Healthy Life Ad
Q & A

ကော်ဖီက ကောင်းတာလား၊ ဆိုးတာလား

—————၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—————-

Q. တချို့လူတွေက ကော်ဖီကောင်းတယ်၊ တချို့က မကောင်းဘူး စသဖြင့် အမျိုးမျိုးပြောနေကြတာကြောင့် ကော်ဖီနဲ့ပတ်သက်ပြီး ကျန်းမာရေး အကောင်း၊ အဆိုးကို တိတိကျကျ သိချင်ပါတယ်။

A. ကော်ဖီသီးသန့်က ကယ်လိုရီတော့မပါဘူး။ ကယ်လိုရီမပါတဲ့အတွက် ကော်ဖီသီးသန့်သောက်ရင် ဘာမှပြဿနာမရှိပါဘူး။ ဒါပေမဲ့ Expresso တို့လို ကော်ဖီခါးခါးကြီးတွေ သောက်တဲ့အခါ ကော်ဖီတစ်ခွက်မှာဆိုရင် ကဖင်းဓာတ်က ၉၄ မီလီဂရမ်ပါတယ်၊ လက်ဖက်ရည်တစ်ခွက်မှာဆိုရင် ကဖင်းက ၄၇ မီလီဂရမ်ပါတယ်။ လူတစ်ယောက်က ကဖင်းဓာတ်အနည်းဆုံး ၃၀ဝ-၂၀ဝ မီလီဂရမ်အောက်ပဲ သောက်သင့်ပါတယ်။ ဒါကြောင့် ကော်ဖီကို တစ်ရက်နှစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။ နှစ်ခွက်ထက်ပိုသောက်ရင် တချို့လူတွေမှာ ရင်တုန်တာတွေ၊ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

ပြောမယ်ဆိုရင် ကော်ဖီရဲ့ခံနိုင်အားက လူတစ်ယောက်ချင်းပေါ်မှာပဲ မူတည်ပါတယ်။ ဥပမာ တချို့လူတွေက ကော်ဖီဘယ်လောက်သောက်သောက် ညအိပ်မပျော်ဘူးဆိုတာ မရှိဘူး။ တချို့လူတွေကျတော့ ကော်ဖီလေးတစ်ခွက်သောက်လိုက်တာနဲ့ ညအိပ်မပျော်ဘူးဆိုတာ ရှိတယ်။ ဒါက ဘာပေါ်မှာမူတည်သလဲဆိုတော့ လူတစ်ယောက်ချင်းစီရဲ့ Nutrigenomic Gene အရ ဒီကဖင်းဓာတ်ကို ဘယ်လောက်အထိ တုံ့ပြန်နေသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် ကော်ဖီက ကိုယ့်အတွက် ကောင်းစေသလား၊ ဆိုးစေသလားဆိုတာ သိချင်ရင် Nutrigenomic Gene စစ်ကြည့်ရမယ်။ ဒီ Gene အရ ကော်ဖီကို သိပ်တုံ့ပြန်မှုမရှိဘူးဆိုရင် ကော်ဖီသောက်လို့ရတယ်၊ ကော်ဖီရဲ့ဘေးထွက်ဆိုးကျိုးတွေ မခံစားရသလောက်ပဲ။ နဂိုကမှ ကော်ဖီကို တုံ့ပြန်လွယ်ပြီး ကော်ဖီသောက်လိုက်တိုင်း ရင်တုန်တာ၊ အိပ်မပျော်တာတွေ ဖြစ်တယ်ဆိုရင်တော့ မသောက်သင့်ပါဘူး။

ယေဘုယျအားဖြင့်ပြောရရင်တော့ လူတစ်ယောက်က ကော်ဖီကို တစ်နေ့နှစ်ခွက်ပဲ သောက်သင့်ပါတယ်။ တချို့ကကျတော့ ကော်ဖီသောက်ပြီး ပိုဝတဲ့သူတွေရှိတယ်။ အဲဒါက ဘာလို့လဲဆိုတော့ ကော်ဖီထဲထည့်လိုက်တဲ့ နို့ဆီ၊ သကြားတွေကြောင့် ဖြစ်ပါတယ်။ ကော်ဖီထဲထည့်တဲ့ နို့ဆီ၊ သကြားတွေက များတယ်ဆိုရင် ဝစေသလို သွေးတွင်းသကြားဓာတ်ကိုပါ မြင့်တက်စေပါတယ်။ ဆီးချိုမဖြစ်အောင်၊ ဝိတ်ကျအောင်ဆိုပြီး ဘလက်ကော်ဖီကို သံပရာသီးညှစ်သောက်လို့လည်း ရပါတယ်။ ကော်ဖီကို ဘယ်လိုပုံစံမျိုးနဲ့ သောက်မှာလဲ၊ 3 in 1သောက်မှာလား၊ ကော်ဖီကို နှပ်ပြီးသောက်မှာလား စသဖြင့် ထည့်တွက်ဖို့လိုပါတယ်။

ကော်ဖီရဲ့ ကောင်းကျိုးလို့ပြောရရင်တော့ နာ့ဗ်ကြောကိုသွားပြီး လှုံ့ဆော်ပါတယ်။ ဒါကြောင့် မနက်ခင်း ကော်ဖီတစ်ခွက်သောက်ပြီး လူကလန်းဆန်းနေတာမျိုးရှိတယ်။ ကောင်းတယ်၊ မကောင်းဘူးဆိုတာ လူတစ်ယောက်ချင်းပေါ်မှာ မူတည်သလို ကိုယ်ဘယ်လောက်သောက်သလဲဆိုတဲ့ ပမာဏပေါ်မှာလည်း မူတည်နေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကော်ဖီကို တစ်နေ့နှစ်ခွက်လောက်ပဲ သောက်မယ်ဆိုရင် ကော်ဖီနဲ့တည့်တဲ့သူတွေမှာ ရပါတယ်။ ဆရာမကိုယ်တိုင်တောင် ညဘက်ကော်ဖီသောက်ရင် အိပ်မပျော်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကော်ဖီနဲ့မတည့်တဲ့သူတွေဆိုရင်တော့ ဆင်ခြင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top