Healthy Life Ad
Health Tips

ထိုင်းမှာအလုပ်လုပ်ရင်း ခံစားခဲ့ရတဲ့ ရင်သားကင်ဆာကို ကုသအနိုင်ယူထားသူ ဒေါ်နီလာသွင်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———-

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသူ ဒေါ်နီလာသွင်သည် ၂၀၁၅ ဖေဖော်ဝါရီလတွင် ညနေခင်း တီဗီအစီအစဉ်တစ်ခုကြည့်ရင်း ရင်သားကင်ဆာအကြောင်း ကျန်းမာရေးဗဟုသုတကို သိရှိပြီး “အမျိုးသမီးတိုင်း ကိုယ့်ရင်သားကို စမ်းသပ်သင့်သည်”ဆိုသော အသိဖြင့် စတင်စမ်းကြည့်မိခဲ့သည်။

“အဲဒီနေ့ ရင်သားကို စမ်းလိုက်တော့ ဘယ်ဘက်ရင်သားမှာ အလုံးအကျိတ်လိုလို စမ်းမိတယ်။ စူထွက်နေတဲ့အကျိတ်မဟုတ်ဘူး၊ ပကတိအရေပြားမှာပဲ စမ်းကြည့်မှ ခဲနေတာကို တွေ့ရတာ၊ နာလည်းမနာဘူး။ အမျိုးသားကိုပြောပြတော့ သူက “မိန်းကလေးဆိုတာ ရင်သားက အရေးကြီးတယ်၊ ဆေးရုံသွားပြီး စစ်ဆေးကြည့်ရအောင်၊ မစစ်လို့တော့မရဘူး”ဆိုပြီး ပြောတယ်။ ထိုင်းမှာအလုပ်လုပ်ရင်း အသက်အာမခံကြေး၊ ကျန်းမာရေးအာမခံကြေးတွေ ထည့်ထားတော့ ပိုက်ဆံလည်းမကုန်ဘူးလေ။ အဲဒါနဲ့ သွားစစ်လိုက်တယ်။ ဆရာဝန်က စမ်းသပ်စစ်ဆေးပြီး တစ်ပတ်အကြာမှာ ကင်ဆာလက္ခဏာဖြစ်နေပြီ၊ အလုံးတစ်ခုတည်း ခွဲထုတ်လို့မရဘူး၊ ရင်သားကို ဖြတ်ပစ်ရမယ်လို့ပြောတယ်”

ရင်သားကင်ဆာဟု သိသိချင်း ဒေါ်နီလာသွင်တစ်ယောက် စိတ်မကောင်းဖြစ်ကာ ၀မ်းနည်းစွာငိုကြွေးခဲ့သည်။

“ဒါပေမဲ့ ဆရာဝန်တွေက အရမ်းကိုကောင်းတယ်။ သေချာနှစ်သိမ့်ဆွေးနွေးပေးပြီး တရားချတယ်။ ခွဲထုတ်လိုက်ပါ၊ ဖြတ်ထုတ်လိုက်ရင် ကင်ဆာကို အဆင့်မမြင့်အောင် ကြိုတင်ကာကွယ်တာနဲ့ အတူတူပဲလို့ ပြောတယ်။ အဲဒါနဲ့ ခွဲထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်”ဟု ဒေါ်နီလာသွင်က ရင်သားကင်ဆာ ကုသမှုခရီးစဉ်အစကို ပြန်လည်ပြောပြခဲ့သည်။

“ဆရာဝန်က အမျိုးသားကိုပြောတယ်။ ကင်ဆာဖြစ်တဲ့သူကို စိတ်ချမ်းသာအောင် ထားပေးပါ၊ အားပေးစကား အမြဲပြောပေးပါလို့မှာတယ်။ အမျိုးသားကလည်း အမြဲတမ်း စိတ်ချမ်းသာတဲ့စကားကို ပြောပေးတယ်၊ ပြုစုပေးတယ်၊ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးတယ်” . . .

