Healthy Life Ad
Health Tips

စာမေးပွဲဖိစီးမှုဒဏ်

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စာရေးသူရဲ့မိတ်ဆွေ ကိုတာက သြစတြေးလျနိုင်ငံ၊ ဂိုးကို့စ်ပင်လယ်ကမ်းခြေမြို့တော်ကို ပြောင်းရွှေ့သွားတာ မကြာသေးဘူး။ သူ့အိမ်ကို အလည်လာပါဦးဆိုလို့ တစ်နေ့မှာ စာရေးသူရောက်ရှိသွားပါတယ်။

“ခင်ဗျားအိမ်ကိုရှာရတာ မလွယ်ပါလားကိုတာ”

“ဂျီပီအက်စ်မသုံးဘူးလား”

“သုံးတာပါပဲ။ တစ်နေရာမှာ အကွေ့မှားသွားလို့ တစ်ပတ်လည်သွားတယ်။ ဒီနေ့ လမ်းပေါ်မှာ ကားတွေကလည်း အရမ်းကျပ်တာပဲ၊ ဘာကြောင့်လဲမသိဘူး”

“၁၂ တန်း (Year 12) စာမေးပွဲပြီးတဲ့ကျောင်းသားတွေ အပျော်ခရီးရောက်နေကြလို့ပါ။ (မှတ်ချက်- သြစတြေးလျနိုင်ငံမှာ ၁၂ တန်းစာမေးပွဲက တက္ကသိုလ်ဝင်သင်တန်းစာမေးပွဲ ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ ပျမ်းမျှအသက်က ၁၈ နှစ်ဖြစ်တယ်)။ တစ်နှစ်လုံး စာမေးပွဲဒဏ်ပိလို့ စိတ်တင်းကျပ်မှုကို ဖြေဖျောက်ဖို့ ပျော်ပွဲရွှင်ပွဲကျင်းပနေကြတယ်။ နှစ်တိုင်းဒီလိုပါပဲ”

စကားစပ်မိရာက သူ့တူတစ်ယောက်အကြောင်းကို ကိုတာက ဆက်လက်ပြောတယ်။

“ကျွန်တော့်တူတစ်ယောက်က ဒီနှစ် ၁၂ တန်းဖြေရမယ်။ မနေ့က သူ့မိဘတွေနဲ့တွေ့လို့ ပြောပြတာရှိတယ်။ သူတို့သားက စာကြိုးစားပါတယ်တဲ့။ ဒါပေမဲ့ ၁၁ တန်းတုန်းက ကြိုးစားသလောက် အရာမရောက်ဘူး။ သူတို့လိုချင်တဲ့ အဆင့်မရဘူး။ ဒီနှစ်မှာလည်း နှစ်စကတည်းက အနားမယူဘူး။ ညဘက်မှာ အိပ်မပျော်တာကို တွေ့ရှိလာရတယ်”

“ဖြစ်တတ်ပါတယ်ကိုတာ။ အရေးကြီးတဲ့ စာမေးပွဲအတွက် ပြင်ဆင်နေရတဲ့ ကျောင်းသားတွေထဲမှာ“စာမေးပွဲဖိစီးမှုဒဏ်”( Examination Stress) ခံစားရတာရှိပါတယ်”

“အဲဒီလိုကျောင်းသားတွေ ခင်ဗျားတို့ဆေးခန်းမှာ တွေ့ရသလား”

“စာမေးပွဲစိတ်ဖိစီးမှုဒဏ်ကြောင့် တဆင့်တက်ပြီး စိတ်ရောဂါခံစားရလို့ ကုသခံရတဲ့ ကျောင်းသားတော့ ရှိပါတယ်။ စိတ်ဖိစီးမှု (Stress) ကနေပြီး စိုးရိမ်စိတ်လွန်ကဲရောဂါ၊ ဗြုန်းကနဲ အကြောက်လွန်ရောဂါနဲ့ စိတ်ကျရောဂါ စတဲ့စိတ်ဝေဒနာမျိုး ဖြစ်ပွားတတ်ပါတယ်”

“စာမေးပွဲဖိစီးမှုဒဏ်က ကျောင်းသားတွေထဲမှာ ဖြစ်ပွားနှုန်းများလို့လား”

