖြစ်တယ်။ တစ်မျိုးက ဘာအကြောင်းကြောင့်မှန်းမသိဘဲ မျက်စိခြောက်သွေ့တာ၊ Idiopathic လို့ခေါ်တယ်။ နောက်တစ်မျိုးက ရောဂါတစ်ခုခုကြောင့်ဖြစ်တာ၊ Secondary လို့ခေါ်တယ်။ ဥပမာ- အဆစ်အမြစ်ကိုက်တဲ့ရောဂါ၊ လေးဖက်နာရောဂါ (Rheumatic Disease) တွေမှာလည်း မျက်စိခြောက်သွေ့တတ်တယ်။ ပြီးရင် မျက်စိထဲထုံးဝင်ပြီးလောင်တဲ့ Lime burn ရောဂါသည်လေးတွေမှာလည်း မျက်စိခြောက်သွေ့တတ်တယ်။ ဘယ်လိုဖြစ်သလဲဆိုရင် မျက်စိက Conjunctival Goblet Cells တွေနည်းသွားပြီး မျက်ရည်နည်းသွားတာကြောင့်ပါ။

Q. မျက်ရည်နည်းပြီး မျက်စိခြောက်သွေ့တာကို ဘယ်လိုကုသလို့ ရပါသလဲ ဆရာ။

A. မျက်ရည်နည်းပြီး မျက်စိခြောက်သွေ့ရင် မျက်ရည်တု (Artificial Tears) ထည့်လို့ရပါတယ်။ ရာသက်ပန် အသုံးပြုရတတ်ပါတယ်။

Q. မျက်စိခြောက်ရင် မျက်ရည်တုကို တစ်နေ့ဘယ်နှကြိမ် ခတ်သင့်ပါသလဲ ဆရာ။

A. ဒါကတော့ မျက်စိခြောက်သွေ့မှုနှုန်းပေါ် မူတည်ပြီး တစ်နေ့ကို လေးကြိမ်ကနေ ၁၀ ကြိမ်-၁၂ ကြိမ်အထိ ခတ်ရသလို တချို့ဆိုရင် နာရီဝက်တစ်ခါလောက် ခတ်ရတာမျိုးတောင် ရှိပါတယ်။

Q. အသက်ကြီးတဲ့သူတွေမှာ မျက်စိခြောက်သွေ့မှု များတယ်ဆိုတာ မှန်ပါသလား ဆရာ။

A. အသက်ကြီးတဲ့သူနဲ့ ငယ်တဲ့သူယှဉ်ရင် အသက်ကြီးတဲ့သူတွေမှာ မျက်စိခြောက်သွေ့မှုနှုန်း ပိုများတယ်။ ဒါပေမဲ့ အသက်ကြီးလို့ ပိုဖြစ်တယ်ဆိုတာမျိုးတော့ အသေအချာပြောလို့ မရပါဘူး။

Q. မျက်ရည်မရှိဘဲ မျက်စိခြောက်ရင် ဘာဆက်ဖြစ်နိုင်ပါသလဲ ဆရာ။

A. မျက်ရည်မရှိဘဲ မျက်စိခြောက်ရင် ပုံရိပ်အမြင်က ကြည်လင်ပြတ်သားမှု မရှိဘူး။ ဒါ့အပြင် မျက်ရည်ထဲက ဘက်တီးရီးယားဆန့်ကျင်တဲ့ အင်ဇိုင်းတွေမရှိတော့ ရောဂါပိုးကျရောက်ဖို့ ပိုလွယ်တယ်။

Most Popular

Healthy Life Ad
To Top