၂၀၁၅ မတ်လ ၆ ရက်နေ့တွင် ဘယ်ဘက်ရင်သားကို ဖြတ်ထုတ်ခဲ့ပြီးနောက် ရင်သားကင်ဆာအဆင့် (၁) ဟု သိရသဖြင့် ကင်ဆာဆေး ၆ ကြိမ် သွင်းခဲ့ရကြောင်း သိရသည်။ “အဲဒီအချိန်တုန်းက ထိုင်းမှာ လင်မယားနှစ်ယောက်လုံး အလုပ်လုပ်နေတာ ၁၉ နှစ်-နှစ် ၂၀ လောက်ရှိပြီလေ။ လခရတိုင်း ကျန်းမာရေးအာမခံကြေးသွင်းထားတော့ ဆေးကုတဲ့အခါ ဘာမှကုန်ကျစရိတ်မရှိဘူး။ ဘူထလန်ဆေးရုံမှာပြတယ်။ အဲဒီဆေးရုံက ဆရာဝန်တွေက ကျွမ်းကျင်တဲ့အပြင် ၀န်ဆောင်မှုလည်းကောင်းတယ်။ စားရေး၊ နေရေး၊ ပြုစုစောင့်ရှောက်မှု၊ စကားအပြောအဆို အကုန်လုံးကောင်းတော့ ကင်ဆာရောဂါသမားအတွက် တော်တော်စိတ်ချမ်းသာရတယ်။ ကင်ဆာသမားကို သူတို့အမြဲတမ်း အားပေးစကားပြောပေးတယ်၊ စိတ်ထားကောင်းတယ်။ ကင်ဆာဖြစ်ချိန်မှာ နိုင်ငံရပ်ခြားရောက်နေပေမယ့် စိတ်ချမ်းသာအောင် ထားပေးတယ်။ မနက်မိုးလင်းရင် ဆန်ပြုတ်၊ သစ်သီး စသဖြင့် တစ်နေကုန် ပုံမှန်ကျွေးပေးတယ်။ ဆေးရုံအခန်းက သန့်ပြန့်ပြီး နေ့တိုင်း အိပ်ရာခင်း၊ ခေါင်းအုံးစွပ်တွေ လာလဲပေးတယ်။ ကင်ဆာစသွင်းတဲ့အချိန်မှာ အစာသိပ်မ၀င်တော့ ဆန်ပြုတ်အရည်ကို သောက်ခဲ့တယ်။ နဂါးမောက်သီး၊ မင်းဂွတ်သီးတွေကို အဓိကစားခဲ့တယ်။ အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်တွေကို ဦးစားပေးစားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထိုင်းဆရာဝန်ကြီးက “အစားအသောက်မရှောင်နဲ့၊ အစုံစားလို့ရတယ်”လို့ ဆိုပေမယ့် ဆရာဝန်အငယ်တွေကတော့ “သန့်သန့်ရှင်းရှင်းစား၊ ချဉ်ဖတ်၊ ငပိတို့လိုအစာတွေ မစားနဲ့။ အပြင်စာကို တတ်နိုင်သမျှမစားရင် အကောင်းဆုံးပဲ။ ဟင်းသီးဟင်းရွက်တွေ စားမယ်ဆိုရင် ရေသုံးလေးထပ်ဆေးပြီးမှစား”လို့ မှာပါတယ်”

ရင်သားကင်ဆာဖြစ်ရခြင်းမှာ ကလေးမွေးသော်လည်း မိခင်နို့ချိုမတိုက်နိုင်ခဲ့ခြင်း၊ ကင်ဆာမျိုးရိုးရှိခြင်းနှင့် ညဘက်အိပ်ရေးပျက်သည်အထိ အလုပ်လုပ်ခဲ့ရခြင်းတို့ကြောင့်ဟု ဒေါ်နီလာသွင်က ထင်မြင်ယူဆထားသည်။

alignnone size-medium wp-image-55610

“ကလေးနှစ်ယောက်ရှိတယ်။ ကလေးမွေးပေမယ့် ကလေးတွေကို နို့မတိုက်ဖြစ်ခဲ့ဘူး။ အလုပ်တစ်ဖက်နဲ့ဆိုတော့ မတိုက်နိုင်တာ။ အဲဒါလည်းပါမယ် ထင်တယ်။ နောက်တစ်ခုက အစ်မ၀မ်းကွဲတစ်ယောက်က ၁၉၉၁ ခုနှစ်မှာ ရင်သားကင်ဆာဖြစ်ပြီး ဆုံးသွားဖူးပါတယ်။ ပြောရရင် မျိုးရိုးလည်းရှိတာပေါ့။ ပြီးတော့ အလုပ်လုပ်ရတာ ညဆိုင်းတွေများတော့ အိပ်ရေးပျက်တယ်လေ။ ၇ နှစ်လောက်က ည ၈ နာရီကနေ မနက် ၈ နာရီအထိ အလုပ်လုပ်ခဲ့ရတာ။ ဒီတော့ ဟော်မုန်းဓာတ်တွေ မမှန်တော့ဘူးလေ။ အိပ်ရေးပျက်တာကလည်း ရင်သားကင်ဆာနဲ့ ဆက်စပ်တယ်လို့ထင်တယ်”