“မြီးကောင်ပေါက်အရွယ် ကျောင်းသား၊ ကျောင်းသူတွေထဲမှာ စာမေးပွဲဖိစီးမှုဒဏ် ခံစားရတာ ၂၄ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ စာတမ်းတစ်ခုမှာ တွေ့ရှိရတယ်”

“အရမ်းကြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ရင်တော့ ညကျရင် စောစောအိပ်ချင်လာလိမ့်မယ်။ အညောင်းပြေ၊ စိတ်ပြေလက်ပျောက် ပေါ့ပါးတဲ့လေ့ကျင့်ခန်းတစ်ခုခု ဆော့ကစားသင့်တယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ရင် မှတ်ဥာဏ်နဲ့သက်ဆိုင်တဲ့ ဦးနှောက်ပိုင်း ကြီးထွားလာနိုင်တယ်” . . .

“စာမေးပွဲဖိစီးမှုဒဏ် ခံစားလာရရင် ဘယ်လိုလက္ခဏာတွေ ရှိသလဲ”

“ခင်ဗျားတူတော်မောင်မှာလို အိပ်မပျော်ဖြစ်တတ်တာရှိမယ်။ တခြားလက္ခဏာတွေကိုလည်း တွေ့ရှိရမယ်။ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကတော့ ဘယ်ဘာသာရပ်ကစပြီး ဖတ်ရမယ်ဆိုတာ မဝေခွဲနိုင်ခြင်း၊ ကျောင်းစာတွေကို မနိုင်မနင်းဖြစ်နေသလို ခံစားရခြင်း၊ မိမိဖတ်ရှုနေတဲ့ သင်ခန်းစာမှာ အာရုံမစိုက်နိုင်ဘဲ တခြားသင်ခန်းစာတစ်ခုအတွက် စိုးရိမ်စိတ်ဖြစ်ပေါ်နေခြင်း၊ စိတ်ထွေပြားခြင်း၊ စိတ်ဓာတ်ကျခြင်း စတဲ့လက္ခဏာတွေပါ။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်လက္ခဏာတွေလည်း ဖြစ်ပွားနိုင်တယ်။ ကြွက်သားတင်းကျပ်နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ ၀မ်းဗိုက်ထဲမှာ မအီမသာဖြစ်ခြင်း၊ ခြေလက်ဂနာမငြိမ်ဖြစ်ခြင်း၊ အံသွားကြိတ်ခြင်း၊ လက်သည်းကိုက်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပါတယ်။ အပြုအမူပြောင်းလဲလာတာလည်း တွေ့ရှိရမယ်။ ဥပမာ-သူငယ်ချင်းတွေနဲ့ သွားလာလှုပ်ရှားမှု နည်းပါးလာခြင်း၊ စိတ်တိုလွယ်ခြင်း စသဖြင့်ပေါ့။ မလိမ္မာတဲ့ကလေးတွေက အရက်စမ်းသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးခြောက်ရှူခြင်း စတဲ့အပြုအမူဆိုးတွေကို စတင်ပြုမူလာတတ်ပါတယ်”

ကိုတာက သူ့တူဘက်ကို ဦးလှည့်ပြောတယ်။

“အေးဗျာ၊ သူ့မိဘတွေကို ခင်ဗျားပြောတဲ့လက္ခဏာတွေ ရှိ၊ မရှိ သတိထားကြည့်ဖို့ ပြောပြလိုက်မယ်။ ကျွန်တော့်တူက လိမ္မာတဲ့ကလေးတစ်ယောက်ပါ။ ရည်ရွယ်ချက်ကြီးမားတယ်။ သူ့မိဘတွေကလည်း သူတို့သားကို သိပ်ပြီးမျှော်လင့်ချက်ထားကြတယ်”

“စာမေးပွဲမှာ အမှတ်ကောင်းရဖို့ စိတ်လောနေရင် စာမေးပွဲဖိစီးမှုဒဏ် ခံစားရတတ်တယ်”

“အဲဒီလိုစိတ်ဓာတ်မမွေးရင် စာကြိုးစားချင်စိတ် မရှိဖြစ်နေမှာပေါ့ ကိုအုန်းကျော်”

“ခင်ဗျားပြောတာ တစ်ဝက်တော့မှန်ပါတယ်။ စိုးရိမ်စိတ်က တစ်စုံတစ်ခုကို ပြုမူဆောင်ရွက်ဖို့ တွန်းအားပေးတဲ့(လှုံ့ဆော်ပေးတဲ့) “စေ့ဆော်မှု”(Drive) ဖြစ်ပါတယ်။ ဒါပေမဲ့ စိုးရိမ်စိတ်များလွန်းရင်လည်း လိုရာခရီးကို ရောက်မှာမဟုတ်ဘူး။ စိုးရိမ်ပူပင်စိတ်က အတိုင်းအတာတစ်ခုအထိ လုပ်ငန်းအောင်မြင်မှုကို အားပေးတယ်။ ဒါပေမဲ့ စိုးရိမ်စိတ်လွန်ကဲလာရင် လုပ်ငန်းအောင်မြင်မှု ကျဆင်းလာတာကို တွေ့ရှိရတယ်။ ခပ်ရိုင်းရိုင်းစကားပုံနဲ့ ပြောရရင် လောဘကြီးရင် ဘာဖြစ်တတ်သလဲ”

“နားလည်ပါပြီ။ စိတ်လောလွန်းရင် တလွဲတချော်ဖြစ်တတ်တယ်ပေါ့။ ရည်ရွယ်ချက်ကြီးတဲ့ ကျောင်းသား၊ ကျောင်းသူတိုင်း စာမေးပွဲဖိစီးမှုဒဏ် မခံစားရဘူးမဟုတ်လား”

“မှန်ပါတယ်။ စာမေးပွဲဖိစီးမှုဒဏ် ဖြစ်ပွားစေတဲ့ အကြောင်းရင်း ၅ မျိုး ရှိပါတယ်။

(၁) ပတ်ဝန်းကျင်က ဖိအားပေးလွန်းခြင်း- ခင်ဗျားတူရဲ့ မိဘတွေက သူတို့သားကို စာမေးပွဲမှာ အမှတ်ကောင်းရရှိဖို့ တဖွဖွသတိပေးနေတာမျိုး။ တစ်ချိန်လုံး တိုက်တွန်းနှုန်းဆော်နေတာမျိုး မလုပ်သင့်ဘူး။ ကျောင်းဆရာ၊ ဆရာမတွေ၊ ပြိုင်ဘက်တွေကလည်း ဖိအားပေးနေတာ ရှိနိုင်တယ်။ ပညာသင်ထောက်ပံ့ကြေးရရှိမှ ဖြစ်မယ်ဆိုတဲ့ အခြေအနေမျိုးကြောင့်လည်း ဖိစီးမှုဒဏ်ရရှိနိုင်တယ်။

(၂) မိမိကိုယ်မိမိ ဖိအားပေးလွန်းခြင်း-မိမိစွမ်းဆောင်နိုင်တာထက်ပိုပြီး ရည်မှန်းချက်ထားလွန်ရင်လည်း ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးရာရောက်မယ်။ တချို့ကျောင်းသားတွေကတော့ သင်ခန်းစာကို လေ့လာပြီးပေမယ့် မပြည့်စုံသေးသလို၊ မလုံလောက်သေးသလို ထင်မှတ်နေမယ်။ အဆင်သင့်ဖြစ်ဖို့အချိန် မရှိတော့ဘူးလို့ ယူဆနေတတ်တယ်။ သင်ခန်းစာတစ်ခုကို နားမလည်နိုင်လို့ စိတ်ပူနေရတာလည်း ရှိတတ်တယ်။

(၃) အချင်းချင်း ယှဉ်ပြိုင်လိုစိတ် ပြင်းပြခြင်း- ပြိုင်ဘက်သူငယ်ချင်းကို အနိုင်ယူချင်စိတ်များနေရင်လည်း မလိုအပ်ဘဲ စိတ်ဖိစီးမှုခံစားရမယ်။ “ငါ့ထက် သူက ဘာများပိုပြီး သိသွားသလဲ”၊ “သူ့လောက် အမှတ်ကောင်းကောင်း မရရင် . .”စတဲ့ အတွေးတွေကြောင့် စိတ်မအေးနိုင်ဖြစ်နေမယ်။

(၄) ကြိုတင်ပြင်ဆင်မှုမရှိခြင်း- သင်ခန်းစာတစ်ခုချင်းကို နှစ်စကထဲက လေ့လာမှတ်သားမှုမရှိရင် စာမေးပွဲနီးလာလေ၊ ဖိစီးမှုများလာလေ ဖြစ်မယ်။ အနားရောက်မှ ဘယ်ကစရမယ်ဆိုတာ မသိဖြစ်လာမယ်။ မနိုင်မနင်းဖြစ်လာမယ်။