ရင်သားကင်ဆာကုပြီးနောက်တွင် ငါးနှစ်ဆေးကို ပုံမှန်သောက်နေသော ဒေါ်နီလာသွင်က ဘ၀နေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးနှင့်ညီညွတ်စေရန် တတ်နိုင်သမျှ ကြိုးစားလိုက်နာကြောင်း သိရသည်။ “၀က်သားဆိုရင် မစားတာများတယ်။ အလွန်ဆုံးမှ တစ်လတစ်ခါပဲ။ ငါးကို ဦးစားပေးစားဖြစ်ပါတယ်။ မုန်လာဥနီဖျော်သောက်တယ်၊ မြင်းခွာရွက်ကြိတ်သောက်တယ်၊ ရဲယိုသီးစားတယ်၊ ရဲယိုရွက်စားဖြစ်တယ်။

ထိုင်းမှာနေတုန်းက အသက်ရှူကျပ်ပြီး ကျန်းမာရေးသိပ်မကောင်းချင်ဘူး။ ညသန်းခေါင်ကျော်ဆို အမောဖောက်၊ အသက်ရှူကျပ်ပြီး ဆေးရုံပြေးရတာ တစ်နှစ်ဆို နှစ်ခါ-သုံးခါလောက်ရှိတယ်။ ထိုင်းကနေပြန်လာပြီး မော်လမြိုင်မှာနေတာ လေးနှစ်ရှိပါပြီ။ ဒီအတောအတွင်း ကျန်းမာရေးကပိုကောင်းလာတယ်။ လေကောင်းလေသန့်ရလို့လား မသိဘူး။ အမျိုးသားကတော့ ထိုင်းမှာပဲ ဆက်အလုပ်လုပ်တယ်။ သောက်နေတဲ့ဆေးကိုလည်း သူပဲပို့ပေးနေပါတယ်။ ဆေးရုံကပြန်ပြဖို့ ရက်ချိန်းပေးထားတော့ ရက်ချိန်းရောက်ရင် သွားပြဖြစ်ပါတယ်။ နောက်ဆုံးပြခဲ့တဲ့အထိ ကျန်းမာရေးက ကောင်းနေပါတယ်။

“ထိုင်းမှာ လင်မယားနှစ်ယောက်လုံး အလုပ်လုပ်နေတာ ၁၉ နှစ်-နှစ် ၂၀ လောက်ရှိပြီလေ။ လခရတိုင်း ကျန်းမာရေးအာမခံကြေးသွင်းထားတော့ ဆေးကုတဲ့အခါ ဘာမှကုန်ကျစရိတ် မရှိဘူး။ ဘူထလန်ဆေးရုံမှာပြတယ်။ အဲဒီဆေးရုံက ဆရာဝန်တွေက ကျွမ်းကျင်တဲ့အပြင် ၀န်ဆောင်မှုလည်းကောင်းတယ်။ စားရေး၊ နေရေး၊ ပြုစုစောင့်ရှောက်မှု၊ စကားအပြောအဆို အကုန်လုံးကောင်းတော့ ကင်ဆာရောဂါသမားအတွက် တော်တော်စိတ်ချမ်းသာရတယ်” . . .

ထိုင်းကဆရာဝန်တွေကတော့ ကင်ဆာဖြစ်ထားသူတွေအနေနဲ့ တတ်နိုင်သမျှ စိတ်ပင်ပန်းလူပင်ပန်းတဲ့ အလုပ်ဆို ဘာအလုပ်မှ မလုပ်တာကောင်းတယ်၊ ရင်သားဖြတ်ပြီးတာနဲ့ တစ်ကီလိုလောက်ရှိတဲ့ အလေးအပင်တောင် မပေးမပါနဲ့လို့ မှာတယ်။ ပြီးတော့ လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်ခိုင်းပါတယ်” ရင်သားမခွဲစိတ်မီ တစ်လအလိုကတည်းက သင်ပေးသည့် လေ့ကျင့်ခန်းသုံးမျိုးကို နေ့စဉ်မှန်မှန် ပြုလုပ်ခိုင်းရာ နည်းလမ်း(၁) အနေဖြင့် အိပ်ရာထက်တွင် လှဲလျောင်းပြီး လက်မောင်းကို ဦးခေါင်းအထက်သို့ ဆန့်ထုတ်ခြင်း(အကြိမ် ၂၀)၊ နည်းလမ်း (၂) လက်မောင်းကို ခန္ဓာကိုယ်ဘေးချပြီး ဦးခေါင်းပေါ်သို့ လက်ယှက်ကာ နားရွက်ကိုထိပေးခြင်း(အကြိမ် ၂၀)၊ နည်းလမ်း(၃) လက်ကို လေးထောင့်ကျကျထားပြီး ကြမ်းပြင်နှင့် ခွာလိုက်၊ ချလိုက်လုပ်ခြင်း(အကြိမ် ၂၀)တို့ကို တစ်နေ့သုံးကြိမ် ပြုလုပ်ခဲ့သဖြင့် လက်လှုပ်ရှားမှုမှာ ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ကြောင်း ဒေါ်နီလာသွင်က ဆိုသည်။