(၅) ပင်ကိုအားနည်းချက်ရှိခြင်း-တချို့ကျောင်းသားတွေကတော့ နဂိုကထဲက စိတ်ကျန်းမာရေး အားနည်းချက်ရှိနိုင်တယ်။ ဥပမာ-စိုးရိမ်စိတ်များတတ်ခြင်း၊ အခက်အခဲနဲ့ကြုံတွေ့လာရင် ညှိနှိုင်းဖြေရှင်းနိုင်မှု (Coping Skill)အားနည်းခြင်း၊ စီမံခန့်ခွဲတတ်တဲ့ စွမ်းရည်ချို့တဲ့ခြင်း၊ စည်းကမ်းကြီးလွန်း၊ အစွဲအလမ်းကြီးလွန်းတဲ့စိတ်ဓာတ်(Obsessional Traits) ရှိခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုနည်းပါးခြင်း စတဲ့အားနည်းချက်တွေ ဖြစ်တယ်။ အဲဒီလို ပင်ကိုအားနည်းချက်တွေရှိရင် စာမေးပွဲဖိစီးမှုဒဏ် ခံစားရဖို့ အလားအလာ ပိုမိုများပြားနိုင်တယ်”

ကိုတာက ကြားဖြတ်မေးပါတယ်။

“ဒီတော့ ကျွန်တော့်တူတော်မောင်ကို ဘယ်လိုအကြံပေးရမလဲ”

“ရှောင်သင့်တာ ရှောင်၊ ဆောင်သင့်တာ ဆောင် ထားခိုင်းပေါ့”

“စာဖတ်နည်းကို သင်ကြားပေးရမှာလား”

“သင်ခန်းစာတစ်ခုကို ဘယ်လိုလေ့လာသင်ကြားရမလဲဆိုတဲ့ အချက်ကိုတော့ ကျောင်းဆရာ၊ ဆရာမတွေက ပိုပြီးကျွမ်းကျင်မှာပါ။ ကျွန်တော်အသုံးပြုခဲ့တဲ့ စာဖတ်နည်းကိုတော့ ဝေမျှနိုင်ပါတယ်”

“ပြောပြပါ”

“သင်ခန်းစာတစ်ခုကို လေ့လာရင် သင်ခန်းစာတစ်ခုလုံးရဲ့ အနှစ်သာရကို ခြုံငုံနားလည်အောင် ကြိုးစားတယ်၊ အရေးကြီးတဲ့ အချက်အလက်တွေကို မှတ်စုရေးတယ်၊ အလွတ်ကျက်ဖို့လိုအပ်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တို့၊ ပုံသေကိန်းတို့ကို အလွတ်ကျက်တယ်။ သင်ခန်းစာနဲ့ပတ်သက်တဲ့ မေးခွန်းဟောင်းတွေကို စုဆောင်းတယ်။ အဲဒီမေးခွန်းတွေကို အလွတ်ဖြေကြည့်တယ်။ စာဖတ်ဖော်သူငယ်ချင်းတွေနဲ့ ဆွေးနွေးတယ်။ နားမလည်တာရှိရင် ဆရာ၊ ဆရာမကို မေးမြန်းတယ်”

“စိတ်ကျန်းမာရေးရှုထောင့်က ဘယ်လိုအကြံပေးမလဲ”

“အိပ်ရေး၀၀အိပ်ခိုင်း၊ တစ်ညအနည်းဆုံး ၆ နာရီအိပ်ဖို့ အချိန်ပေးသင့်တယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရင် ဖတ်ပြီးသားစာကို ပိုမိုမှတ်မိတယ်။ အိပ်ချင်စိတ်ပြေပျောက်အောင် ကော်ဖီသောက်တာ၊ ကဖင်းဓာတ်ပါတဲ့ ဖျော်ရည်သောက်တာမျိုးကို ရှောင်ကြဉ်သင့်တယ်။ ကဖင်းဓာတ်က စိုးရိမ်ပူပင်စိတ်ကို ပိုမိုတိုးပွားစေတယ်။ မအိပ်ချင်ဆေး၊ စိတ်ကြွဆေးကို အသုံးပြုတတ်တဲ့ ကျောင်းသားတွေ ရှိပါတယ်။ အဲဒီလိုဆေးမျိုးတွေက စိုးရိမ်ပူပင်စိတ် လွန်ကဲစေတယ်။ ဗြုန်းကနဲ အကြောက်လွန်ရောဂါ (Panic Attack) ဖြစ်ပေါ်စေတယ်။ ပိုပြီးဆိုးရင် စိတ္တဇရောဂါလက္ခဏာ ဖြစ်ပွားစေတယ်”

ကိုတာက ကြားဖြတ်မေးပါတယ်။

“ကျွန်တော့်တူကတော့ အိပ်မပျော်တာရှိနေတယ်။ အိပ်ဆေးသောက်သင့်လား”

“တတ်နိုင်ရင် အိပ်ဆေးသောက်တဲ့အကျင့်ကို ရှောင်ရမယ်။ အိပ်ဆေးသောက်တာများရင် မှတ်ဥာဏ်ကို ထိခိုက်နိုင်တယ်။ အိပ်စက်ခြင်းကို အားပေးတဲ့သဘာဝနည်းလမ်းတွေကို အကြံပေးပေါ့”

“ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ဆော့ခိုင်းရမှာပေါ့”

“မှန်ပါတယ်။ အရမ်းကြီးပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ရင်တော့ ညကျရင် စောစောအိပ်ချင်လာလိမ့်မယ်။ အညောင်းပြေ၊ စိတ်ပြေလက်ပျောက် ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတစ်ခုခု ဆော့ကစားသင့်တယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ရင် မှတ်ဥာဏ်နဲ့သက်ဆိုင်တဲ့ ဦးနှောက်ပိုင်း ကြီးထွားလာနိုင်တယ်”

ကိုတာက ကြားဖြတ်မေးပါတယ်။

“မှတ်ဥာဏ်ကောင်းတဲ့ အစားအစာရှိသလား”

“စာကျက်နေရလို့ ပင်ပန်းနေတဲ့ ဦးနှောက်ကလာပ်စည်းတွေ သန်မာဖို့ အာဟာရလိုအပ်ပါတယ်။ အသား၊ အသီးအရွက်၊ ဂျုံ၊ ဆန်စတဲ့ အစားအစာတွေကို သမမျှတအောင် စားသုံးရမယ်။ အာဟာရ ပိုမိုလုံလောက်အောင် ဗီတာမင်မျိုးစုံ၊ သတ္တုဓာတ်မျိုးစုံနဲ့ ငါးကြီးဆီ (အိုမီဂါ ၃ အဆီ)ပါတဲ့ ဆေးလုံးကို ဖြည့်စွက်စားသုံးသင့်တယ်။ မှတ်ဥာဏ်ကောင်းစေတယ်ဆိုပြီး အမွှန်းတင်ရောင်းချနေတဲ့ဆေးတွေ၊ သုတေသနပြုနေတဲ့ဆေးတွေ ရှိပါတယ်။ စာတမ်းတစ်ခုမှာ ဆေးအမျိုးပေါင်း ၁၅ မျိုးဖော်ပြထားတာ တွေ့ရတယ်။ အခုချိန်အထိ လုံလောက်တဲ့ အထောက်အထားမရှိသေးလို့ ခင်ဗျားတူတော်မောင်အတွက် ညွှန်ကြားမပေးချင်ဘူး။ ဒါပေမဲ့ ခင်ဗျားတူတော်မောင် အသုံးပြုနိုင်တဲ့ ဦးနှောက်အနားပေးနည်းတွေကို ပြောပြမယ်။ သင်ခန်းစာတစ်ခု လေ့လာကျက်မှတ်ပြီးတိုင်း ၁၀ မိနစ်လောက် အနားယူရမယ်။အဲဒီအချိန်မှာ သီချင်းနားထောင်၊ ကြွက်သားပြေလျော့နည်းလေ့ကျင့်၊ တရားထိုင်နည်းလေ့ကျင့်၊ တစ်ယောက်ယောက်ကို စိတ်ပျော်ရွှင်စရာ အကြောင်းအရာတွေကို ပြော၊ ၀ါသနာတစ်ခုခုကို လုပ်လိုက် . . စသဖြင့်ပေါ့ဗျာ”

Most Popular

Healthy Life Ad
To Top