alignnone size-medium wp-image-55611

“ကင်ဆာစဖြစ်တော့ ဆရာဝန်က အမျိုးသားကိုပြောတယ်။ ကင်ဆာဖြစ်တဲ့သူကို စိတ်ချမ်းသာအောင်ထားပေးပါ၊ အားပေးစကား အမြဲပြောပေးပါလို့မှာတယ်။ အမျိုးသားကလည်း အမြဲတမ်း စိတ်ချမ်းသာတဲ့ စကားကိုပြောပေးတယ်၊ ပြုစုပေးတယ်၊ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးတယ်။ ပြောရရင် ခင်ပွန်းကောင်းတစ်ယောက်ပါပဲ။ အခုဆိုလည်း ထိုင်းမှာဆက်အလုပ်လုပ်ပြီး အစ်မဆီ လိုအပ်တဲ့ဆေးတွေ ပို့ပေးပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်”ဟု ဒေါ်နီလာသွင်က ခင်ပွန်းဖြစ်သူ ဦးမြင့်ထွန်း၏ ကင်ဆာခရီးလမ်းအား ပံ့ပိုးကူညီခဲ့ပုံကိုလည်း ပြောပြခဲ့သည်။ ယခုအခါ အသက် ၄၈ နှစ်ရှိပြီဖြစ်သည့် ဒေါ်နီလာသွင်သည် သားသမီးနှစ်ဦးနှင့်အတူ မော်လမြိုင်တွင် ပျော်ရွှင်အေးချမ်းစွာ နေထိုင်လျက်ရှိသည်။

“ကင်ဆာရောဂါ ဖြစ်လာပြီဆိုရင် ဘာမှစိတ်မပူပါနဲ့။ အနာရှိရင် ဆေးရှိတယ်ဆိုသလို ရောဂါရှိရင် ဆေးကုလို့ရပါတယ်။ ကင်ဆာကုသကျော်လွှားနိုင်တယ်ဆိုတာ ကိုယ်ရဲ့စိတ်နေစိတ်ထားနဲ့လည်း အများကြီးဆိုင်ပါတယ်။ စိတ်ဓာတ်ကို မကျစေဘဲနဲ့ စိတ်ကိုအမြဲပျော်ရွှင်အောင်၊ တက်ကြွအောင် အမြဲတမ်းနေပေးဖို့ လိုပါတယ်။ ဘုရား၊ တရားကိုလည်း ဦးစားပေး လုပ်ပေးသင့်ပါတယ်။ ကိုယ်တတ်နိုင်တဲ့အချိန်မှာ ကောင်းတာလေးတွေကိုလုပ်ပြီး ဗဟုသုတရရှိစေမယ့် ကျန်းမာရေးစာပေတွေကို ဖတ်ရှုလေ့လာသင့်ပါတယ်။ ပြီးတော့ ကိုယ့်သူငယ်ချင်းတွေဆီ သွားတာ၊ ရယ်မောတာတွေ လုပ်ပေးသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲပျော်ရွှင်အောင်နေရင် ရောဂါကို အေးအေးဆေးဆေး ကျော်လွှားနိုင်စေပါတယ်။ စိတ်ဓာတ်ကျနေရင်တော့ ရောဂါက ပိုဆိုးသွားနိုင်ပါတယ်။ အစ်မကတော့ စိတ်ဓာတ်မြှင့်ပြီး အမြဲပျော်ရွှင်အောင်နေတယ်။ ဒါကြောင့် ကျန်းမာရေးက ကောင်းနေတာပါ”ဟု ဒေါ်နီလာသွင်က သူ့အတွေ့အကြုံကို အခြေခံ၍ အခြားကင်ဆာဝေဒနာရှင်များကို အားပေးစကားများ ပြောကြားလိုက်ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံများကို ဒေါ်နီလာသွင်၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

Most Popular

Healthy Life Ad
To Top